ရန်ကုန် ၂၆ ဇန်နဝါရီ
၂၀၁၉ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်းအလိုက် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပထမအကြိမ် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏပတ္တမြားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ကအဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် လက်ဝှေ့၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို၊ နပန်း၊ ဝူရှူး၊ မြားပစ်၊ သိုင်း/ Arnis, Muay, Jui-Jitsu, Kick Boxing, Kurash, Sambo စသည့် အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးတို့က စခန်းသွင်းလေ့ကျင့်မှု၊ လက်ရည်စစ်လူရွေးပြိုင်ပွဲများ ကျင်းပနိုင်ရေး၊ အားကစားနည်းအလိုက် Event အတိုင်း ပါဝင်ယှဉ်ပြိုင်၍ ဆုတံဆိပ်ရရှိမှု အခြေအနေ ပါဝင်ယှဉ်ပြိုင်မည့် အင်အားစာရင်း၊ အားကစားသမား တစ်ဦးချင်းစီ၏ အားနည်းချက်/ အားသာချက်များ အခြေအနေနှင့် ဖိတ်ခေါ် လက်ရည်စစ်ပြိုင်ပွဲများ ကျင်းပမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များကို ပြန်လည်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဖေဖော်ဝါရီ ၂ ရက်မှ ၆ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ထိုင်းဘုရင်ဖလား အပြည်ပြည်ဆိုင်ရာဖိတ်ခေါ် အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် သွားရောက်မည့် အားကစားအဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားပြောကြားပြီး မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်မှ အဖွဲ့ခေါင်းဆောင် တပ်ကြပ့်ဖိုးထူးက ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)