အကိုင်းချိုင်ခြင်းအနုပညာ

mdn

သတင်းဆောင်းပါး - ဂျူး

 

အကိုင်းချိုင်ခြင်းအနုပညာ (The Art of Pruning)ဟူသောစကားလုံး ကျွန်မအာရုံထဲသို့ မကြာခဏ ရောက်လာတတ်နေသည်မှာ သုံး၊ လေးနှစ်ခန့် ကြာခဲ့ပါပြီ။ အနည်းဆုံးပေါ့လေ။ စင်ကာပူနိုင်ငံသို့ တစ်ခေါက်ရောက်တိုင်း စိတ်မှာ တစ်ခါရေရွတ်မိသောစကားလုံး ဖြစ်ပါသည်။ အကြောင်းမှာ စင်ကာပူနိုင်ငံမှာ လမ်းဘေးဝဲ၊ ယာရှိ သစ်ပင်ကြီးများကို သဘာဝပြတိုက်သဖွယ် စိမ်းလန်းစွာ ခန့်ညားလှပအောင် စီတန်းပြုပြင်ထိန်းသိမ်းထားသည့် မြင်ကွင်းကိုအမြဲတမ်း မြင်တွေ့အားကျနေရသောကြောင့် ဖြစ်ပါသည်။ ကျွန်မတို့ဆီမှာရှိသည့် ကုက္ကိုပင်တွေမျိုးပါပဲ။ အကိုင်းတွေဖြာထွက်နေပုံက ပန်းချီလက်ရာတစ်ခုကဲ့သို့ ညီညာစွာလှပနေလိုက်တာ ရင်သပ်ရှုမောဖွယ်မြင်ကွင်းဖြစ်သည်။

 

သစ်ပင်တို့ကို လူသားများ အသုံးချလာခဲ့ကြသည်မှာ ရှေးနှစ်ပေါင်းများစွာကတည်းကဖြစ်သည်။ သစ်တော တစ်ခု၏ အသုံးဝင်မှုနှင့် မြို့ ရွာတို့တွင်ရှိသည့်သစ်ပင်တို့၏ အသုံးဝင်မှု မတူညီကြပါ။ သစ်တောကိုတော့ ငွေကြေးအတွက် ဘဏ်မှာအပ်နှံထားသည့်ရင်းနှီးမြှုပ်နှံမှုအဖြစ် အသုံးချကြပြီး မြို့ ရွာတွေမှာတော့အပူဒဏ်မှ အကာအကွယ်ပေးသည့် အရိပ်အဖြစ်၊ ထို့အပြင် စိမ်းလန်းသော အလှတရားအဖြစ်၊ ပန်းပွင့်သည့် အပင်အဖြစ်၊ စားသုံးရန် အသီးသီးပေးသည့်အပင်အဖြစ် အကြောင်းအမျိုးမျိုးအရ စိုက်ပျိုးလေ့ရှိကြသည်။

 

ခုတ်ခွင့်ရှိသမျှခုတ်

 

မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုလိုနီဘဝ ၁၈၆၅ ခုနှစ်လောက်က သစ်တောဖုံးလွှမ်းသည့်မြေ ၇၅ ရာ ခိုင်နှုန်းရှိခဲ့သည်ဟု အငြိမ်းစားသစ်တောအရာရှိဦးတင်အေးက ဇွန် လ၂၂ ရက်နေ့ ယောမင်းကြီး ဇရပ်ဆွေးနွေးပွဲမှာ ပြောခဲ့ပါသည်။ ဟိုတုန်းက နှစ်စဉ်သစ်ခုတ်ခဲ့သော်လည်း ငွေရင်းကိုမထိဘဲ ငွေတိုး ကိုသာသုံးစွဲသည့် အဓိပ္ပာယ်အဖြစ် ခုတ်ခွင့်ရှိသမျှကိုသာ ခုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ၂၀၁၁ ခုနှစ်တုန်းက FAO ၏ တရားဝင်ထုတ်ပြန်ချက်အရ သစ်တောဖုံးလွှမ်းဧရိယာ ၄၈ ရာခိုင်နှုန်းဟု ကျွန်မ ဖတ်ဖူးပါသည်။ ထို ၄၈ ရာခိုင်နှုန်းမှာ သစ်ပင်ရှိသော နေရာတွေဖြစ်ပြီး ထိုနေရာတွေထဲမှ တကယ့်မူလသစ်တော (Primary Forest)ရှိသည့်နေရာက တော့ ၁၀ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု ဖတ်ရသည်။ ၂၂ ရက်နေ့က ဆရာဦးတင်အေး ပြောသွား သည့်အထဲတွင် ၂၀၁၅ ခုနှစ်မှာ FAO ၏ ကြေညာချက်အရ သစ်တောဟုပြောနိုင်သည့် မြေ ၄၂ ရာခိုင်နှုန်း ကျန်သေးသည်တဲ့။

 

သစ်ပင်တို့၏ ကျေးဇူး

 

ကျွန်မသည် ကြိုးဝိုင်းထဲမှ သစ်တောသစ်ပင်တို့ကို ကားလမ်းမှ လှမ်းကြည့်နိုင်သည့် မြင်ကွင်းအဖြစ်သာ လှမ်းမြင်ရသူဖြစ်ပါသည်။ ဘယ်လောက်ကုန်သွားပြီး ဘယ်လောက်ထပ်စိုက်သလဲ။ ၂၀၁၁ ခုနှစ်တုန်းက အသစ်ပြန်စိုက်သည့် သစ်တောပမာဏ သုံးရာခိုင်နှုန်း ဆိုသည့် စာရင်းဇယားမှတစ်ပါး သစ်တောများကို မမြင်နိုင်၊ မတွေ့နိုင်ပါ။ ကျွန်မမြင်နိုင်သည်က ကျွန်မတို အိမ်အနီး၊ မြို့အနီးဝန်းကျင်မှ သစ်ပင်တွေကိုပါ။ ထင်း၊ မီးသွေးလောင်စာအဖြစ် အသုံးပြုရန်၊ လျှပ်စစ်မီးတိုင်များ သွယ်တန်းရန်၊ အကြီးစားကုန်တင်ယာဉ်များ နှစ်လမ်း၊ လေးလမ်းသွားလာကုန်သွယ်ဖို့ အဆင်ပြေအောင် ပိုပြီး ကျယ်ပြန့်သောလမ်းမကြီးများ တည်ဆောက်ဖို့၊ လမ်းချဲ့ရန်စသည့် အကြောင်းအမျိုးမျိုးဖြင့် သစ်ပင်ခုတ်နေကြ သည်ကို ကျွန်မသွားရင်းလာရင်း မြင်နေရပါသည်။ သစ်ပင်ခုတ်သည့်အခါ နှမြောတသမှုမရှိ၊ မညှာမတာ ခုတ်နေသည့် မြင်ကွင်းတွေချည်းပါပဲ။ မုံရွာလမ်းဘေးက ပင်စည်တစ်ခုကို ထရက်တာပေါ်မှ ဘက်ဟိုး(Backhoe)ဟုခေါ်သည့် စက်လက်တံကြီးဖြင့် လိမ်ချိုးကာ ဖဲ့ထုတ်နေသောမြင်ကွင်းကို မနှစ်က ကျွန်မမြင်ဖူးခဲ့သည်။ အကိုင်းတွေနှင့် ပင်စည်အထက်ပိုင်းကို ချိုင်နေခြင်း ဆိုတော့ မီးကြိုးသွယ်တန်းရန် ဖြစ်ပါလိမ့်မည်။ အခုလိုလိမ်မချိုးဘဲနှင့် အကိုင်းတွေကို သူ့အဆစ်နှင့် အနီးဆုံး နေရာမှ တွက်ချက်ပြီး စနစ်ကျကျချိုင်လို့မရဘူးလားဟုကျွန်မစိတ်ထဲကသာ မေးမိသည်။ အချိန်မရလို့လား။ အချိန်တိုတိုအတွင်းမှာ ပြီးစီးရန် ကန့်သတ်ထားလို့လား။ ကျွန်မပြီးခဲ့သည့် နှစ်အနည်းငယ်က အစိမ်းရောင်အမွေအနှစ်ဟူသော စာအုပ်လေးတစ်အုပ် ပြုစုခဲ့ဖူးပါသည်။ သစ်ပင်တို့၏ ကျေးဇူးကို သိတတ်စေမည့် စာအုပ်ကောင်းတစ်အုပ်(Green Inheritance)ကို ဖတ်ပြီး နောက် မြန်မာနိုင်ငံ နှင့် သက်ဆိုင်သည့်အရာတို့ကိုထည့်သွင်းရေးသားခဲ့ခြင်းပါ။ သစ်ပင်တစ်ပင်၏ အသက်ရှင်သန်မှု၊ သစ်ပင် တစ်ပင်၏ နာကျင်မှုဒဏ်ရာ တို့ကို ကျွန်မတို့ ဘယ်အချိန်ကျမှ စနစ်တကျ တွေးတောတွက်ချက် ပေးနိုင်ကြမှာပါလိမ့်။

 

အပင်ကို မထိခိုက်အောင်

 

ကျွန်မတို့နိုင်ငံသည် ဆင်းရဲနွမ်းပါးလွန်းလို့ ရှိသမျှ လူဦးရေ အကုန်တောင် လူ့အခွင့်အရေး မရသေးတာ၊ တိရ္ဆာန်တွေရဲ့ အခွင့်အရေးနှင့် သစ်ပင်တွေရဲ့ အခွင့်အရေးကို တောင်းဆိုဖို့အိပ်မက်သည် အဝေးကြီးမှာ ရှိနေပါသည်။ သစ်ပင်တစ်ပင်ကို ပြုစုပျိုးထောင်ရန်သစ်ပင်ကျွမ်းကျင်သူတွေကို လိုအပ်သလိုခန့်ထားသည်က စီးပွားရေး ပြေလည်သောနိုင်ငံများတွင် ပိုပြီးဖြစ်နိုင်မှာပါ။ သစ်ပင်တွေကို ထင်းအတွက်၊ လောင်စာမီးသွေး အတွက် ခုတ်နေရခြင်းအကြောင်းရင်းကို မပယ်ဖျက်နိုင်သေးသရွေ့ သစ်ခုတ်ခြင်းကို တားမြစ်သည့် ကိစ္စမအောင်မြင်နိုင်သေးပါ။ ထင်းအစားထိုးလောင်စာကိုဖြေရှင်းနည်းအဖြစ်ပေးနိုင်ဖို့ နည်းလမ်းရှာပြီးမှ အကောင်အထည်ပေါ်လာမှာမို့ပါ။ သို့သော် သစ်ပင်ကိုမလိုအပ်ဘဲ မခုတ်ရန်၊ အကိုင်းချိုင်သည့်အခါ ပြီးပြီးရော မချိုင်ဘဲ အပင်ကို မထိခိုက်အောင်၊ အပင်ဒဏ်ရာမရ အောင်၊ အပင် ဆက်လက်ကျန်းမာအောင် တွက်ချက်ပြီး ဆောင်ရွက်လို့ရသည်။ ကုန်ရသည့်အချိန်လည်း သိပ်မကွာလှသည်ကိုတော့ သစ်ပင်ခုတ်သူနှင့် တာဝန်ပေး အပ်သူများ စဉ်းစားကြည့်သင့်သည်ဟု ကျွန်မထင်သည်။ မြန်မာလူမျိုးတို့သည် သစ်တော သစ်ပင် ချစ်ခင်တဲ့လူမျိုး ဟူသည့် အပြောမှာ တကယ်မှန်ကန်သည်ဟုပြစေချင်ပါသည်။

 

အကိုင်းမချိုင်ရ

 

ထိုစိတ်ဝင်စားမှုကြောင့်ပင် ကျွန်မနှင့် အလွန်ဝေး လှသော သစ်ကိုင်းချိုင်ခြင်းကို ကျွန်မလေ့လာကြည့်မိသည်။ ကျွန်မက ဂူးဂဲလ်ကိုလည်းအားကိုးသူဖြစ်သည်မို့ အင်တာနက်မှာ အရင်ဆုံးရှာကြည့်ပါသည်။ ပထမ ဆုံး စိတ်ဝင်စားမိသည့် ဝက်ဘ်ဆိုက်အမည်က Trees are Good တဲ့။ သစ်တောထဲက သစ်ပင်တို့သည် သဘာဝအလျောက်သာ အကိုင်းပြတ်၊ အကိုင်းဆက်ကြသော်လည်း မြို့ရွာများတွင် Landscaping အတွက် စိုက်ပျိုးသော သစ်ပင်တို့ကို အပင်တို့၏ ကျန်းမာရေးအတွက် မှန်ကန်စွာ၊ စနစ်ကျစွာ အကိုင်း ချိုးပေးရန်လိုအပ်သည်ဟု ဆိုပါသည်။ သစ်ပင်ကိုမလိုအပ်ဘဲ အကိုင်းမချိုင်ရ။ ခုတ်ပြတ်ရာတိုင်းသည်သစ်ပင်၏ ကြီးထွားမှုအပေါ် အနည်းနှင့်အများ ထိခိုက်သည်။ အကိုင်းချိုင်သည့်အခါ သစ်ပင်ကျွမ်းကျင်သူ(Arborist) တစ်ယောက်ကို ဆောင်ရွက်ခိုင်းပါတဲ့။ ထိုဝက်ဘ်ဆိုက်ကို ဖတ်နေရင်း ကျွန်မသတိရလိုက်မိသူ နှစ်ယောက် ရှိသည်။ တခြားဘယ်သူတွေ ဖြစ်နိုင်မှာလဲ။ ရန်ကုန်စည်ပင်သာယာကော်မတီအဖွဲ့ဝင် အစ်မကြီး သန်းမြင့် အောင်နှင့် မန္တလေးစည်ပင်သာယာကော်မတီအဖွဲ့ဝင် အစ်ကိုကြီး ကျော်ရင်မြင့်တို့ပဲပေါ့။ နေရာအနှံ့အပြားမှာ အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်သစ်ကိုင်းတွေ ချိုင်ကြတော့မည်ဆိုလျှင် သစ်ပင်၏ သက်တမ်းစေ့ နေနိုင်ရေးနှင့် ကျန်းမာရေးကို ဦးစားပေး ပြီး ဆောင်ရွက်ကြစေချင်ကြောင်း အစ်ကိုတို့ အစ်မ တို့မှတစ်ဆင့် မေတ္တာရပ်ခံ ကြည့်ချင်လာပါသည်။

ကျွန်မ စိတ်ကူးသိပ်ယဉ်သွားမိပြီလား မသိပါ။