ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲမှု တစ်ခုခုဖြစ်လာတိုင်း အလွယ်တကူ အလွယ်တကူ အကိုက်အခဲ ပျောက်ဆေးတွေကို သောက်လိုက်တဲ့ သူလေးတွေရှိလား… ဒါဆိုရင်တော့ တော်ရုံ နာကျင် ကိုက်ခဲမှုလောက် အတွက်နဲ့ အကိုက်အခဲပျောက်ဆေးကို မသောက်ပါနဲ့ လို့ ပြောပါရစေ။ ဒီလိုပြောရတဲ့ အကြောင်းအရင်းကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ အထူးဖတ်သင့်တာက လေဒီလေးတွေပေါ့။
အကိုက်အခဲပျောက်ဆေး သောက်တိုင်း ကောင်းလား………….
Acetaminophen ဒါမှမဟုတ် ibuprofen လိုမျိုး စတီးရွိုက်မပါဝင်တဲ့ အရောင်ကျဆေးဝါးတွေ ကို ၆ နှစ်နဲ့အထက် သောက်သုံးခဲ့တဲ့ အမျိုးသမီးတွေဟာ အကိုက်အခဲပျောက်ဆေးကို တစ်နှစ်ဒါမှမဟုတ် တစ်နှစ်ထက် နည်းတဲ့ကာလ သောက်သုံးခဲ့သူတွေထက် အကြားအာရုံ ဆုံးရှုံးနိုင်ခြေ တော်တော်လေး များနေတာကို တွေ့ရှိရပါတယ်။
သုတေသီတွေဟာ သည်သုတေသန တွေ့ရှိချက်ကို American Journal of Epidemiology မှာဖော်ပြခဲ့ပါတယ်။
“အကိုက်အခဲပျောက်ဆေးကို ကာလ အတော်ကြာ သုံးစွဲလာခဲ့တဲ့ အမျိုးသမီးတွေမှာ အကြားအာရုံ ဆုံးရှုံးမှုခံစားရနိုင်ခြေဟာ ပုံမှန်ထက် ပိုများနေပါတယ်။” လို့သုတေသနကို ဦးဆောင်တဲ့ ဘော်စတွန် အမျိုးသမီးဆေးရုံ နဲ့ Brigham မှာရှိတဲ့ Channing Division of Network Medicine က ဆရာဝန်တစ်ဦး ဖြစ်သလို ဟားဗတ် ဆေးတက္ကသိုလ် ပါမောက္ခ ဂရေးချာဟန်က ပြောကြားခဲ့ပါတယ်။
အမေရိကန်မှာ အက်စပရင်နဲ့ စတီးရွိုက်မပါဝင်တဲ့ အရောင်ကျဆေးဝါးများ (NSAID) တွေလိုမျိုး အကိုက်အခဲ ပျောက်ဆေးတွေကို အသုံးပြုမှုဟာ သိသိသာသာ မြင့်တက်လာခဲ့သလို ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အကိုက်အခဲပျောက်ဆေးကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုက အသက် ၆၀ ကျော် အမျိုးသမီး ၃ ပုံ ၂ ပုံခန့်ဟာ အကြားအာရုံ ချို့ယွင်းမှုကို ခံစားနေရတာကို တွေ့ရှိရပါတယ်။ အစောပိုင်းက အကိုက်အခဲပျောက်ဆေး အသုံးပြုမှုနဲ့ အမျိုးသား များမှာ အကြားအာရုံ ချို့ယွင်းမှု တို့ကြားမှာ ဆက်စပ်မှု ရှိပါတယ်၊လို့တွေ့ရှိခဲ့ပါတယ်။ သုတေသီတွေဟာ အမျိုးသမီးတွေရဲ့အကြားအာရုံ နဲ့ အကိုက်အခဲပျောက်ဆေး သောက်သုံးမှု ကာလကြားက ဆက်စပ်မှုကို လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူတို့ရဲ့ လေ့လာသုံးသပ်မှု အသစ်အတွက် သုတေသီတွေဟာ Nurses’ Health Study မှာ အမည်စာရင်းသွင်းထား တဲ့ အမျိုးသမီး ၅၅,၈၅၀ ဦးရဲ့အချက်အလက်တွေကို လေ့လာခဲ့ပါတယ်။
သုတေသီတွေဟာ အမျိုးသမီးတွေရဲ့ ကိုယ်တိုင်တင်ပြလာတဲ့ အကြားအာရုံဆုံးရှုံးမှုနဲ့ ibuprofen၊ acetaminophen နဲ့ aspirin သောက်သုံးမှုတွေကြားကဆက်စပ်မှုကို လေ့လာခဲ့ပါတယ်။
လေ့လာမှုရလဒ်မှာတော့ အကိုက်အခဲပျောက်ဆေးတွေကို ၆ နှစ်နဲ့အထက်သောက်သုံးလာခဲ့တဲ့ အမျိုးသမီးတွေမှာ အခြားအမျိုးသမီးတွေထက် အကြားအာရုံဆုံးရှုံးနိုင်ခြေ ပိုများနေပြီး ibuprofen သောက်သုံးသူ အမျိုးသမီးတွေမှာ အကြားအာရုံ ဆုံးနိုင်ခြေဟာ ပုံမှန်ထက် ၁၀ ရာခိုင်နှုန်း ပိုများနေပြီး acetaminophen သောက်သုံးသူအမျိုးသမီး တွေမှာ အကြားအာရုံ ဆုံးရှုံးနိုင်ခြေဟာ ပုံမှန်ထက် ၉ ရာခိုင်နှုန်း ပိုများနေပါတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။
အကိုက်အခဲပျောက်ဆေးကို ၆ နှစ်အထက် သောက်သုံးသူ အမျိုးသမီးတွေဟာ အကြားအာရုံ ဆုံးရှုံးနိုင်ခြေဟာ အကိုက်အခဲပျောက်ဆေးကို တစ်နှစ်နဲ့ တစ်နှစ်ထက်နည်းတဲ့ ကာလ သောက်သုံးခဲ့သူတွေထက် တော်တော်လေး ပိုများနေတာကို တွေ့ရပါတယ်။ လို့ သုတေသီတွေက ဆိုပါတယ်။
နည်းနည်းလေး ကိုက်ခဲတာနဲ့ အကိုက်အခဲပျောက်ဆေးသောက်နေသူလေးတွေရှိရင် အခုကစပြီး ဆင်ခြင်လိုက်တော့နော်။
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”