အကျိုးကျေးဇူးမျိုးစုံရရှိဖို့၊ စိုက်ပျိုးပြုစုထိန်းသိမ်းစို့

သစ်တောမောင်

သစ်တောသစ်ပင် အကျိုးကျေးဇူးစုံလင်

သစ်ပင်စိုက်ပျိုးခြင်းသည် ရွှေတိုက်၊ ငွေတိုက်ကို ပိုင်စိုးရသကဲ့သို့ အကျိုးကျေးဇူးအမျိုးမျိုးကို ရရှိခံစားနိုင်ပြီး သစ်တောများက အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများက သက်ရှိလောကအတွက် အလွန်ပင်အရေးပါလှသည်။ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် မျက်မှောက်ခေတ်လူသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး အနာဂတ်မျိုးဆက်များ၏ စွမ်းဆောင်ရည်ကိုလည်း မလျော့ပါးစေသည့် ဖွံ့ဖြိုးတိုးတက်မှုမျိုးဖြစ်စေရန် အထူးအရေးကြီးလှပါသည်။ စီးပွားရေးသက်သက် ဖွံ့ဖြိုးတိုးတက်စေရန်ထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဂေဟစနစ်တည်ငြိမ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစသည့် အပြန်အလှန်ဆက်စပ်နေသော ဘက်စုံကဏ္ဍစုံတစ်ပြေးညီ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းကို ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

သစ်တောထိန်းသိမ်းရေး၊ သစ်တောစိုက်ခင်းအမျိုးမျိုး တည်ထောင်ခြင်းနှင့် ဒီရေတောအပါအဝင် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းစဉ်များသည် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကိုတိုးပွားစေ၍ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် စီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ ဖော်ဆောင်နိုင်ပါသည်။ သစ်တောများမှ အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု၊ ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးရှိပြီး အောက်ဖော်ပြပါအတိုင်း အမျိုးအစားခွဲခြား ဖော်ပြကြပါသည် −

ထောက်ပံ့မှုဆိုင်ရာဝန်ဆောင်မှုများ  (Provisional Services)

သစ်၊ ထင်း၊ ဝါး၊ ကြိမ်၊ မှို၊ ဆေးဖက် ဝင်ပင်များ၊ ဖာလာ၊ ဓနိ၊ သက်ငယ်၊ ရှားစေး၊ သစ်ခွများ အပါအဝင် သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ၊ မျိုးရိုးဗီဇအရင်းအမြစ်များ၊ ဇီဝမျိုးစုံ မျိုးကွဲများ၊ စားရေရိက္ခာများ စသည့် ထောက်ပံ့မှုဆိုင်ရာ ဝန်ဆောင်မှုများ၊

ပတ်ဝန်းကျင်ထိန်းညှိမှုဆိုင်ရာ ဝန်ဆောင်မှုများ (Regulating Services)

ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူသိုလှောင်ခြင်း၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ခြင်း၊ ရေအရင်းအမြစ်ထိန်းသိမ်းခြင်းနှင့် သန့်စင်ခြင်း၊ လေကောင်းလေသန့်ရရှိစေခြင်း၊ မြေတိုက်စားမှုမြေပြိုမှုများမှ ကာကွယ်ခြင်း၊ ဝတ်မှုန်ကူးခြင်း၊ ပိုးမွှားကျရောက်မှုများမှ ကာကွယ်ခြင်း၊ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ဖန်တီးပေးခြင်း စသည့် ဝန်ဆောင်မှုများ၊

ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ (Cultural and Spiritual Services)

အရိပ်နားခို၍ အပန်းဖြေနိုင်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပပြီး မျက်စိပသာဒဖြစ်စေခြင်း၊ ယုံကြည်မှုကိုးကွယ်မှုများအတွက် အထောက်အပံ့ပြုခြင်း၊ ရိုးရာဓလေ့များနှင့်ဆက်နွှယ်ခြင်း၊ တန်ဖိုးထားမှုနှင့်စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ ဖြစ်စေခြင်းစသည့် ဝန်ဆောင်မှုများ၊

ဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အကူပေးသည့် ဝန်ဆောင်မှုများ (Supporting Services)၊

မြေဆီအာဟာရ ဖြစ်ပေါ်မှုဖြစ်စဉ်များ၊ မြေဆီလွှာဖြစ်ပေါ်လာမှုဖြစ်စဉ်များ၊ မြေဆီလွှာထိန်းသိမ်းခြင်း ဖြစ်စဉ်အဆင့်ဆင့်အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများအား ချိတ်ဆက်ပေါင်းစပ် ထောက်ပံ့ပေးသည့် ဝန်ဆောင်မှုများ၊

သစ်ပင်သစ်တောများက ထောက်ပံ့သော အကျိုးကျေးဇူးများကားများပြားလှပါသည်။ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာဝန်ဆောင်မှုများကို တိုးပွားစေ၍ စီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးအမျိုးမျိုးကို ဖော်ဆောင်ပေးနိုင်သဖြင့် လူတိုင်း၊ လူတိုင်းတစ်နိုင်တစ်ပိုင်၊ တစ်အုပ်တစ်မ စိုက်ပျိုးခြင်းမှအစပြု၍ မိမိတို့စွမ်းဆောင်နိုင်သလောက် သစ်ပင်များ စိုက်ပျိုးသင့်ပါသည်။

ရာသီဥတုမျှတဖို့

“ဥတုရာသီ၊ တောကိုမှီ” ဆိုသကဲ့သို့ သစ်ပင်သစ်တောများသည် ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိပေးပါသည်၊ လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များစုပ်ယူသိုလှောင် ဖယ်ရှားပေးခြင်း၊ သက်ရှိတို့အတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ပြန်လည်ထုတ်ပေးခြင်းဖြင့် အရေးကြီးသော ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်း၊ ရာသီဥတုနှင့် သဟဇာတဖြစ်စေရန် ထိန်းညှိခြင်းတို့ကို သစ်တောများမှ ဆောင်ရွက်ပေးပါသည်။ ရာသီဥတုမျှတကောင်းမွန်ခြင်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအပါအဝင် ဆက်စပ်လျက်ရှိသောလုပ်ငန်းများ အဆင်ပြေကောင်းမွန်အောင် ပံ့ပိုးပေးသည့်အတွက် ဆက်စပ်လုပ်ငန်း ကဏ္ဍအသီးသီးကလည်း သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်းကို လုပ်ငန်းကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကဏ္ဍအလိုက်လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်နိုင်မည်ဖြစ်ပါသည်။

ရွှေပင်ငွေခက်၊ တောမှထွက်၏

သစ်တောများမှ ရွှေပင်၊ ငွေခက်များရသကဲ့သို့ တင်စားပြောဆိုခြင်းဖြစ်သည်။ သစ်တောများမှ အဖိုးတန် သစ်အမျိုးမျိုး၊ ဝါး၊ ကြိမ်၊ သစ်ခွ၊ ပျားရည်၊ မှို၊ ချိတ်၊ ငှက်သိုက်၊ ဆေးဖက်ဝင်ပင် စသည့် သစ်တောထွက်ပစ္စည်းများကို ရရှိပါသည်။ မိမိတို့ အိမ်၊ အဆောက်အအုံ၊ ပရိဘောဂအမျိုးမျိုးနှင့် လယ်ယာသုံးသစ်များကို သစ်ပင်သစ်တောများမှရရှိပါသည်။ သစ်တောထွက်ပစ္စည်းများကို ထုတ်ယူသုံးစွဲခြင်း၊ စုဆောင်းရောင်းချခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေသည်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေပါသည်။ သားစဉ်မြေးဆက် စဉ်ဆက်မပြတ်ရရှိစေရန် စနစ်တကျ ထိန်းသိမ်းစီမံအုပ်ချုပ်ပြီး ထုတ်ယူသုံးစွဲကြရမည်ဖြစ်ပါသည်။

သစ်ပင်စိုက်ပျိုး အလှတိုး

ပတ်ဝန်းကျင် သာယာစေဖို့၊ မျက်စိပသာဒဖြစ်စေဖို့၊ ရာသီဥတုမျှတစေဖို့ သစ်ပင်စိုက်ပျိုးခြင်းသည် အကောင်းဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံး၊ အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးသော လုပ်ငန်းတစ်ခုဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ ကျား၊ မမရွေး၊ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သော လုပ်ငန်းတစ်ခုဖြစ်သည်။ အလှအပမျက်စိပသာဒ ကောင်းမွန်စေပါသည်။ လမ်းဘေးဝဲယာတွင် စိုက်ပျိုးခြင်းဖြင့် စိမ်းစိမ်းစိုစိုအပင်များတွင် ဖြူ၊ နီ၊ ဝါ၊ ပြာ၊ ခရမ်းအရောင်မျိုးစုံ၊ ပန်းမျိုးစုံတို့ ဖူးပွင့် ဝေဆာပြီး ရှုမငြီးနိုင်အောင် မျက်စိပသာဒဖြစ်ရပါသည်။

“နွေထနောင်း၊ ဆောင်းမန်ကျည်း”ဟု ဆိုရိုးရှိသည်နှင့်အညီ အညာဒေသများတွင် နွေအပူဒဏ်ခံနိုင်စေရန် ထနောင်းပင်များ၊ မန်ကျည်းပင်များကို လမ်းဘေးဝဲယာများ၊ အိမ်ခြံကွက်လပ်များ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် စိုက်ပျိုးကြပါသည်။ ရောင်စုံပန်းများဖူးပွင့်သောအပင်များ မဟုတ်သော်လည်း အညာဒေသ၏ ဒေသခံပြည်သူများအတွက် နွေ၊ မိုး၊ ဆောင်းနားခိုရာအပင်များဖြစ်သဖြင့် အထူးတန်ဖိုးထားကြသည့်အပင်များ ဖြစ်ပါသည်။ ထို့ကြောင့်လည်း “သစ်ပင်စိုက်လျှင် တို့ဝန်းကျင်၊ စိမ်းစိုလှပကြည်နူးရ၏” ဟု ဆိုခြင်းဖြစ်ပါသည်။ ကျေးရွာများနှင့် မြို့ပြများ၊ လမ်းဘေးဝဲယာနှင့် ကွက်လပ်များတွင် သစ်ပင်များစိုက်ပျိုးခြင်းသည် မျက်စိပသာဒလှပစေရုံသာမက သန့်ရှင်းလတ်ဆတ်သော လေများရရှိပြီး အပူချိန်ကိုလည်း လျှော့ချပေးနိုင်သဖြင့် မိမိတို့ကျေးရွာ၊ ရပ်ကွက်အလိုက် အလှတိုးစေရန်သစ်ပင်များ စိုက်ပျိုးသင့်ပါသည်။

စားရေရိက္ခာဖူလုံဖို့၊ စားပင်သီးပင် စိုက်ပျိုးစို့

အရိပ်ရသော အပင်များကို စိုက်ပါကအရိပ်ရပါသည်။ အသီးစားရသော အပင်စိုက်ပျိုးပါက အသီးစားကြရပါသည်။ သစ်၊ ထင်းအတွက်ရည်ရွယ်ပြီးစိုက်က အချိန်တန်လျှင် သစ်၊ တိုင်၊ မျော၊ ထင်းတို့ကို ရရှိနိုင်မည်ဖြစ်ပါသည်။ မိမိကျေးရွာ၊ အိမ်ခြံ၊ လယ်ယာပတ်လည်တွင် ရာသီအလိုက် သီးနှံများ စိုက်ပျိုးခြင်း၊ သရက်၊ ပိန္နဲ၊ ထောပတ်၊ မာလကာ၊ သင်္ဘော၊ သီး၊ ဥသျှစ်၊ ဆီး၊ မရန်း စသည့် မိမိအရပ်ဒေသနှင့် ကိုက်ညီသည့် စားပင်သီးပင်များ စိုက်ပျိုးခြင်းဖြင့် မိမိတို့စားသုံးနိုင်ရုံ သာမက မိတ်ဆွေများ၊ ရပ်ဆွေရပ်မျိုးများ လက်ဆောင်ပေးနိုင်ခြင်း၊ ပိုလျှံသောသီးနှံများ ရောင်းချခြင်းဖြင့် ဝင်ငွေတိုးပွားနိုင်ပါသည်။ မိမိအိမ်၊ လယ်ယာ၊ ကျေးရွာ၊ ရပ်ကွက်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သည့်အပြင် ရာသီအလိုက်သီးပွင့်လာသည့် အသီး၊ အရွက်၊ အညွန့်တို့ကိုလည်း စားသုံးကြရပြီး စားရေရိက္ခာဖူလုံစေပါသည်။ နွယ်၊ မြက်၊ သစ်ပင် ဆေးဖက်ဝင်ဆိုသကဲ့သို့ အပင်ကြီးငယ် ချုံ၊ နွယ်မရွေး သူ့နေရာနှင့်သူအသုံးဝင်ပြီး ပတ်ဝန်းကျင်အတွက် အကျိုးများသဖြင့် နည်းများမဆို စိုက်ပျိုးသင့်လှပါသည်။

စွမ်းအင်လည်းရ၊ ပြည်လည်းလှ

လူတိုင်း အိမ်ထောင်စုတိုင်း၊ မိသားစုတိုင်း အစားအစာချက်ပြုတ်ကြော်လှော်ရန်၊ အနွေးဓာတ်၊ အပူဓာတ်ရရှိရန် ထင်း၊ မီးသွေးလောင်စာများကို အားပြုကြရသည်။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လျှပ်စစ်၊ ဂက်စ်၊ ဆိုလာစသည့် စွမ်းအင်များလုံလုံလောက်လောက်သုံးစွဲနိုင်ရန် အကန့်အသတ်ရှိသဖြင့် မိရိုးဖလာ အစဉ်အလာအရသုံးစွဲခဲ့သော ထင်း၊ မီးသွေးလောင်စာများကိုပင် အသုံးပြုကြရသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး နေ့စဉ်ချက်ပြုတ်စားသောက်ရန်အတွက် ထင်း၊ မီးသွေးကို အဓိကလောင်စာအဖြစ် သုံးစွဲနေကြရသည်။ မြန်မာနိုင်ငံကျေးလက်နှင့် မြို့ပြဒေသနေ ပြည်သူအများစုအတွက် နှစ်စဉ်ထင်းလိုအပ်ချက် ကုဗတန် ၁၆ ဒသမ ၅၃ သန်းခန့်ရှိပြီး ကျေးလက်နှင့် မြို့ပြနေပြည်သူများ၏ ထင်း၊ မီးသွေးသုံးစွဲမှုသည် စုစုပေါင်းစွမ်းအင်သုံးစွဲမှုပမာဏ၏ ၇၆ ဒသမ ၄၁ ရာခိုင်နှုန်းအထိ ရှိပါသည်။

“သစ်တောသစ်ပင်စိုက်ပျိုးလျှင်၊ စွမ်းအင်လည်းရ၊ ပြည်လည်းလှ” စကားသည် လက်တွေ့ကျလှသည်။ ထင်းလောင်စာရရှိရေး သဘာဝတောများကိုသာ အားကိုးအားထားမပြုဘဲ လောင်စာစွမ်းအင်ဖူလုံဖို့ သစ်ပင်များစိုက်ပျိုးဖို့ လိုအပ်ပါသည်။ မိမိတို့ကိုယ်တိုင် လယ်၊ ယာ၊ အိမ်ဝင်းခြံနှင့် ခြံစည်းရိုးများတွင် စိုက်ပျိုးထုတ်လုပ်နိုင်ပါသည်။ ကြီးမြန်သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ထင်း၊ မီးသွေး၊ ဇီဝဒြပ်ထုလောင်စာစွမ်းအင်များရရှိနိုင်ပြီး သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်နိုင်မည်ဖြစ်ပါသည်။

ရေကြည်ချမ်းမြ သစ်တောမှရ

ရေသည် သက်ရှိသတ္တဝါများ အသက်ရှင်နေထိုင်မှုအတွက် အခြေခံအကျဆုံး သဘာဝအရင်းအမြစ်တစ်ခုဖြစ်သည်။ အဖိုးမဖြတ်နိုင်သည့် သဘာဝသယံဇာတဖြစ်သည်။ ထို့ကြောင့် “ထမင်းအသက်ခုနစ်ရက်၊ ရေအသက်တစ်မနက်”ဟု ဆိုကြ၏။ “ရွှေကိုမလို၊ ရေကိုသာလိုသည်” ဟု ဆိုကြသည်။ ရေသယံဇာတသည် သစ်ပင်သစ်တောများမှ အထောက်အပံ့ပြုသည့် အလွန်အဖိုးတန်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုတစ်ခုဖြစ်သည်။

သစ်တောများရှိမှသာ သဘာဝရေဦးရေထွက်များ၊ စိမ့်ရေစမ်းရေများရရှိနိုင်သည်။ သစ်တောများ ပြုန်းတီးခြင်းကြောင့် သဘာဝရေထွက်များ၊ စိမ့်ရေစမ်းရေများ ခန်းခြောက်ပျောက်ကွယ်ကြရသည်။ သစ်တောများ ဖုံးလွှမ်းလျက်ရှိသော ရေဝေရေလဲဒေသများနှင့် ရေတိမ်ဒေသများသည် ရေအရင်းအမြစ်များ ထိန်းသိမ်းပေးလျက်ရှိပြီး ကမ္ဘာ့ရေချိုပမာဏ၏ ၇၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျက်ရှိသည်။ ကမ္ဘာ့အကြီးဆုံး မြို့တော်ကြီးများ၏ သုံးပုံတစ်ပုံသည် ၎င်းတို့အတွက် လိုအပ်သည့်သောက်သုံးရေ ရာခိုင်နှုန်းအများစုကို သစ်တောများဖုံးလွှမ်းနေသည့် သဘာဝနယ်မြေများမှရရှိခြင်းဖြစ်သည်။ သစ်တောများသည် သဘာဝရေသန့်စက်ကြီးများသဖွယ်ဖြစ်၍ မြေဆီလွှာတိုက်စားခြင်း၊ ရေတိမ်ဒေသများ၊ ကန်များ၊ မြစ်များ၊ ချောင်းများနှင့် အင်းများအတွင်း အနည်ကျမှုများ၊ ညစ်ညမ်းများကို လျှော့ချပေးနိုင်ခြင်းဖြင့် လူနှင့်သက်ရှိများကို အကျိုးပြုလျက်ရှိသဖြင့် ရေဝေရေလဲသစ်တောများ ထိန်းသိမ်းကြရမည်ဖြစ်ပါသည်။

ဇီဝမျိုးစုံ၊ တောမှာစုံ

ဇီဝမျိုးစုံမျိုးကွဲဆိုသည်မှာ အပင်နှင့် တိရစ္ဆာန်မျိုးရင်းမျိုးစိတ်များ၊ ဇီဝမျိုးအရင်းအမြစ်များ ၎င်းတို့အချင်းချင်း အပြန်အလှန်ဆက်စပ်မှုများဖြစ်ပါသည်။ သက်ရှိများရှင်သန်ဖို့ အပင်၊ တိရစ္ဆာန် ဇီဝမျိုးစုံမျိုးကွဲတို့ အပြန်အလှန်အမှီသဟဲပြုကြရပါသည်။ လူသားများ ရှင်သန်ရပ်တည်ရေးအတွက်လိုအပ်သော အစားအစာ၊ ဆေးဝါး၊ နေရာထိုင်ခင်း၊ အဝတ်အစားတို့အတွက် ဇီဝမျိုးစုံမျိုးကွဲများက ထောက်ပံ့ပေးပါသည်။ သစ်ပင်၏ အရွက်၊ အသီး၊ အခေါက်၊ အမြစ်စသည့် အစိတ်အပိုင်းများကို အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ နေထိုင်စရာတို့အဖြစ် ဖန်တီးထုတ်လုပ်ပေးပါသည်။ အပင်မျိုးရင်း မျိုးစိတ်အမျိုးမျိုး၊ အသား၊ ငါးအမျိုးမျိုးတို့ကို စားသောက်ပြီး လူသားများရှင်သန်ကြရပါသည်။

ကျေးငှက်၊ တိရစ္ဆာန်များကအပင် ဇီဝမျိုးစုံကြွယ်ဝရန် ဝတ်မှုန်ကူးခြင်း၊ သစ်ဥသစ်ဖုသစ်စေ့များကို စားသောက်ပြီး သစ်စေ့များကို နေရာဒေသအသီးသီးသို့ ဖြန့်ကြက်သယ်ဆောင်ပေးခြင်းဖြင့် ကူညီပေးကြသည်။ ဒီရေတောများသည် ငါး၊ ပုစွန်၊ ကဏန်းနှင့် ရေနေသတ္တဝါများအတွက် နေရင်းဒေသ၊ သားပေါက် ပျော်မွေ့ရာနေရာဖြစ်ပါသည်။ “သစ် တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားခို” ဆိုသကဲ့သို့ သစ်ပင်များဖြင့် ဖွဲ့စည်းထားသည့် တောတောင်စိမ့်စမ်းများသည် တောရိုင်းတိရစ္ဆာန် ဇီဝမျိုးစုံတို့အတွက် ပျော်မွေ့ရာ၊ ကျင်လည်ကျက်စားရာ နေရာဒေသများဖြစ်ပါသည်။ ကြွယ်ဝသည့် ဇီဝမျိုးစုံမျိုးကွဲများကို သစ်ပင်သစ်တောပေါများထူထပ်ရာတွင် စုံစုံလင်လင်တွေ့နိုင်သဖြင့် သစ်ပင်သစ်တောများကို ထိန်းသိမ်းကြရမည်ဖြစ်ပါသည်။

သဘာဝဘေးအန္တရာယ် လျော့ပါးဖို့

သစ်ပင်သစ်တောများသည် လေပြင်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှုများ၊ မြေပြိုမှု၊ မြေတိုက်စားမှုများကို အကာအကွယ်ပေးနိုင်ပါသည်။ သစ်ပင်သစ်တောများ၊ ဒီရေတောများကြောင့် မြစ်ချောင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်ကျေးရွာ၊ ရပ်ကွက်မြို့ရွာများ၊ မြို့များ လေဒဏ်၊ မိုးဒဏ်၊ လှိုင်းဒဏ်လျော့ပါးသက်သာစေပါသည်။ သည်းထန်သည့် မိုးရေများကို သစ်မြစ်များက စုပ်ယူထိန်းသိမ်းထားပြီး ရေကို တဖြည်းဖြည်းချင်းလွှတ်ထုတ်သဖြင့် ရေကြီးမှုကို လျော့နည်းစေပါသည်။ ကမ်းရိုးတန်းများ တည်ငြိမ်စေပါသည်။ အနည်အနှစ်အစိုင်အခဲများကို စစ်ထုတ်ပေးခြင်းဖြင့် ရေကို သန့်စင်ကြည်လင်စေပါသည်။

သစ်မြစ်များက မြေစိုင်မြေခဲ မြေသားများကို ရစ်ပတ်တုပ်နှောင်ထားသောကြောင့် မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ကာကွယ်ပေးပါသည်။ သစ်ပင်သစ်တောများကြောင့် လူသားနှင့် သက်ရှိတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ အကာအကွယ်ပေးနိုင်ခဲ့သည့် သာဓကများစွာရှိခဲ့ပါသည်။ ထို့ကြောင့် သစ်တောသစ်ပင်များကို “သဘာဝအစိမ်းရောင်တံတိုင်းကြီးများ”ဟု တင်စားခေါ်ဝေါ်ကြပြီး ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးသည့် သဘာဝကိုအခြေခံသောနည်းလမ်း (Nature-based Solution) တစ်ရပ်အဖြစ် ကျယ်ပြန့်စွာ အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။

ထာဝရကုသိုလ် ရရှိလို

သစ်ပင်စိုက်ပျိုးခြင်းသည် ထာဝရကုသိုလ်ပြုခြင်းလည်းမည်၏။ ထာဝရ ကုသိုလ်ခြောက်ပါးဆိုသည်မှာ ပန်းဥယျာဉ်၊ သစ်သီးဥယျာဉ်များ စိုက်ပျိုးလှူဒါန်းခြင်း (အာရာမရောပဒါန)၊ အရိပ်ရအပင် စားသုံးပင်စသော သစ်ပင်ကြီးငယ်တို့ကို စိုက်ပျိုးလှူဒါန်းခြင်း (ဝန ရောပါ ဒါန)၊ တံတားခင်းလမ်းဖောက်လှူဒါန်းခြင်း (သေတုကာရကဒါန)၊ ရေချမ်းစင်တည်၍ လှူဒါန်းခြင်း (ပပါဒါန)၊ ရေတွင်းရေကန်ရေမြောင်းများတူး၍ လှူဒါန်းခြင်း(ဥပဒါန)၊ ဇရပ် တန်ဆောင်း ဂူကျောင်းပြာသာဒ် နားနေရိပ်သာ ဆေးရုံဆေးခန်းစသော အဆောက်အအုံများ ဆောက်လုပ်လှူဒါန်းခြင်း (ဥပဿယဒါန) တို့ဖြစ်ပြီး သစ်ပင်စိုက်ပျိုးခြင်းသည် ထာဝရကုသိုလ်တစ်ပါးအဖြစ် ပါဝင်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် ဇရပ်တန်ဆောင်း ဂူကျောင်းပြာသာဒ်နှင့် အခြားထာဝရကုသိုလ်များကဲ့သို့ တူညီသော ကုသိုလ်ကို ရရှိခံစားနိုင်မည်ဖြစ်သဖြင့် ကုသိုလ်ရေးရှုထောင့်မှ ကြည့်လျှင်လည်း သစ်ပင်စိုက်ပျိုးခြင်းသည် အလွန်အကျိုးကျေးဇူးများသော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။

အကျိုးကျေးဇူးမျိုးစုံရရှိဖို့၊ စိုက်ပျိုးပြုစုထိန်းသိမ်းစို့

သစ်ပင်စိုက်ရာတွင် တစ်ပင်စိုက် တစ်ပင်ရှင်၊ စိုက်သမျှအပင် ရှင်သန်ဖို့ အလွန်အရေးကြီးလှပါသည်။ သစ်စေ့မှပျိုးပင်တစ်ပင် ဖြစ်လာသည်အထိ အချိန်၊ ငွေ၊ လုပ်အားများစွာ အရင်းအနှီး စိုက်ထုတ်ခဲ့ရသည်။ ပတ်ဝန်းကျင်၊ ရေ၊ မြေ၊ ဒေသအနေအထားနှင့် သဟဇာတဖြစ်သော သစ်မျိုးများဖြစ်ရန် လိုအပ်ပါသည်။ ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ စသည်ဖြင့် ရည်ရွယ်ချက်ချမှတ်ပြီး နေရာဒေသအလိုက် စနစ်တကျ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ပိုမိုထိရောက်အောင်မြင် နိုင်မည်ဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်နိုင်ရန် ကမ်းရိုးတန်းဒေသများတွင် ဒီရေတောသစ်မျိုးများ စိုက်ပျိုးရာတွင်လည်း ဒီရေအဝင်အထွက်ရှိသည့် နေရာဖြစ်ရန်လိုအပ်ပြီး ရာသီဥတု၊ ဒီရေအတက်အကျ၊ ဆားငန်ရေရရှိမှု၊ မြေဆီလွှာအခြေအနေနှင့် ကိုက်ညီသည့် သစ်မျိုးများ ရွေးချယ်စိုက်ပျိုးကြရမည် ဖြစ်ပါသည်။

 သစ်ပင်ရှင်သန်အောင် စိုက်ပျိုးခြင်းသည် လွယ်ကူသော်လည်းကြီးအောင် ပြုစုရန်၊ မြဲအောင်ထိန်းသိမ်းရန် ခက်ခဲပါသည်။ အပင်တိုင်းအပင်တိုင်းကို တန်ဖိုးထားလျက် စတင်စိုက်ပျိုးခြင်းမှသည် ကြီးပြင်းသည်အထိ ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း၊ မီးကာကွယ်ခြင်း၊ သေပင်ဖာထေးခြင်း၊ ကျွဲ၊ နွား၊ ဆိတ် စသည့် တိရစ္ဆာန်များ ဖျက်ဆီးမှုမရှိစေရေးကာကွယ်ခြင်း လုပ်ငန်းများကို ရာသီအလိုက် လုပ်ဆောင်မှသာ စိုက်ပျိုးပြီးအပင်များကို ကြီးအောင်ပြုစုနိုင်လိမ့်မည်၊ မြဲအောင်ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။ သို့မှသာ သစ်ပင်များက ပေးစွမ်းသော အကျိုးကျေးဇူးမျိုးစုံကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ မကြာမီလာမည့် မိုးရာသီအကြိုနှင့် မိုးရာသီကာလများတွင် မြေဆီစိုခိုက် သစ်ပင်စိုက်ပျိုးနိုင်ရန် အပင်မျိုးမှန်၊ နည်းစနစ်မှန်၊ အချိန်မှန်၊ ပြုစုစောင့်ရှောက်မှု မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြပါစို့ဟု နှိုးဆော်တင်ပြလိုက်ပါသည်။ ။