နေပြည်တော် ၁၇ အောက်တိုဘာ

 

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ပြည်ထောင်စုဝန်ကြီးထံ တင်ပြခြင်းအခမ်းအနားကို ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်မည့် မြန်မာနိုင်ငံမှ အားကစားသမားများ၊ အုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့် ပြိုင်ပွဲတွင်အားကစား စိတ်ဓါတ်ပြည့်ဝစွာဖြင့် ယှဉ်ပြိုင်ခြင်း၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားအဖွဲ့ချုပ်များ အချင်းချင်းအကြား ချစ်ကြည်ရင်းနှီးမှု၊ ပြိုင်ပွဲဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေရေး ရှေးရှု၍ ဝန်ကြီးဌာနခွင့်ပြုရရှိသာ ဘဏ္ဍာငွေအခြေအနေနှင့် ချိန်ထိုး၍ ပါဝင်ယှဉ်ပြိုင်သွားရမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ ရွေးချယ်စေလွှတ်ရာတွင်လည်း နိုင်ခြေအဆင့်မြင့်မားသည့် အားကစားသမားများသာမက မျိုးဆက်သစ်အားကစားသမားများကိုပါ အတွေ့အကြုံရရှိစေရေး စေလွှတ်သွားရမည် ဖြစ်ပါကြောင်း၊ အောင်ပွဲရရှိသည့် အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများကို ဝန်ကြီးဌာနအနေဖြင့် ထိုက်တန်စွာ ဆုချီးမြှင့်မည် ဖြစ်ပါကြောင်း၊ အားကစားသမားကောင်းတစ်ဦး မွေးထုတ်ရန်အတွက် အချိန်ယူဆောင်ရွက်ရသည်ဖြစ်သဖြင့် ဝန်ကြီးဌာနရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(၆) ကျောင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆောင်ရွက်ရန်လိုအပ်သည့်အပြင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် အားကစားလှုပ်ရှားမှုများနှင့် ပြိုင်ပွဲများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အကြိမ်(၃၀) မြောက်ပြိုင်ပွဲအား ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာ ၁၂ ရက်အထိ မြို့ကြီး(၄)မြို့တွင် အားကစားနည်း(၅၆)မျိုးကို လက်ခံကျင်းပမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ အားကစားနည်း (၃၂)မျိုးပါဝင်ယှဉ်ပြိုင်ရန် လျာထားပြီး စုစုပေါင်းအင်အား(၅၂၇)ဦးဖြင့် ပါဝင်ယှဉ်ပြိုင် ရန်လျာထားပါကြောင်း၊ (၄၅၇)ဦးမှာ နိုင်ငံတော်စရိတ်ဖြင့် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၇၀)ဦးမှာ အဖွဲ့ချုပ်စရိတ်ဖြင့် ကုန်ကျပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပါကြောင်း၊ သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ ကုန်ကျစရိတ် အသေးစိတ်ကိုလည်းကောင်း၊ အောင်မြင်မှုရရှိပါက ဆုချီးမြှင့်ငွေအား နိုင်ငံတော်သို့ တင်ပြထားရှိမှု၊ အားကစားအဖွဲ့ချုပ်နှင့် ပူးပေါင်းကြိုတင်ပြင်ဆင်ထားရှိမှု အကြောင်းအရာများကို တင်ပြဆွေးနွေးသည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အခြားတာဝန်ရှိသူများမှ လိုအပ်သည်များကို အသီးသီးထပ်မံဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာအားကစားအောင်မြင်မှုရရှိစေရေး ဝိုင်းဝန်းကြိုးစားကြရန်နှင့် အားကစားသမားများ ထောက်ပံ့ငွေတိုးမြှင့်ပေးရေး ဆုကြေးငွေ သတ်မှတ်ပေးနိုင်မှုသိရှိနိုင်ရန် အမြန်ဆုံး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လိုက်ပါမည့်အားကစာအဖွဲ့များ ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များ၊ အခြားကိစ္စရပ်များကို ဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်