ရန်ကုန် စက်တင်ဘာ ၈
၂၀၂၂- ၂၀၂၃ နွေစပါးရာသီတွင် တောင်သူနှင့်ကုမ္ပဏီ အကျိုးဖြစ်ထွန်းစေမည့် အကျိုးတူ ကန်ထရိုက် လယ်ယာလုပ်ငန်းကို Supply chain financing အစီအစဉ်ဖြင့် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
အဆိုပါအစီအစဉ်သည် တောင်သူများ၏ နွေစပါး တစ်ဧကအထွက်နှုန်း တိုးတက်စေရန် မျိုးစေ့၊ မြေဩဇာနှင့် သွင်းအားစုများ ပံ့ပိုးပေးမည့်အစီအစဉ်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် နွေစပါး တောင်သူများ စုဖွဲ့၍လည်းကောင်း၊ ဆန်စက်များနှင့် ဆန်စပါး ကုမ္ပဏီများစုဖွဲ့၍ လည်းကောင်း စိုက်ပျိုးထုတ်လုပ် ဝယ်ယူကြိတ်ခွဲ တင်ပို့ရောင်းချသော Supply chain financing စနစ်ဖြစ်ကြောင်း သိရသည်။
လာမည့်နွေစပါးရာသီတွင် နိုင်ငံတစ်ဝန်း စပါးစိုက်ဧက ၈ ဒသမ ၅ သိန်း စိုက်ပျိုးမည်ဖြစ်ပြီး အကျိုးတူ လယ်ယာစနစ်တွင် တောင်သူတို့ကို ငွေသားမပေးဘဲ မျိုး၊ မြေဩဇာ၊ ဒီဇယ် စသော သွင်းအားစုများ အတွက် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကြီးကြပ်ကာ ဖွံ့ဖြိုးရေးရန်ပုံငွေမှ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးရာသီ၌ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် နိုဝင်ဘာလတွင် နွေစပါးဧက ၄၀၀၀၀ နှင့် ပဲတီစိမ်းအတွက် အောက်တိုဘာလကုန်၌ ဧက ၂၀၀,၀၀၀ စိုက်ပျိုးသွားမည်ဖြစ်သည်။ ဆည်ရေရရှိမှုအပေါ်မူတည်၍ နွေစပါးကို တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးနှင့် ထန်းတပင်မြို့နယ် တို့တွင်လည်းကောင်း၊ ပဲတီစိမ်းကို မှော်ဘီ၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ် တို့တွင်လည်းကောင်း အများဆုံး စိုက်ပျိုးရန် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။
နွေစပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသည့် ဆန်စက်များ၊ ဆန်စပါးကုမ္ပဏီများအနေဖြင့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်တွင် ပူးပေါင်းပါဝင်ရန်၊ ဆောင်ရွက်လိုသော မြို့နယ်ဒေသနှင့် စိုက်ဧကများကို စက်တင်ဘာ ၉ ရက် နောက်ဆုံးထား၍ ဆက်သွယ်အဆိုပြုရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဖိတ်ခေါ်ထားပြီး ကုမ္ပဏီနှင့် တောင်သူများ လိုက်နာရမည့်အချက်များကို လုပ်ထုံးလုပ်နည်း (SOP) များနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှ ဖော်ဆောင်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး