နေပြည်တော် စက်တင်ဘာ ၁၇

တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်း မြို့တွင် အကြိမ်(၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ကျင်းပလျက်ရှိရာ အဆိုပါကုန်စည်ပြပွဲဖွင့်ပွဲအဖြစ် ယနေ့ပြု လုပ်ရာ၌ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကုန်ပစ္စည်းများနှင့်အတူ မြန်မာကုန်စည်ပြ ခန်းဆောင်တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ပြသလျက်ရှိသည်။

မြန်မာကုန်စည်ပြခန်းများတွင် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရေထွက်ကုန်၊ ထောပတ်သီး၊ လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်၊ မြန်မာ့ကျောက်မျက်လက်ဝတ် ရတနာပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချလျက်ရှိသည်။

ကုန်စည်ပြပွဲဖွင့်ပွဲနေ့တွင် မြန်မာကုန်စည်ပြခန်းများ၌ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ပါဝင်စား၍ လာရောက်လေ့လာကြည့်ရှုသူများ၊ ကြိုက်နှစ်သက်၍ ဝယ်ယူသူများဖြင့် စည်ကား လျက်ရှိသည်။ ထို့ပြင် စက်တင်ဘာ ၁၆ ရက်တွင်ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်နှီးမြှုပ်နှံမှုနှင့် ခရီးသွားမြှင့်တင်ရေးဖိုရမ်တွင် မြန်မာနှင့် တရုတ်ကုန်သည်လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် ၆ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်