နေပြည်တော် ဇွန် ၁၆
အကြိမ်(၂၀)မြောက်အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှဝင် ရောက်ယှဉ်ပြိုင်မည့်အားကစားပြိုင်ပွဲများအောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင်နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေး ခန်းမ၌ကျင်းပသည်။
ဦးစွာ ဒုတိယဝန်ကြီးဦးဇော်ဝင်းက အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့်အားကစားနည်း(၄)မျိုးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာအနေဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြော ကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ၂၀၁၈ ခုနှစ်က အာဆီယံ တက္ကသိုလ်များအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲတွင်နိုင်ငံ(၁၁)နိုင်ငံပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာနိုင်ငံက အားကစားနည်း (၁၇) မျိုး တွင် ရွှေ ၂၄ခု၊ ငွေ ၂၆ ခု၊ ကြေး ၂၉ ခုဖြင့် နိုင်ငံအလိုက် အဆင့်(၄) ရရှိခဲ့ကြောင်း၊ ယခု ၂၀၂၂ ခုနှစ် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဝူရူး၊ မြှားပစ် စသည့် အားကစားနည်း(၄)မျိုး ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့် နေကြောင်းရှင်းလင်းပြောကြားသည်။
ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိမ်းဇံ က အာဆီယံ တက္ကသိုလ်များအားကစားပြိုင်ပွဲသည် (၂)နှစ်လျှင် တစ်ကြိမ် ကျင်းပကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများသည် တက္ကသိုလ်ကျောင်းသားကျောင်း သူများ ဖြစ်ကြောင်း၊ ယခုနှစ်တွင် အားကစားနည်း(၄)မျိုးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ ထိုက်တန် သည့်အောင်မြင်မှုရရှိရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် လိုအပ် သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်းပြောကြားကာ ကြိုတင်ပြင်ဆင်ဆောင် ရွက်ရမည့်အခြေအနေများနှင့် ပံ့ပိုးကူညီပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြား သည်။
ယင်းနောက် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်ဦးက အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် စီစဉ် ဆောင်ရွက်ထားမှုများကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက အားက စားနည်းအလိုက် ပါမောက္ခချုပ်များ ဦးဆောင်လိုက်ပါဆောင်ရွက်မည့်အခြေအနေများကို လည်းကောင်း ရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက ပြိုင် ပွဲဝင်မည့် အားကစားသမားများ၏လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ ဆုကြေးငွေ၊ ဆုတံဆိပ်များချီးမြှင့်နိုင်ရေးနှင့်အားကစားသမားများအောင်နိုင်ရေးလိုအပ်ချက်များကို ပေါင်း စပ်ညှိနှိုင်းဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲကို ဇူလိုင် (၂၆) ရက်မှ ဩဂုတ်(၈) ရက်အထိ ထိုင်းနိုင်ငံ အူဘွန်ရချာဌာနီမြို့၌ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။
(သတင်းစဉ်)