အခွင့်အရေးဟူသည် တရားသဖြင့် ရသင့်ရထိုက်သော အကျိုးခံစားခွင့်ဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်းရှိ လူတစ်ဦးချင်းစီအား ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံအကြောင်းတရားလည်းဖြစ်သည်။ အခွင့်အရေးနှင့်အတူ တာဝန်ဝတ္တရားကလည်း ယှဉ်တွဲလျက်ရှိ နေရာအခွင့်အရေးတစ်ရပ်ကို ရယူသုံးစွဲပါက ယင်းနှင့်အတူ ရှိနေသည့် တာဝန်ကိုလည်း ထမ်းဆောင်ကြရမည်ဖြစ်သည်။ ဒီမို ကရေစီစနစ်တွင် နိုင်ငံသားများအတွက် အခွင့်အရေးများစွာတို့ကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရေးအတွက် ပြဋ္ဌာန်းထားရာ ယင်းအခွင့် အရေးများကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ကျင့်သုံးကြရမည်ဖြစ် သကဲ့သို့ပင် နိုင်ငံနှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်မှ နိုင်ငံသားကောင်း တာဝန် ကျေပွန်ကြမည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးချိန်မှ စပြီး လွတ်လပ်စွာ ရေးသားပုံနှိပ်ထုတ်ဝေခွင့်ကိုလည်း ဥပဒေနှင့်အညီ ခွင့်ပြုပေးခဲ့ခြင်းကြောင့် စာအုပ်ထုတ်ဝေမှု လုပ်ငန်းများမှာလည်း ကြီးမားသည့်အရွေ့ဖြစ်ပေါ်ခဲ့သည်။ တစ်ခေတ်တစ်ခါက စာပေမူဝါဒကြောင့် ထုတ်ဝေခွင့်မရခဲ့သည့် စာအုပ်များ ထွက်လာသလို စာအုပ်အဟောင်းများထဲမှ စာကောင်းပေကောင်း အမြောက်အမြားကိုလည်း ပြန်လည်ပုံနှိပ်ထုတ်ဝေလာကြခြင်းကြောင့် စာအုပ် အရောင်းဆိုင်များနှင့် ကုန်တိုက်ကြီးများ၏ စာအုပ်အရောင်းစင်များတွင် ဖတ်ချင်စဖွယ် စာအုပ်ကောင်းများကို အားပါးတရ တွေ့မြင်ကြရသည်။ ထို့အပြင် ကလောင်အသစ်များ၏ စာအုပ်အသစ်များ၊ ကိုယ်တိုင်ရေးနှင့် ဘာသာပြန်များ၊ သုတရသ အကြောင်းအရာစုံ၊ အရောင်အသွေးစုံ စာအုပ်များစွာတို့လည်း အပတ်စဉ်၊ လစဉ် အပြိုင်းအရိုင်း ပေါ်ထွက်လာကြသည်။ ဤသည်မှာ လွတ်လပ်စွာ ရေးသားပုံနှိပ် ထုတ်ဝေခွင့်ကြောင့် ဖြစ်ပေါ်လာရသည့် ရလဒ်ပင်ဖြစ်သည်။
သို့ရာတွင် မိမိတို့၏ အခွင့်အရေးကို လွတ်လပ်စွာ သုံးစွဲကြရာ၌ မြန်မာ့လူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းမှုကို မထိခိုက်စေရန်၊ တရားဥပဒေစိုးမိုးရေး မပျက်ပြားစေရန်၊ လူတစ်ဦးနှင့်တစ်ဦး၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ ကိုးကွယ်ရာဘာသာ တစ်ခုနှင့် တစ်ခုအကြား အမုန်းမပွားစေရန်၊ ယဉ်ကျေးမှုနှင့် ဟီရိဩတ္တပ္ပ တရားတို့ကို မထိပါးစေရန် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် အညီသာ ရေးသားပုံနှိပ်ထုတ်ဝေကြရမှာ ဖြစ်သည်။ အထူးသဖြင့် မိမိတို့နိုင်ငံ၏ ပစ္စက္ခကာလ ပကတိအခြေအနေများနှင့်အညီ နိုင်ငံအတွင်း အေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသား တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်ရေး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွားဘဝများ မြင့်မားရေး၊ နိုင်ငံသူ နိုင်ငံသားတို့၏ ယဉ်ကျေးမှုနှင့် စာရိတ္တမြှင့်တင်ရေး စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် သုတ ရသ စာကောင်းပေမွန်များ ထွက်ပေါ်လာစေရန် စာပေတာဝန် ကျေပွန်သင့်လှသည်။
မြန်မာလူမျိုးတို့မှာ စာပေကို လေးစားတန်ဖိုးထားကြသူများ ဖြစ်ကြသည့်အလျောက် စာပေတွင် မှတ်ဖွယ်မှတ်ရာ အလိမ္မာတို့သာ ပါရှိသည်ဟူ၍ ရှေးကပင်အယူရှိခဲ့ကြသည်။ သိမြင်ကင်းကွာ၊ မလိမ္မာသူတို့ပင်လျှင် စာပေစကားနေ့တိုင်းကြားက ထူးခြားလိမ္မာ ရှိလာစေသည်ဟူ၍လည်း ယုံကြည်ထားကြသူများဖြစ်ရာ စာပေ ရေးသားခြင်းနှင့် ပုံနှိပ်ထုတ်ဝေခြင်းတို့ဖြင့် မြန်မာ့လူ့အဖွဲ့အစည်း ဖွံ့ဖြိုးကြောင်း၊ တိုးတက်ကြောင်း၊ မြင့်မားကြောင်း စသည့် ကောင်းရာကောင်းကျိုးတို့ကို သယ်ပိုးနိုင်ပါစေကြောင်း။
မြန်မာ့အလင်း