နေပြည်တော် ၁၇ နိုဝင်ဘာ

အကြိမ်(၂၀)မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံ့ဝန်ထမ်း အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးများတွင် ထိုင်းနိုင်ငံ နိုင်ငံ့ဝန်ထမ်းကော်မရှင်ရုံး ဒုတိယအထွေထွေေ အတွင်းရေးမှူးချုပ် Dr. Piyawat Sivaraks က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၀) အောက်ရှိ အကောင်အထည်ဖော်ခဲ့သည့် လုပ်ငန်းစဉ်များအပေါ် ဆန်းစစ်သုံးသပ်ပြီး နောင်လာမည့် (၅)နှစ်တာကာလအတွင်း ပိုမိုထိရောက်အကျိုးရှိစေရေး၊ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅)နှင့် အာဆီယံ+၃ နိုင်ငံများ၏ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) ကိစ္စရပ်များကို အကြံပြုဆွေးနွေးကြပြီး  အာဆီယံ၏ အခြားဆက်စပ်အစည်းအဝေးများမှ အာဆီယံ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍနှင့် သက်ဆိုင်သည့် အတည်ပြုချက်နှင့် ဆုံးဖြတ်ချက်များအပေါ် လေ့လာသုံးသပ်ကြသည်။

ထို့ပြင် နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပမည့် အကြိမ် (၂၀)မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများအစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေး အစီအစဉ်တို့ကို အတည်ပြုပြီး (၂၁)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းထမ်းဆောင်မည့် ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးက အလှည့်ကျ တာဝန်ယူသည့်ကာလအတွင်း ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။  

အဆိုပါအစည်းအဝေးများသို့ အာဆီယံနိုင်ငံအသီးသီးမှ နိုင်ငံ့ဝန်ထမ်းကဏ္ဍဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့်အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်တင်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

သတင်းစဉ်