အကြိမ်(၆၀)မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်အားပေး၊ ဆုများ ပေးအပ်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အကြိမ်(၆၀)မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်အားပေး၊ ဆုများ ပေးအပ်ချီးမြှင့်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံးအသင်း ထိုက်ထိုက်တန်တန် အနိုင်ရဗိုလ်စွဲ

 

နေပြည်တော်၊ နိုဝင်ဘာ   ၂၄

 

အကြိမ် (၆၀) မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု ဘောလုံးအသင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)  စခန်းမှူးရုံး ကိုယ်စားပြု ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

 

သီဆိုဖျော်ဖြေ

 

ပြိုင်ပွဲမစတင်မီ ဗိုလ်လုပွဲသို့ လာရောက်ကြည့်ရှု အားပေးကြသည့် နှစ်ဖက်အသင်း ပရိသတ်များနှင့် အားကစားဝါသနာရှင် ပရိသတ်များအား ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီ တေးဂီတအဖွဲ့မှ တေးသံရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည်။

 

အဆိုပါဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) ရုံး၊ ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော် ဘောလုံးအကယ်ဒမီမှ သင်တန်းသားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင် ပရိသတ်များ တစ်ခဲနက်တက်ရောက် ကြည့်ရှုအားပေးကြသည်။

 

ယှဉ်ပြိုင်ကစား

 

အကြိမ်(၆၀)မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြရာတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု ဘောလုံးအသင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြု ဘောလုံးအသင်းတို့သည် ပွဲစတင်ကစားချိန်မှစ၍ ဗိုလ်လုပွဲသို့ အကြိတ်အနယ် ယှဉ်ပြိုင်တက်ရောက်လာသည့် အသင်းများဖြစ်သည်နှင့်အညီ ခြေရည်တူစွာဖြင့် တစ်ဖက်နှင့် တစ်ဖက် ဦးဆောင်ဂိုးရရှိနိုင်ရေးအတွက် အင်နှင့်အားနှင့် ယှဉ်ပြိုင်ကစားခဲ့ကာ ပွဲကစားချိန် လေးမိနစ်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။ ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးအသင်းက ဘောလုံးကို ပိုမိုထိန်းသိမ်းကစားနိုင်ခဲ့ပြီး ပွဲကိုစိုးမိုးထားခဲ့ကာ ပွဲချိန် ၁၆ မိနစ်တွင် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် တစ်ဖက်တစ်ဂိုးစီဖြင့် အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

 

mdn

 

ယင်းနောက် တစ်ဖက်နှင့် တစ်ဖက် ဂိုးရရှိနိုင်သည့်အခွင့်အရေးများ အပြန်အလှန်ရရှိခဲ့ကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းက ပွဲချိန် ၃၉ မိနစ်နှင့် ၄၆ မိနစ်တို့တွင် တိကျသည့်ကန်ချက်များဖြင့် ဦးဆောင်ဂိုးများထပ်မံရ ယူနိုင်ခဲ့သဖြင့် ပထမပိုင်းပြီးဆုံးချိန်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

 

ဒုတိယပိုင်း ပွဲကစားချိန်တွင် တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးအသင်းက ပွဲချိန် ၆၆ မိနစ်တွင် ချေပဂိုးတစ်ဂိုးနှင့် သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံး၍ နာကျင်အချိန်ပိုပေးထားသည့် ၉၃ မိနစ်တွင် အဖိုးတန်ချေပဂိုး တစ်ဂိုးတို့ကို ထပ်မံသွင်းယူနိုင်ခဲ့သည့် အတွက် ပွဲကစားချိန်ပြီးဆုံးချိန်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး အသင်းတို့သည် တစ်ဖက်သုံးဂိုးစီဖြင့် သရေကျခဲ့ပြီး အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

အချိန်ပိုပွဲစဉ်များ အတွင်း၌လည်း တစ်ဖက်နှင့် တစ်ဖက် အနိုင်မခံ၊ အရှုံးမပေး ရေကုန်ရေခန်း အားကစားစိတ်ဓာတ် အပြည့်ဖြင့် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်ဖက်အသင်း ဂိုးသမားများ၏ လက်စွမ်းပြမှုများနှင့်အတူ တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသည့်အတွက် အချိန်ပို ပွဲချိန်ပြီးဆုံးချိန်တွင် သုံးဂိုးစီဖြင့် သရေရလဒ်သာ ထွက်ပေါ်ခဲ့ သဖြင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးအသင်းက အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် အသင်းကို ခြောက်ဂိုး - ငါးဂိုးဖြင့် ထိုက်တန်စွာ အနိုင်ရဗိုလ်စွဲခဲ့သည်။

 

ယင်းနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ (ခ) အဆင့် ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆု ရရှိသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ် အသင်းနှင့် (က) အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရရှိသည့် ရန်ကုန် တိုင်းစစ်ဌာနချုပ် အသင်းတို့ကို နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် က ဆုဖလားနှင့် ငွေသားဆုများကိုလည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်အသင်းနှင့် (က) အဆင့်ပြိုင်ပွဲတွင် တတိယဆု ရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် အသင်းတို့ကို စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင် က ငွေသားဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ (ခ) အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အနောက်တောင်တိုင်း စစ်ဌာနချုပ်အသင်းနှင့် (က)အဆင့် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းတို့ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက ငွေသားဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များ ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

 

ပေးအပ်ချီးမြှင့်

 

ဆက်လက်၍ (ခ)အဆင့်ပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံး အားကစားသမားဆု ရရှိသူများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ (က) အဆင့်ပြိုင်ပွဲတွင်နေရာအလိုက် အကောင်းဆုံး အားကစားသမား ဆုရရှိသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ (ခ) အဆင့်ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းမှ အားကစားသမားများကို ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ (က) အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်း မှူးရုံးအသင်းမှ အားကစားသမားများကို ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တပ်မတော် (ကြည်း၊ ရေ၊လေ) ဘောလုံးပြိုင်ပွဲ (ခ) အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ တံခွန်စိုက်ဆု ဖလား၊ ဆင့်ပွားဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ (က) အဆင့်ပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးအသင်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဆုဖလား၊ ဆင့်ပွား ဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

 

mdn

 

အဆိုပါ အကြိမ် (၆၀) မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊လေ)ဘောလုံးပြိုင်ပွဲကို (က) အဆင့်ပြိုင်ပွဲနှင့် (ခ) အဆင့်ပြိုင်ပွဲ ဟူ၍ ပြိုင်ပွဲနှစ်မျိုးခွဲခြားကာ (က) အဆင့်တွင် ပြိုင်ပွဲဝင်အသင်း ၁၆ သင်း၊ (ခ) အဆင့်တွင် ပြိုင်ပွဲဝင် အသင်းရှစ်သင်း စုစုပေါင်း ၂၄ သင်း ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပထမအဆင့် အုပ်စုပတ်လည် ပြိုင်ပွဲများကို တိုင်းစစ်ဌာနချုပ်များအလိုက် ဇုန်များခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ကြပြီး နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ဒုတိယအဆင့် ရှုံး/ထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ စတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ယနေ့တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

 သတင်းစဉ်