အခွန်ဥပဒေကြမ်း တစေ့တစောင်း

၂၆ ဖေဖော်ဝါရီ

 

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း ပေါ်ထွက်လာသည်ကို လေ့လာဖတ်ရှုလိုက်ရပါ၏။ ဒီမိုကရေစီ နိုင်ငံတစ်ခု ရှင်သန်တိုးတက်ဖွံ့ ဖြိုးရပ်တည်နိုင်ရန် အတွက်အခွန်အကောက် ကောက်ခံမှုစနစ်ကျ မှန်ကန်မှုသည် အလွန်အရေးကြီးပါသည်။ အခွန်အကောက် ကောက်ခံမှု စနစ်ကျနမှုဟူသည် ကောက်ခံသည့် ပုံစံနှင့် အခွန်အကောက်ဥပဒေ၊ အခွန်ပေးဆောင်မည့် အခွန်ထမ်း ပြည်သူတို့ အခွန်အကောက်ပေးဆောင်လိုအောင် အားပေးတိုက်တွန်းသည့် ပညာပေးလုပ်ငန်း၊ အခွန်တိမ်းရှောင်သူ စီးပွားရေးသမားများအတွက်ပြစ်ဒဏ် စသည်တို့နှင့်အတူ အခွန်ထမ်းသူတို့အတွက် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးသည့် အခွင့်အရေးအကျိုးစီးပွားစသည်တို့နှင့် ဆက်စပ်ပတ်သက်နေပါသည်။

 

 

ဒီမိုကရေစီအစိုးရတစ်ရပ်သည် ပြည်သူတို့၏ အကျိုးစီးပွားကိုသာ အဓိကထားရှေးရှုခြင်းဖြင့်၊ ပြည်သှူအကျိုးစီးပွားကိုသာ ဦးတည်ဆောင်ရွက်ခြင်းဖြင့် ပြည်သူတို့၏ ယုံကြည်မှုရရှိကာ ပြည်သှူအခွန်များကောက်ခံရရှိနိုင်မည်ဖြစ်၏။ သည်နေရာတွင် မတော်လောဘသမား စီးပွားရေးလုပ်ငန်းရှင်တို့၏ အခွန်ရှောင်တိမ်းမှုကိုလည်း ဥပဒေနှင့်အညီ ကြပ်ကြပ်မတ်မတ် ထိန်းကျောင်းရသည့်တာဝန်လည်း အစိုးရထံမှာရှိပါသည်။

 

 

ထို့ကြောင့်လည်း အခွန်အကောက်ဥပဒေကို အသေးစိတ် စဉ်းစားရေးဆွဲထုတ်ပြန်ရမည်ဖြစ်ပါ၏။ ယနေ့ ပြည်သှူအစိုးရသည် ခေတ်အဆက်ဆက်နှင့် နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရသော အဂတိ၊ လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် ယိုယွင်းနေသည့် အထွေထွေအခြေအနေအရပ်ရပ်ကြားတွင် နိုင်ငံပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေရ၏။ သည်လိုအတိတ်က ပြဿနာများကို ဖြေရှင်းရင်းအနာဂတ်အတွက်မူသစ်၊ စနစ်သစ်များကို အကောင်အထည်ဖော်ရာတွင် ဥပဒေများကိုပြင်ဆင်ရခြင်း၊ ပြဋ္ဌာန်းအတည်ပြုရခြင်းတို့သည်လည်း လွှတ်တော်များနှင့် အစိုးရ၏ အဓိကတာဝန်များထဲတွင် ပါဝင်နေပါ၏။ သည်တာဝန်များကို ဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ အတော်ပင်အသေးစိတ်အောင်သုံးသပ်ရင်း လျှော့ရတင်းရသည်များ၊ ညှိနှိုင်းရသည်များလည်းရှိသည့် အားလျော်စွာ ပြဿနာများကို ရေတိုဖြေရှင်းရခြင်းနှင့် ရေရှည်ဖြေရှင်းရသည်များလည်း ရှိနေပါသည်။

 

 

ယနေ့ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း ပေါ်ထွက်လာသည့်အခါတွင် ပြည်သူလူထုအကြားတွင် ရေတိုချုပ်ကိုင်မှုနှင့် ရေရှည်အထိန်းအကွပ်တို့ကို ရောထွေးရှုမြင်ပြီး မကျေနပ်မှုများ၊ အားမရမှုများရှိနေသည်ကို ကြားသိနေရပါသည်။ အထူးသဖြင့် ပုဒ်မ ၂၅ ကို ဖတ်ရှုပြီး ခရိုနီများကို အခွန်လျှော့ပေးသည်ဆိုပြီး မကျေနပ်မှု အတော်ပင် ပြင်းထန်ကြသည်ကို တွေ့ရပါသည်။ အမှန်မှာ အခွန်ရှောင် စီးပွားရေးသမားကြီးများအတွက် ပိုမိုတင်းကျပ်လာတော့မည့် အရိပ်အယောင်ဖြစ်ပါသည်။ ယခုကာလတိုတစ်ခုအတွက် လျှော့ပေါ့စဉ်းစားစီမံပေးထားသည်ကို မလိုက်နာပါက ဥပဒေအရ အရေးယူဆောင်ရွက်တော့မည့် သဘောမျိုးဟု နားလည်မိပါသည်။

 

 

ဥပဒေတွင် ဖော်ပြထားချက်အရ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသား၏ ပြည်ပမှ ဝင်ငွေရလဒ်တစ်ခုခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့သော ဝင်ငွေများ၊ နှစ်တစ်နှစ်အတွင်း ပြည်တွင်း၌ မြေ၊ အဆောက်အအုံနှင့် ယင်းအဆောက်အအုံ၏ အဓိကအစိတ်အပိုင်းများ အပါအဝင်ဖြစ်သော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း သို့မဟုတ် ရွှေနှင့် အခြားအဖိုးတန်ပစ္စည်းများအပါအဝင် ယာဉ်ကဲ့သို့သော ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍ရသောပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍မရသော ပစ္စည်းများကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ အစုရှယ်ယာထည့်ဝင်ခြင်းဟု တွေ့ရပါသည်။ လစ်ဟင်းခဲ့သောလျော့နည်းပေးဆောင်ခဲ့သော…ဟူသည့် စကားရပ်ကိုကြည့်လျှင် အခွန်တိမ်းရှောင်သူများကို ကာလတို အခွင့်အရေးတစ်ခုပေးထားသည်ဟု ထင်ပါသည်။ ထို့ပြင် ပေးဆောင်ရမည့် အခွန်တိမ်းရှောင်သူများ၊ လျော့နည်းအခွန်ဆောင်သူများကို ရည်ညွှန်းထားခြင်းဖြစ်ပြီး ငွေမည်းများကို ငွေဖြူပြုလုပ်နိုင်ရန် အခွင့်အရေးပေးထားခြင်း မဟုတ်ကြောင်းကိုလည်း သတိပြုမိပါသည်။ ယခုပထမခြောက်လအတွင်း အခွန်တိမ်းရှောင်မှုကိုရပ်ဆိုင်းကာ အခွန်ဆောင်မည်ဆိုပါက သုံးရာခိုင်နှုန်း၊ ဒုတိယခြောက်လတွင် အခွန်ငါးရာခိုင်နှုန်းဟူ၍ နှစ်ဆနီးပါး ကွာခြားလာသည်ကို သတိပြုမိပါသည်။

 

 

ငွေကြေးအရေအတွက် များပြားသူတို့အဖို့ ပထမသုံးလအတွင်း ဆုံးဖြတ်ပေးဆောင်မည်ဆိုလျှင် သိန်းပေါင်းများစွာ သက်သာသွားစေနိုင်မည့် အစီအမံဖြစ်သည်ဟု မြင်ပါသည်။ နိုင်ငံ၏ ငွေကြေးလည်ပတ်မှုနှင့် ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်နေသည့် အစိုးရဘတ်ဂျက်လိုငွေကို ပုဂ္ဂလိကငွေများထဲမှ ပါဝင်လာအောင် တစ်နည်းတစ်ဖုံကြိုးစားဖန်တီးယူရင်း အခွန်တိမ်းရှောင်နေ သူများကို အခွန်စည်းကျပ်နယ်ပယ်တွင်းသို့ ရောက်ရှိလာစေလိမ့်မည်ဟုမျှော်လင့်ရပါသည်။ ဤသည်က လူထုအကြား ဆွေးနွေးငြင်းခုန်နေကြသော အချက်တစ်ခုကို ဥပမာတစ်ခုအနေဖြင့် စဉ်းစားကြည့်ခြင်းမျှသာဖြစ်ပါ၏။ ပြည်သူလူထုတွင်းမှ စိတ်ဝင်စားသူများနှင့် နားလည်သူများတို့၊ ပိုမိုကျယ်ပြန့်သော သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ အကြံပေးခြင်း၊ ဝေဖန်ထောက်ပြခြင်းဖြင့် ပြည်သှူအစိုးရကို ထိရောက်သောကူညီမှုမျိုး ပြုလုပ်ကြပါရန်နှိုးဆော်လိုက်ရပါသည်။  

 

မြန်မာ့အလင်း