နေပြည်တော် ၉ အောက်တိုဘာ

 

အကြိမ်(၇၀)မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အမှုဆောင် ကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ အဆောက်အဦး Assembly Hall တွင် အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Ms. Amina J. Mohammed နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. FilippoGrandi တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

အောက်တိုဘာ ၇ ရက်မှ မှ ၁၁ ရက်အထိ (၅)ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် နိုင်ငံမဲ့ခြင်းဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲနှင့် အထွေထွေ ဆွေးနွေးခြင်းကဏ္ဍတွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက နိုင်ငံအလိုက်တင်ပြခြင်း၊ Nansen ဒုက္ခသည်ဆိုင်ရာ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် သီးခြားဆွေးနွေးပွဲ (side event) အစီအစဉ်များ ပါဝင်သည်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၏ တင်ပြချက်ကို ဖတ်ကြားတင်သွင်းခဲ့သည်။

 

မြန်မာနိုင်ငံ၏တင်ပြချက်တွင် မြန်မာနိုင်ငံသည် (၁၉၅၄)ခုနှစ် နိုင်ငံမဲ့များ၏ အဆင့်အတန်းဆိုင်ရာ ကွန်ဗင်းရှင်းနှင့်(၁၉၆၁)ခုနှစ် နိုင်ငံမဲ့များ လျှော့ချရေးဆိုင်ရာ ကွန်ဗင်းရှင်းများ၏ အဖွဲ့ဝင် နိုင်ငံမဟုတ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုစည်းမျဉ်းများကို အခြေခံ၍ လူ့အခွင့်အရေး အပြည့်အဝရရှိရေး ဆောင်ရွက်ရန် ကတိကဝတ်ပြုထားပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် (The Global Compact on Migration) ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုစာချုပ်နှင့် UNHCR က နိုင်ငံမဲ့များ လျှော့ချရေးအတွက် ဆောင်ရွက်လျက်ရှိသော (I Belong Campaign)ကို ထောက်ခံပါကြောင်း၊ ယခုနှစ်မေလတွင် ကျင်းပခဲ့သည့် နိုင်ငံမဲ့မှုဆိုင်ရာ အဆင့်မြင့်အစည်းအဝေးအတွက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကိုလည်း ပါဝင်တက်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် နှစ်ပေါင်း(၇၀)ခန့် ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုဒဏ်ကို ကြုံတွေ့ခဲ့ရပြီး စစ်အုပ်ချုပ်ရေးမှသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းသည်မှာ ကာလမကြာသေးသော နိုင်ငံဖြစ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးသည် အစိုးရ၏အဓိကဦးစားပေး လုပ်ငန်းစဉ်ဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ပါက ပြည်တွင်းနှင့် နိုင်ငံဖြတ်ကျော် နေရပ်စွန့်ခွာမှုများကိုလည်း ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ အထောက်အထားမဲ့သူများကို NVC ကတ်များ ထုတ်ပေးလျက်ရှိပြီး ယင်း National Verification Process မှာ တစ်နိုင်ငံလုံးတွင် ကျင့်သုံးနေသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ NVC သည် နိုင်ငံသား လျှောက်ထားမှုအတွက် လမ်းကြောင်းအစ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေသည် လူမျိုး၊ ဘာသာ၊ ကျား/မ မရွေး မွေးဖွားသည့် ကလေးအားလုံးအတွက် မွေးစာရင်းရရှိရေးကို အာမခံချက် ပေးထားပါကြောင်း၊ “မည်သည့်ကလေးမှ မကျန်ရစ်စေရ” (No child left behind) ရည်မှန်းချက်နှင့်အညီ နိုင်ငံအဝှမ်း မွေးစာရင်းရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝေးလံသော ဒေသများသို့ ရွေ့လျားအဖွဲ့များ စေလွှတ်၍ မွေးစာရင်းထုတ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ ပြည်နယ်/ တိုင်းဒေသကြီးအချို့ အတွက်လည်း အွန်လိုင်းစနစ်ဖြင့် အခမဲ့မွေးစာရင်းနှင့်သေစာရင်း လျှောက်ထားမှု စီမံကိန်းများ စတင်နေပြီ ဖြစ်ပါကြောင်း။

 

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ARSA တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် အသင့်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်မှ ကော့ဘဇားသို့ နေရပ်စွန့်ခွာသွားသူများသည် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားအဆင့်အတန်း အမျိုးမျိုးဖြစ်ပါကြောင်း၊ ၎င်းတို့အားလုံးအား နိုင်ငံမဲ့ဟု သတ်မှတ်၍ မရပါကြောင်း၊ ၎င်းတို့ထဲတွင် မည်သည့်အထောက်အထားမျှ မရှိပါက NVC ကတ် ဦးစွာ ကိုင်ဆောင်ရမည်ဖြစ်ပါကြောင်း၊ NVC ကိုင်ဆောင်ပြီး နိုင်ငံသားစိစစ်ရး လျှောက်ထားနိုင်ပါကြောင်း၊ လွတ်လပ်စွာ သွားလာခွင့်တွင် လူမှုရေးအရ အဟန့်အတားများရှိသည်ကို ကျွန်ုပ်တို့ လျစ်လျူမရှုပါကြောင်း၊ သို့ဖြစ်၍ အသိုက်အဝန်းများအကြား ယုံကြည်မှုတည်ဆောက်ခြင်းနှင့် လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်း‌နေပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးသည် ဦးစားပေးလုပ်ငန်း ဖြစ်ပါကြောင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကော့ဘဇားသို့ (၃)ကြိမ် သွားရောက်ခဲ့ပြီး NVC ကိုင်ဆောင်ခြင်း အကျိုးကျေးဇူးများ၊ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံက ဆောင်ရွက်ထားရှိမှုများကို နေရပ်စွန့်ခွာသူများအား ရှင်းပြခဲ့ပါကြောင်း၊ မြန်မာ-ဘင်္ဂလားဒေရှ် နှစ်နိုင်ငံ သဘောတူညီထားသည့် နေရပ်စွန့်ခွာသူများ ဖြည့်စွက်ရမည့် ပုံစံများနှင့် သတင်းအချက်အလက်များသည် ကော့ဘဇားရှိ ဒုက္ခသည်စခန်းများသို့ မရောက်ရှိသည်ကို ယင်းခရီးစဉ်တွင် သိရှိခဲ့ရပါကြောင်း၊ သို့ဖြစ်၍ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် NVC ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများပါဝင်သည့် သတင်းလွှာများကို နောက်ခရီးစဉ်တွင် ဖြန့်ဝေခဲ့ပါကြောင်း၊ ၎င်းစခန်းများတွင် နေရပ်စွန့်ခွာသူများ နေရပ်ပြန်ရေး မအောင်မြင်အောင် ဟန့်တားနှောင့်ယှက်မှုများရှိသည်ကို သတိပြုမိပါကြောင်း၊ အဟန့်အတားများ ရှိသော်လည်း ကော့ဘဇားမှ နေရပ်စွန့်ခွာသူ (၃၀၀)ကျော်သည် ၎င်းတို့၏ သဘောဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ပါကြောင်း၊ ကော့ဘဇားရှိ နေရပ်စွန့်ခွာသူများတွင် မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် ဟိန္ဒူဘာသာဝင် (၄၀၀)ကျော်ကို ပြန်ခွင့်ပြုသင့်ပါကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများအတွက် လုံခြုံစိတ်ချရသည့်အခြေအနေများ ဖန်တီးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို အကောင်အထည်ဖော်လျက်ရှိသကဲ့သို့ လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးပြည်ထောင်စု စီမံကိန်း (UEHRD)အရလည်း ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အာဆီယံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့သည် မြန်မာနိုင်ငံနှင့် ရေးထိုးထားသော နားလည်မှုစာချွန်လွှာအရ ထိရောက်မှုမြန်ဆန်သည့် စီမံကိန်း(၃၄)ခု ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ရာချထားရေးဝန်ကြီးဌာန အနေဖြင့်လည်း ပြန်လည်ဝင်ရောက်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး အစီအစဉ်များကို UNHCR နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို အတည်ပြုပြီးဖြစ်၍ ဒေသအလိုက်စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အကူးအ‌ပြောင်းကာလတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရပါကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် ရှုပ်ထွေးသောစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ ပြဿနာသည် ကိုလိုနီခေတ်မှစ၍ အမြစ်တွယ်လာပြီး ထိလွယ်ရှလွယ်သဖြင့် ကိစ္စရပ်တစ်ခုတည်းအဖြစ် သီးခြားစဉ်းစား၍ မရပါကြောင်း၊ ဘက်ပေါင်းစုံမှ ချဉ်းကပ်ရှုမြင်ရမည်ဖြစ်သကဲ့သို့ လူမှုအသိုက်အဝန်းအားလုံး၏အသံကို နားထောင်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်ငြိမ်အေးချမ်း၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် ဘက်ပေါင်းစုံမှ ချဉ်းကပ်ဆောင်ရွက်နေပါကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အမှန်တကယ်ဆန္ဒရှိပြီး နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံများနှင့် မိတ်ဘက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများကို အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ နေရပ်စွန့်ခွာသူများ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိစွာ ဘဝရပ်တည်နိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ လက်တွေ့ကျသော ကူညီမှုနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို မျှော်လင့်ပါ‌ကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ UNHCR အမှုဆောင်ကော်မတီ အဖွဲ့ဝင်နိုင်ငံများ၊ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ၊ လေ့လာသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပါဝင် တက်ရောက်ခဲ့ပြီး အစည်းအဝေးကို အောက်တိုဘာ (၁၁)ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်