ရန်ကုန် ၄ မတ်
အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှတင်းနစ်ကစားနည်းတွင် ဆုတံဆိပ်များ ရရှိရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသည့် ၂၀၁၉ ခုနှစ် အမျိုးသားတံခွန်စိုက်တင်းနစ်ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်တင်းနစ်ကစားသမားဟောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
“နေရှင်နယ်ပြိုင်ပွဲမရှိတဲ့အတွက် မြန်မာပြည်မှာ လက်ရွေး စင်မရဘူး။ ဒါကြောင့် ဒီပြိုင်ပွဲကို ပြန်လည်ကျင်းပရတာဖြစ်တယ်။ ဒါ့အပြင် ဘားမားအိုးပင်း၊ Cp ဖလား၊ မြို့တော်ဝန်ဖလား ပြိုင်ပွဲတွေရှိသေးတယ်။ အဲဒီပြိုင်ပွဲက လက်ရည်ကောင်းတဲ့ကစားသမားတွေကို ဆီးဂိမ်းအတွက်ထပ်မံရွေးချယ်မယ်။ ရွေးချယ်ပြီးရင်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်မြို့မှာ တစ်လခွဲလောက်သွားရောက်ပူးတွဲလေ့ကျင့်မှုတွေ ပြုလုပ်မယ်။ ကျွန်တော်တို့ခေတ်တုန်းက ကြိုးကြားကြိုးကြား ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်တွေရနေတာပဲ။
ကစားသမားက မပျက်ဘူး။ ဒီနောက်ပိုင်းမှာ တင်းနစ်မျိုးဆက်သစ်ပျက်သွားတယ်။ ဒါကြောင့် ဒီပြိုင်ပွဲမှာ ကလေးတန်းတွေကို ထည့်သွင်းကျင်းပရခြင်းဖြစ်ပါတယ်” ဟုဥက္ကဋ္ဌ ဦးသန်းလွင်က ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်သည် အကြိမ် (၃၀) မြောက်ဆီးဂိမ်းပြိုင်ပွဲအတွက် အားကစားသမားအမျိုးသား အမျိုးသမီး လေးဦးစီလျာထားကြောင်း သိရသည်။
အဆိုပါအမျိုးသားတံခွန်စိုက်တင်းနစ်ပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီး တစ်ဦးချင်း၊ နှစ်ယောက်တွဲ၊ အသက် ၁၆ နှစ်အောက်၊ အသက် ၁၄ နှစ်အောက် တစ်ဦးချင်း၊ အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲ၊ အသက် ၄၅ နှစ်နှင့် အထက်ပြိုင်ပွဲများကိုနေ့စဉ်နံနက်တစ်ကြိမ် ညနေတစ်ကြိမ် မတ် ၉ ရက်အထိ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
အေကေလင်း