ရန်ကုန် ၁၉ အောက်တိုဘာ

 

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ်(၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားနစ်(Arnis) တုတ်သိုင်းကစားနည်း ထည့်သွင်းကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် အားနစ်(Arnis) ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အားနစ်(Arnis) တုတ်သိုင်းကစားနည်းသည် ဖိလစ်ပိုင်လူမျိုးများ၏ လူကြိုက်များသော ရိုးရာအားကစားနည်းတစ်ခုဖြစ်ပြီး မြန်မာ့ဓားနှစ်လက် ယှဉ်တိုက်သိုင်းနှင့် ခပ်ဆင်ဆင်တူညီမှုများရှိသည့် အားကစားနည်းဖြစ်သည်။ ဓားနှစ်လက်အစား တုတ်နှစ်ချောင်းနှင့် တိုက်သည့် အားကစားနည်းလည်းဖြစ်သည်။

 

"အားနစ်(Arnis) အားကစားနည်းက မြန်မာ့ဓားနှစ်လက်သိုင်းနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မြန်မာ့ဓားလမ်းကြောင်း အတိုင်းပဲပေါ့။ သူတို့မှာ ဘာကွာလဲဆိုတော့ ပြိုင်ပွဲမှာ ထိုးဓားလည်းထည့်သုံးတယ်။ မြန်မာ့သိုင်းမှာ ခေါင်းကိုတစ်ကြိမ်ထက် ပိုခုတ်လို့မရဘူး။ နောက်တစ်ခါခုတ်တာနဲ့ Foul ပဲ။ အားနစ်က ခေါင်းကိုခုန်ခုတ်လည်းရတယ်။ တစ်ချက်ထက် ပိုခုတ်လည်းရတယ်။ ဒါကဖော့စွပ်တုတ်ရိုက်နည်း။ ဖော့စွပ်တုတ်ရိုက်တဲ့နည်းက မြန်မာ့ဓားသိုင်းနဲ့ဆင်တယ်။ ကွာတာကဘာလဲဆိုရင် လက်နဲ့တွန်းလိုက်တာတို့၊ စည်းပြင်ထွက်တာတို့ ကိုယ်ချင်းပစ်တိုက်တာတို့ ဒါတွေအကုန်လုံးကို သူတို့ကတားမြစ်ထားတယ်”ဟု မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အတွင်းရေးမှူး(၂) ဒေါ်ရှုပါသိမ်းက ပြောသည်။

 

မြန်မာလက်ရွေးစင် အားနစ်(Arnis) ကစားသမားများသည် ဆီးဂိမ်းပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားနစ်(Arnis)အနေဖြင့် ပြင်ဆင်ချိန် ရက်ပေါင်း ၄၀ ခန့် လိုတော့သည်ဖြစ်ရာ နေပြည်တော် Goal Camp တွင် စခန်းသွင်းကာ ပြင်းပြင်းထန်ထန် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

 

“ကျွန်‌တော်တို့ ဖိလစ်ပိုင်နည်းပြကနေ ကစားသမားတွေကို သူတို့ရဲ့တုတ်လမ်းကြောင်းနဲ့ အဆင့်ဆင့်လေ့ကျင့်ပါတယ်။ လေ့ကျင့်တာကတော့ အချိန်နည်းပါတယ်။ ဖိလစ်ပိုင်နည်းပြက ဇူလိုင်လမှ ရောက်လာတော့ ပြင်ဆင်ချိန်လေးလလောက်ပဲရှိပါတယ်။ လေးလထဲမှာ သင်လည်းသင်၊ လေ့လည်းလေ့ကျင့်။ ရွှေရရှိရေးအတွက်လည်း ကြိုးစားလေ့ကျင့်ချိန်က တိုတောင်းပါတယ်။ ပြိုင်ပွဲအမျိုးအစား ၁၈ မျိုးမှာ ရွှေသုံးခု အနည်းဆုံးရမှာပဲလို့ မှန်းထားပါတယ်”ဟု နည်းပြဦးအောင်၀င်းက‌ ပြောသည်။

 

အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံက ဆီးဂိမ်းပြိုင်ပွဲ၌ အားနစ်အားကစားနည်းတွင် ကြိမ်တုန်အတိုက်ပြိုင်ပွဲ (Live Stick)၊ ဖော့တုတ်အတိုက်ပြိုင်ပွဲ (Poddee)နှင့် သရုပ်ပြပြိုင်ပွဲ စုစုပေါင်းအမျိုးအစား ၂၀ ကျင်းပမည်ဖြစ်ပြီး မြန်မာအားနစ်ကစားသမားများသည် ပြိုင်ပွဲအမျိုးအစား ၁၈ မျိုးတွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၈ ဦး ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့လက်ရွေးစင် အားနစ်အသင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးနိုင်ရန်အတွက် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် ဗီယက်နမ်အသင်းကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်‌ကြောင်း သိရသည်။ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အနေဖြင့် ၁၉၉၁ ခုနှစ်က ကျင်းပသည့် (၁၆)ကြိမ်မြောက် ဖိလစ်ပိုင်ဆီးဂိမ်းတွင် ငွေတံဆိပ်ငါးခု၊ ကြေးသုံးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

အာကာစိုး