နေပြည်တော်  ၂၀  ဇွန်

အကြိမ်(၃၀)မြောက် အာဆီယံအလှကုန်ပစ္စည်းဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (The 30th ASEAN cosmetic committee meeting and its related meetings) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် အလှကုန်ပစ္စည်းများ၏ အရည်အသွေးပြည့်ဝမှု၊ ဘေးအန္တရာယ်ကင်းရှင်းမှုတို့အပြင် ထုတ်လုပ်သူများမှ ကြေညာသည့် အရည်အသွေးနှင့်အာနိသင်များ ရှိ၊ မရှိကိုပါ စိစစ်ကွပ်ကဲ ရေးအတွက် အာဆီယံနိုင်ငံများတွင် အလှကုန်ပစ္စည်းများအား တပြေးညီကွပ်ကဲမှုဆိုင်ရာ သဘောတူညီချက်ကို (၂၀ဝ၃) ခုနှစ်တွင် မြန်မာအပါအဝင်အာဆီယံနိုင်ငံများမှ လက်မှတ်ရေးထိုး သဘောတူညီခဲ့ပါကြောင်း။

 

mdn

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အလှကုန်ပစ္စည်းများ ကြီးကြပ်ကွပ်ကဲခြင်းကို (၂၀ဝ၈) ခုနှစ် မှ စတင်၍ အာဆီယံ အလှကုန်ပစ္စည်းဆိုင်ရာ လမ်းညွှန်ချက်နှင့် အညီဆောင်ရွက်လျက်ရှိပြီး အဆိုပါ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံတွင်လည်း အလှကုန်ပစ္စည်းများ ကြီးကြပ်ကွပ်ကဲ မှတ်ပုံတင်ခြင်းကို (၂၀၁၁) ခုနှစ်မှ စတင်၍ စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း။

အလှကုန်ပစ္စည်းများတွင် ပြဒါး၊ ခဲ၊ စတီးရွိုက်၊ ခွင့်မပြုအသားဖြူဆေး၊ ခွင့်မပြုဆိုးဆေး စသည့် ဓာတုပစ္စည်းများနှင့် အန္တရာယ်ရှိပစ္စည်းများပါဝင်မှုကြောင့် သုံးစွဲသူပြည်သူများတွင် ဓာတ်မတည့်ခြင်း၊ အရေပြား၊ ကျောက်ကပ်နှင့် အသည်းတို့ထိခိုက်ပျက်စီးခြင်း အပါအဝင် ရေတိုနှင့် ရေရှည်ကာလ ဆိုးကျိုးများ ရရှိနိုင်ပါကြောင်း။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ (၂၀၁၉) ခုနှစ်၊ ဧပြီလအထိ အချက် အလက်များအရ အလှကုန်ပစ္စည်း (၂၀၈၇၇) မျိုးအထိ မှတ်တမ်းတင် ပေးနိုင်ခဲ့ပါကြောင်း၊(၂၀၁၄) ခုနှစ်မှစတင်၍ အလှကုန်ပစ္စည်း (၂၀၆၀) မျိုးကို ဓာတုဗေဒဆိုင်ရာစစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့အနက်(၁၁၆) မျိုးတွင် ပြဒါး၊ ခွင့်မပြုအသားဖြူဆေး၊ စတီးရွိုက်နှင့် ခွင့်မပြုဆိုး ဆေးတို့ပါဝင်သည်ကို စစ်ဆေးတွေ့ရှိသဖြင့် ဘေးအန္တရာယ်ရှိသည့်အလှကုန်များအဖြစ် အများပြည် သူထံအသိပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း။

ဈေးကွက်အတွင်း ထောက်လှမ်းစစ်ဆေးခြင်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ နယ်စပ်ဝင်ပေါက်များနှင့် တရားမဝင်လမ်းကြောင်းများမှတဆင့် ဈေးကွက်အတွင်း သို့အလှကုန်ပစ္စည်းများ တရားမဝင် ဝင်ရောက်နေသည်ကိုတွေ့ရှိရပြီး အဆိုပါ အလှကုန်ပစ္စည်းများကို ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန်လုပ်ငန်းများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်းမှ ဆောင်ရွက်၍မရနိုင်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ဝိုင်းဝန်း ဆောင်ရွက်မှသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏ အလှကုန်ပစ္စည်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုစနစ်၊ စံသတ်မှတ်ချက်များနှင့် အညီလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အလှကုန်ပစ္စည်းဆိုင်ရာ ဥပဒေမူကြမ်းကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးကြီးမှ ဆွေးနွေးအကြံပြုချက်များသည်လည်း မိမိတို့နိုင်ငံ အလှကုန်ပစ္စည်းဆိုင်ရာ ကျန်းမာရေးလုပ်ငန်း များအပြင် နိုင်ငံများအချင်းချင်း အလှကုန်ပစ္စည်းကုန်သွယ်စီးဆင်းမှုအတွက်ပါ များစွာအထောက် အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

ယခုအစည်းအဝေးသည် အလှကုန်ပစ္စည်းများဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုများ၊ ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ နောက်ဆုံးပေါ်နည်းပညာများကိုလည်း ဝေမျှနိုင်မည်ဖြစ်သဖြင့် တက်ရောက်လာသူ အားလုံးအတွက် အကျိုးရှိပါကြောင်း၊ ယခုအစည်းအဝေးကြီးမှတစ်ဆင့်မြန်မာနိုင်ငံ၏ အလှကုန် ပစ္စည်းဆိုင်ရာ အရည်အသွေးပြည့်ဝမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုလုပ်ငန်းဆိုင်ရာ လမ်းပြမြေပုံများ ချမှတ်ကာဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ASEAN Cosmetic Committee Meeting ၏ ဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံမှ Ms. Vu Thi Hiep က အလှကုန်ပစ္စည်းဆိုင်ရာ ကိစ္စရပ်များတွင် အာဆီယံနိုင်ငံများ၏ပူးပေါင်း ဆောင်ရွက်မှုများအား ပြောကြားသည်။

အဆိုပါအစည်းအဝေးများကို ဇွန် (၁၈) ရက်မှ (၂၁) ရက်အထိ မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းဖြစ်ပြီးဘရုနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့မှ ကိုယ်စားလှယ်များ၊ ASEAN Cosmetic Regulator များ၊ ASEAN Cosmetic Testing Laboratory Committee မှ ကျွမ်းကျင် ပညာရှင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ASEAN Cosmetic Association နှင့်  ASEAN Cosmetic Industries တို့မှ ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)