ကျော်ကြားတဲ့ တေးသံရှင်တစ်ဦးဖြစ်သူ ရှာကီရာဟာ စပိန်မှာ အခွန်ပေးဆောင်ဖို့ရာ ပျက်ကွက်ခဲ့ကြောင်း သက်ဆိုင်ရာက စွပ်စွဲခဲ့တာဖြစ်ပါတယ်။ 

ကိုလံဘီယာလူမျိုး ပေါ့ပ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း အခွန် ပေါင် ၁၃ သန်း ပေးဆောင်ဖို့ရာ ပျက်ကွက်ခဲ့တာဖြစ်ကြောင်း စကိုင်းဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ 

ဒီလိုစွပ်စွဲခံခဲ့ရပြီးနောက်မှာတော့ ရှာကီရာရဲ့ကိုယ်စားလှယ်က ဒီစွပ်စွဲမှုတွေဟာ မမှန်ကန်ကြောင်း၊ အခွန်ရှောင် ခဲ့ခြင်းမရှိကြောင်း ပြန်လည်ငြင်းဆိုထားတယ်လို့လည်း သိရပါတယ်။ သက်ဆိုင်ရာရဲ့ ထုတ်ပြန်ပြောကြားချက် အရ ရှာကီရာဟာ စပိန်မှာ သူ့ရဲ့ချစ်သူ ဘောလုံးကြယ်ပွင့် ပီကေးနဲ့ အတူနေထိုင်စဉ်မှာပင် အခွန်ရှောင်လို တာကြောင့် သူ့ရဲ့နေရပ် လိပ်စာကို ဘဟားမားလို့သာ ဖော်ပြခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 

သူဟာ နိုင်ငံရပ်ခြားကို အလုပ်ကိစ္စနဲ့ သွားရောက်လေ့ရှိပေမယ့် အဲဒီနှစ်တွေမှာ စပိန်မှာသာ အများဆုံးနေထိုင် ခဲ့တာကြောင့် စပိန်နိုင်ငံကို အခွန်ပေးဆောင်ရမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ ရှာကီရာဟာ ၂၀၁၅ ခုနှစ်မှာတော့ စပိန်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

အေးပြည့်(ကြေးမုံ)