ကိုရင်သြ
မြေထဲပင်လယ်ကို မေးတင်နေသော အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတစ်နိုင်ငံဖြစ်သည့် အစ္စရေးနိုင်ငံနှင့် ပါရှားပင်လယ်ကွေ့ အာရေဗျကျွန်းဆွယ် အရှေ့မြောက် ဘက်ယွန်းယွန်းရှိ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံတို့အကြား သံခင်းတမန်ခင်း ထူထောင်ရေးအထိ ဦးတည်လျက်ရှိသော ငြိမ်းချမ်းရေးသဘောတူ စာချုပ်တစ်ရပ်ကို ထူးထူးခြားခြား ဦးဦးဖျားဖျား ရရှိလိုက်ကြသည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ကမ္ဘာ့ပထဝီဝင်နိုင်ငံရေး “ရာသီခွင်” အရွေ့ကို စောင်းငဲ့၍ စေ့ငုလေ့လာမိလေ၏။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြိုးပမ်း အားထုတ်မှု “ပယောဂ” အရ ဖြစ်တည်လာသော ငြိမ်းချမ်းရေး သဘောတူညီချက်သည် အထင်ကရရှိလှသည့် သမိုင်းဝင်သဘောတူညီချက် တစ်ရပ်အဖြစ် ပီပီပြင်ပြင် အသက်ဝင်လာပေလိမ့်မည်။ ။
ဘူမိနိုင်ငံရေးအရွေ့
ကမ္ဘာနှင့်ချီ၍ အရေးပါလှသည့် ငြိမ်းချမ်းရေး သဘောတူညီချက်ဖြစ်ပြီးလျှင် အာရှအနောက်ပိုင်း ဒေသနှင့် ယင်းဒေသကို ကျော်လွန်လျက် ဘူမိနိုင်ငံရေး အရွေ့ကို ကျွန်ုပ်တို့ ထူးခြားဆန်းကျယ်စွာ တွေ့မြင်ကြရ ပေအံ့။ ။
နိုင်ငံရေးအရ အစဉ်အမြဲအားပြိုင်မှုများ အမျှင်တန်းနေသော အရှေ့အလယ်ပိုင်းဒေသ၏ စွမ်းအားရှင်နိုင်ငံ အစ္စရေးသည် “အာရပ်ကမ္ဘာ” တစ်ခုလုံးတွင် တံတားတစ်စင်းသဖွယ် ပေါင်းကူးပေးနေသော ယူအေအီးနိုင်ငံနှင့် ဆက်ဆံရေးပြည့်ပြည့်ဝဝ ထူထောင်နိုင်ရန် လမ်းဖွင့်ပေးလိုက်သည့် သဘောတူညီချက်တစ်ရပ်ကို ရရှိလိုက်ခြင်းဖြင့် အရှေ့အလယ်ပိုင်းဒေသ၏ သံတမန်ရေး လှုပ်ရှားမှု (ဝါ) ဒီပလိုမေစီကို စိတ်ဓာတ်ခွန်အားသစ်ဖြင့် ပြန်လည် မောင်းနှင်နိုင်လိမ့်မည်ဟု ကျွန်ုပ်တွေးဆမိ၏။
အစ္စရေးနိုင်ငံဟူသည်ကား ၁၉၄၈ ခုနှစ်တွင် နိုင်ငံအဖြစ် ထူထောင်လိုက်သော “ရဟူဒီ” (ဝါ) “ခေတ်သစ် ဂျူး” နိုင်ငံပါပေတည်း။
ကမ္ဘာပေါ်တွင် အမျိုးသားရေးစိတ်ဓာတ်ထက်သန်သော လူမျိုးတစ်မျိုးအဖြစ် သိရှိကြသည့် အစ္စရေးနိုင်ငံသည် ရဟူဒီလူမျိုးနွယ်ဝင်တို့၏ အမျိုးသားနိုင်ငံတော် ဖြစ်၏။
ပထဝီဝင်နယ်မြေ အပိုင်းအခြားအရ လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် အီဂျစ်နိုင်ငံတို့က ဝန်းရံထားသော အစ္စရေးနိုင်ငံသည် ဒေသတွင်း၌ နိုင်ငံငယ်လေး ဖြစ်လင့်ကစား စစ်ရေးစွမ်းပကား အလွန်မြင့်မားသည့် နိုင်ငံအဖြစ် ထင်ပေါ်ကျော်ကြားသည်။ ခေတ်သစ်သမိုင်းတွင် တစ်ခုတည်းသော ရဟူဒီနိုင်ငံ (ဣသရေလပြည်) အဖြစ် ထင်ရှားသည်။ ရှည်လျားလှသည့် သမိုင်းကြောင်းနှင့်ယှဉ်၍ ရုန်းကန်လှုပ်ရှားလာရာမှ ပေါ်ထွန်းလာခဲ့သည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ။
“ခရူးဆိတ်စစ်ပွဲများ”
“ခရူးဆိတ်စစ်ပွဲများ” (၁၁ ရာစုမှ ၁၄ ရာစုအထိ) သည် ဥရောပလက်နက် နိုင်ငံများက မွတ်စလင်တို့ လက်အောက်မှ ခရစ်တော်ပွင့်ရာ မြေမြတ်ကိုပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ဖြစ်ပေါ်လာသော အားပြိုင်မှုများကို သမိုင်းတွင်ညွှန်းဆိုထားသည်။ ဘာသာရေးအရ အထွတ်အမြတ်ပြုသော နယ်မြေကို အကြောင်းပြု၍ ယနေ့တိုင်အောင်ပင် မတူကွဲပြားသော အင်အားစုနှစ်စုအကြား အားပြိုင်နေဆဲဖြစ်သည့် နေရာဒေသမှာ အရှေ့အလယ်ပိုင်းဒေသဖြစ်သည်။
ဩဂုတ်လ၁၃ရက်က အမေရိကန်အိမ်ဖြူတော်ဆီမှ တစ်ကမ္ဘာလုံးက အံ့အားသင့်ဖွယ်ရာကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာတွင် ယူအေအီးနိုင်ငံနှင့် အစ္စရေးတို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက် တစ်ရပ်ကို ရရှိလိုက်ကြပြီဟု ကြွေးကြော်ခဲ့ကြ၏။ ဆိုင်းမဆင့် ဗုံမပါ ရှောင်တခင် ကြေညာလိုက်မှုကြောင့် အံ့အားသင့်သွား ကြရသူများတွင် ပါလက်စတိုင်းလည်းပါဝင်သည်။ ။
ပါလက်စတိုင်းနိုင်ငံဟူသည်ကား ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် ပါလက်စတိုင်းလွတ်မြောက် ရေးအဖွဲ့(ပီအယ်လ်အို) အမျိုးသားကောင်စီ၏ပြည်ပရောက် အုပ်ချုပ်သူများက ပါလက်စတိုင်း လွတ်လပ်ရေးကြေညာစာတမ်းဖြင့် ထူထောင်လိုက်သောနိုင်ငံပါပေတည်း။ ။
နိုင်ငံအဖြစ် ကြေညာလိုက်သော်လည်း ထိုစဉ်က ပီအယ်လ်အိုအနေဖြင့် မည်သည့်နယ်မြေကိုမျှ ထိန်းသိမ်းထားခြင်းမရှိဘဲ အစ္စရေး အသိမ်းပိုက်ခံနယ်မြေများပေါ်တွင် လွတ်လပ်ရေး ကြေညာခဲ့ခြင်းဖြစ်၏။ ဂျေရုဆလင်အား အစ္စရေးတို့ ထိန်းချုပ်ထားသည့်တိုင်အောင် ပါလက်စတိုင်း နိုင်ငံတော်၏ မြို့တော်အဖြစ် ကြေညာခဲ့၏။ “ပါလက်စတိုင်း” ဟူသော ခေတ်အမည်နာမသည် လက်တင်နှင့်ဂရိဘာသာ စကားတို့မှဆင်းသက်လာပြီး “ဟေဗြဲ” ဝေါဟာရအရ “ဖစ်လစ္စတီးယား” (ဖိလိတ္တိပြည်)ဟု ညွှန်းဆိုကြောင်း ကျွန်ုပ် လေ့လာတွေ့ရှိရ၏။
ဩဂုတ်လ ၁၃ ရက်တွင် ရရှိလိုက်ကြသော သဘောတူညီချက်အရ ယူအေအီးနိုင်ငံသည် အစ္စရေးနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်မည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အနောက်ဘက်ကမ်းဒေသကို မိမိ၏ပိုင်နက်အတွင်း သွတ်သွင်းမည်ဆိုသော ကနဦး အစီအစဉ်တစ်ရပ်ကို စွန့်လွှတ်ပါမည်ဟု အစ္စရေးသမ္မတ ဘင်ဂျမင်နေတန်ယာဟုက သဘောတူညီခဲ့သည်။
ရွှေလမ်းငွေလမ်းဖောက်
အဆိုပါသဘောတူညီချက်ကို အစ္စရေးနိုင်ငံသားတို့က သံတမန်ရေးအရ ရွှေလမ်းငွေလမ်းဖောက်နိုင်မည့် သဘော တူညီချက်အဖြစ် ကြိုဆိုလိုက်ကြသော်လည်း ပါလက်စတိုင်းတို့က ဒေါသမာန်ဟုန်ပြင်းစွာ ပြစ်တင်ရှုတ်ချကြလေသည်။
နိုဝင်ဘာလရွေးကောက်ပွဲ၌ ပြန်လည်ရွေးကောက်ခံရရေးအတွက် တွန်းအားတစ်ရပ်ဖြစ်စေဖွယ်ရှိသော သဘောတူညီချက်ကို သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်စေ့စပ်ပေးခြင်းဖြင့် ဖန်တီးလိုက်လေသလောဟု စောကြောမှုလည်းရှိ၏။ အဂတိလိုက်မှုဖြင့် စွပ်စွဲခံထားရပြီး ရာထူးမှနုတ်ထွက်ပေးရန် ဆန္ဒပြတောင်းဆိုခံထားရသူ နေတန်ယာဟုမှာလည်း “သံတမန်အရွေ့" အပေါ် အကြောင်းပြု၍ “ဂယ်ပေါက်” တစ်ပေါက် (ထွက်ပေါက်တစ်ပေါက်) ရရှိသွားပုံမျိုးဖြစ်သည် ဟူ၍ သုံးသပ်မှုလည်းရှိ၏။
ယူအေအီးသည် အစ္စရေးနှင့် ဆက်ဆံရေးထူထောင်သော အာရပ်နိုင်ငံများတွင် အီဂျစ်နှင့် ဂျော်ဒန်တို့ပြီးလျှင် တတိယမြောက် နိုင်ငံဖြစ်လာသည်။ သဘောတူညီချက်အရ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ခွင့်၊ ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ ယဉ်ကျေးမှုရေးရာ အဖြာဖြာနှင့် နယ်ပယ်ကဏ္ဍစုံတို့တွင် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိလာပေမည်။
အာရပ်ကမ္ဘာနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးသော မြင့်မားလှသည့် ရည်မှန်းချက်အတွက် ဆယ်စု နှစ်ပေါင်းများစွာကြာမျှ မိမိကြိုးပမ်း စွမ်းဆောင်ခဲ့ပါကြောင်း နေတန်ယာဟုက ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။
ထူးထူးခြားခြား
သမိုင်းဝင် ငြိမ်းချမ်းရေးစာချုပ်တစ်ရပ် ရရှိရေးအတွက် အားပေးထောက်ခံကြသော အီဂျစ်၊ အိုမန်နှင့် ဘာရိန်းနိုင်ငံတို့မှခေါင်းဆောင်များကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုရရှိသော စာချုပ်သည် ငြိမ်းချမ်းရေးကို ပိုမိုတည်ဆောက်နိုင်ကာ ဒေသဆိုင်ရာ တည်ငြိမ်မှုအတွက် ထူးထူးခြားခြား ကျေးဇူး ပြုမည်ဖြစ်ပါကြောင်း နေတန်ယာဟုက မြွက်ဆိုခဲ့သည်။
ယူအေအီးနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ရာတွင် အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူမှာ အစ္စရေးအမျိုးသား ထောက်လှမ်းရေးအေဂျင်စီ (မော့ဆက်) အကြီးအကဲ ယော့စည်ကိုဟန်း ဖြစ်သည်။ ၎င်းသည် အပြီးသတ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် လာမည့် ရက်သတ္တပတ် တွင် ယူအေအီးသို့ ခရီး ထွက်ခွာလိမ့်မည်ဟု အစ္စရေးမီဒီယာက သတင်းပေးသည်။
သံတမန်ရေးအရ ပိတ်ဆို့နေသော ဧရာမအတားအဆီးကြီးတစ်ခုကို ရှင်းလင်းဖယ်ရှားလိုက်နိုင်ပြီဟု လက်ခမောင်းခတ်လိုက်သူ အမေရိကန်သမ္မတထရမ့်သည် အစ္စရေးနှင့် ယူအေအီးအကြား ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို လာမည့်သီတင်းပတ် သုံးပတ်ခန့်အတွင်း မြို့တော်ဝါရှင်တန်၌ ကျင်းပပေးဖွယ် ရှိသည်ဟုလည်း ကြေညာခဲ့၏။
လတ်တလောရရှိလိုက်သော သဘောတူညီချက်အရ အနောက်ဘက်ကမ်းဒေသ၏ နယ်မြေ ၃၀ ရာခိုင်နှုန်းအထိကို မိမိ၏ပိုင်နက်အတွင်းသို့ သွတ်သွင်းရေး အစ္စရေး၏ အစီအစဉ်ကို ဆိုင်းငံ့ထားတော့မည်ဖြစ်သည်။ အကယ်၍သာ အစ္စရေး၏အစီအစဉ် အကောင်အထည် ပေါ်လာမည်ဆိုပါက လွတ်လပ်သော နိုင်ငံထူထောင်ရေးဟူသော ပါလက်စတိုင်း တို့၏ အိပ်မက်မှာ အိပ်မက်ဆိုးကြီးတစ်ခု အဖြစ်သို့ပြောင်းလဲသွားနိုင်ပေသည်။
အစ္စရေးနှင့် အာရပ်နိုင်ငံများအကြား တိုက်ရိုက် ဆက်သွယ်နိုင်ခြင်းဖြင့် ပါလက်စတိုင်းတို့အပေါ် ထားရှိသော အစ္စရေး၏ သဘောထားရပ်တည်ချက်များ ပြောင်းလဲလာနိုင်သည်ဟု အပြုသဘော ရှုမြင်မှုရှိသည်။
အနောက်ဘက်ကမ်းဒေသတွင် နေထိုင်လျက်ရှိကြသော ရဟူဒီအခြေစိုက်နေထိုင်သူ ၄၃၀၀၀၀ အနက် အများစု ကမူ နေတန်ယာဟုအပေါ် ဒေါသခြောင်းခြောင်းထွက်ကြသည်၊ အပြစ်ဆိုကြသည်။
ကျောက်ခဲ ရေပေါ်
အစ္စရေးနှင့်ယူအေအီးခေါင်းဆောင်များအကြား နွေးထွေးလာမည့် ဆက်ဆံရေးကို မျှော်၍ ရင်ဖိုနေကြချိန်တွင် ပါလက်စတိုင်းတို့မှာမူ “ကျောက်ခဲ ရေပေါ်လေပြီ” ဟူ၍ဝမ်းနည်းစကားဆိုကာ စိတ်ကယောက်ကယက် ဖြစ်နေရချိန် ဖြစ်သည်။ ။
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ခဲ့ဖူးသမျှ သဲထဲရေသွန် ဖြစ်ခဲ့ရသည်ဟု စိတ်ခံစားချက် ပေါက်နေသော ပါလက်စတိုင်းတို့မှာ ခဲလေသမျှ သဲရေကျ ဖြစ်ရချေပြီ။
အစ္စရေးနှင့် ယူအေအီးအကြား သံတမန်ဆက်ဆံရေး ထူထောင်ရန်အထိ ဦးတည်နေသော နှစ်ဖက် ခေါင်းဆောင်ကြီးများ၏ ဆုံးဖြတ်ချက်သည် မသတီဖွယ်ရာ၊ စက်ဆုပ်ဖွယ်ရာ ကောင်းလှဘိတောင်း ဟူ၍ ပါလက်စတိုင်းခေါင်းဆောင်များက မည်တွန်တောက်တီးကြသည်။
အာရပ်စော်ဘွားများ အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို မိမိတို့ပယ်ချကြောင်း၊ ယင်းလုပ်ရပ်သည် ပါလက်စတိုင်းပြည်သူတို့၏ အရေး၊ ဂျေရုဆလင်အရေး၊ အယ်လ်အယ်ဆာ ဗလီဝတ်ကျောင်းတော်ကြီး အရေးတို့အပေါ် သစ္စာဖောက်မှုပင်ဖြစ်ကြောင်း ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ကြေညာသည်။
ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သည် ယင်း၏ သံအမတ်ကြီးကို အဘူဒါဘီ (ယူအေအီးမြို့တော်) မှ ပြန်လည်ခေါ်ယူခဲ့သည်။ အစ္စရေး၏ ပိုင်နက်နယ်မြေအတွင်းသို့ သွတ်သွင်းခံရခြင်းဘေးမှ လွတ်မြောက်သွားခြင်းသည် ပါလက်စတိုင်းတို့အား အကျိုးကျေးဇူးပြုသည်ဟူသော ယူအေအီး၏ ပြောကြားချက်ကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ပယ်ချသည်။
ယူအေအီးသည် ပါလက်စတိုင်းပြည်သူတို့၏ ကိုယ်စားပြောရေးဆိုခွင့်မရှိပါဟု ပါလက်စတိုင်း ခေါင်းဆောင်များက အခိုင်အမာ ညွှန်းဆိုသည်။ မိမိတို့၏ နယ်မြေအချုပ်အခြာအာဏာပိုင်စိုးရေးတွင် ယူအေအီး က ကြားဝင်စွက်ဖက်ခြင်းမပြုသင့်ဟု ဆိုသည်။
ပြိုင်ဘက် “ဟားမားစ်” လှုပ်ရှားမှုအဖွဲ့ကလည်း အဆိုပါသဘောတူညီချက်ကို ပြစ်တင်ရှုတ်ချသည်။ ယင်းအဖွဲ့သည် လူဦးရေသိပ်သည်းသော ဂါဇာကမ်းမြောင် ဒေသကို ထိန်းချုပ်ထားသောအဖွဲ့ဖြစ်သည်။
နိုင်သူပြုံး၍ ရှုံးသူမှိုင်
နိုင်သူပြုံး၍ ရှုံးသူမှိုင် ဟူဘိသို့ မတူကွဲပြားသော ရလဒ်များကို ဖြစ်ပေါ်စေသည့် သမိုင်းဝင်သဘော တူညီချက်ကို အပြုသဘော ကြိုဆိုကြသူများတွင် ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်များပါဝင်သည်။ အငြင်းပွားဖွယ်ရာ သဘောတူညီချက် ဖြစ်လင့်ကစား အစ္စရေးနှင့် ယူအေအီးအကြား သံတမန်ဆက်ဆံရေး ထူထောင်ရန် ဦးတည်ခြင်းကို ထောက်ခံသည်ဟု ဥရောပကော်မရှင်၏ နိုင်ငံခြားရေးမူဝါဒ ပြောခွင့်ရပုဂ္ဂိုလ် နဘီလာ မာဆလီလီ က ပြောကြားသည်။
အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို ထောက်ခံသည်ဟု အီးယူက ဆိုသည်။
အမေရိကန်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရရှိလာသော သဘောတူညီချက်သစ်ကို အထူးအားဖြင့် မွတ်စလင်နိုင်ငံများက ပြင်းပြင်းထန်ထန် ရှုတ်ချကြကာ ဒေါသတကြီး ဝေဖန်ပြောကြားလျက်ရှိကြသည်။
အီရန်နိုင်ငံကမူ ယင်းသဘောတူညီချက်နှင့် ပတ်သက်၍ “မဟာဗျူဟာမြောက် သွက်ချာလည်အမှား” ဟူ၍ ဝေဖန်ရှုတ်ချခဲ့သည်။ အီဂျစ်နှင့် ပင်လယ်ကွေ့ နိုင်ငံအများအပြားကမူ ငြိမ်းချမ်းရေး သဘောတူညီချက်အဖြစ် သတိရှိရှိ ကြိုဆိုကြသည်။
နောက်ကျော ဓားနှင့်ထိုး
လတ်တလောမှာပင် ပါလက်စတိုင်းတို့၏ ဆန္ဒပြပွဲများ စတင်ဖြစ်ပေါ်လာသည်။ ချစ်ဟန်ဆောင်လျက် သိုင်းဖက်ကာ ပါလက်စတိုင်းတို့၏ ကျောပြင်ကို နောက်ဘက်မှ ဓားနှင့်ထိုးသည့် လုပ်ရပ်အဖြစ် သူတို့ ရှုမြင်သည်။
အစ္စရေးနှင့် ယူအေအီးအကြား သံတမန်ရေးအရ ရွှေလမ်းငွေလမ်းဖောက်နိုင်မည့် သဘောတူညီချက်၏ အကျိုးသက်ရောက်မှုများသည် ဒင်္ဂါးပြားတစ်ပြား၏ ခေါင်းနှင့်ပန်းပမာ အရှေ့နှင့်အနောက် တူရူပြုချက် မတူကွဲပြားခြားနားနေပြီး အကောင်းက များမည်လော၊ အဆိုးက အလေးသာမည်လောဟု ပြောဆိုရန် စောနေသေးပုံကို ကျွန်ုပ်သတိမူမိရင်း “အကျိုး အပြစ် ဆန်းစစ် နှိုင်းချိန် သုခမိန်ပမာ” ဟု ကျူးရင့်မိပါသတည်း။ ။
Ref: Daily news updates