နေပြည်တော်၊ ဒီဇင်ဘာ-၁၃
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏ကိုယ်ကျိုး အတ္တကိုအခြေခံ၍ အပြစ်မဲ့ပြည်သူများအား နည်းမျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေသူ ကိုအာကာဖြိုး (၃၀)နှစ်နှင့် ဇနီးဖြစ်သူ သူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်း(၂၉) တို့ နှစ်ဦးသည် နေအိမ်မှ City Hospital ဆေးရုံသို့ သွားရောက်စဉ် ၆၂ လမ်း၊ ၁၀၄x ၁၀၅ လမ်းကြားသို့အရောက်၌ ဆိုင်ကယ်မောင်းနှင် လိုက်ပါလာသည့် လက်နက်ကိုင် အကြမ်းဖက်သမား နှစ်ဦးက ပစ္စတိုသေနတ်ဖြင့် သုံးချက် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သည်။
လက်နက်ကိုင် အကြမ်းဖက်သမား၏ ပစ်ခတ်မှုကြောင့် သူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်းနှင့် ခင်ပွန်းဖြစ်သူတို့ သည် သေနတ်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ၎င်းနေရာမှ အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် USA 9 mm LUGER ကျည်ခွံ ၂ ခုအား လုံခြုံရေး တပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရရှိရသည်။
အဆိုပါ သူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်း သည် CDM တွင် ပါဝင်ခြင်းမရှိသည့်အတွက် မေ ၂၉ ရက်တွင် ပြုလုပ်ခဲ့သည့် ၎င်းတို့၏ မင်္ဂလာဆောင် အခမ်းအနားသို့ အကြမ်းဖက်သမားများက လက်ဖွဲ့ဘူးအတွင်း လက်လုပ်မိုင်း တစ်လုံး ထည့်သွင်းပေးပို့၍ အကြမ်းဖက်သတ်ဖြတ်ရန် လုပ်ဆောင်ခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းပေါက်ကွဲဖြစ်စဉ်တွင် ဒေါ်ချမ်းမြငြိမ်းမှာ သေဆုံး/ဒဏ်ရာရခြင်း မရှိခဲ့သည့်အတွက် ယခုကဲ့သို့ ထပ်မံ၍ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ကျန်းမာရေးဝန်ထမ်းများကိုသာ ပစ်မှတ်ထားတိုက် ခိုက်ခြင်းမဟုတ်ဘဲ အခြားအုပ်ချုပ်ရေး အဖွဲ့အစည်းဝင်ဖြစ်သည့် ရပ်ကွက်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များကိုပါ ပစ်မှတ်ထားသတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိရာ ပြည်ကြီးတံခွန် မြို့နယ်၊ (ဇ) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးငြိမ်းဟန် (၄၁) နှစ်သည် ယမန်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ၁၃၃ လမ်း၊ ၅၆(A) x ၅၆ (ဘီ) လမ်းရှိ ရှမ်းခေါက်ဆိုင်တွင် ခေါက်ဆွဲစားသောက်နေစဉ် ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သမား နှစ်ဦးက ပစ္စတို သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့သဖြင့် ဦးစိုးငြိမ်းဟန်တွင် သေနတ်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးခဲ့သည်။ ထို့ပြင် ဆိုင်အတွင်းရှိ တစ်ရပ်ကွက် တည်းနေသူ မောင်ဖုန်းနေခန့် အသက် (၁၈) နှစ် တွင်လည်း လက်ဝဲဘက်ခါးစောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့သည့်အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပို့ဆောင်ခဲ့ကြောင်းနှင့် ဖြစ်စဉ်နေရာမှ NRC 9 mm LUGER ကျည်ခွံ နှစ်ခုအား တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ရာတွင် ဘာသာရေးအရ ကိုးကွယ်ရာဖြစ်သည့် ရဟန်းသံဃာများ ဆွမ်းခံကြွရောက်မှုကိုပင် ရည်ရွယ်ချက်ရှိစွာဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်လျက်ရှိရာ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ ဦးဇော်စိုင်းဝင်း (၄၀) နှစ်သည် သာသနာ့ သုခီဝါဆို ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များ ဆွမ်းခံကြွရာ၌ ကပ္ပိယ ကျောင်းသားအဖြစ် လိုက်ပါဆောင်ရွက်ပေးစဉ် ယမန်နေ့နံနက် ၇ နာရီခွဲခန့်၌ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမား နှစ်ဦးက ဦးဇော်စိုင်းဝင်းအား သံဃာတော်များအကြား၌ပင် ပစ္စတို သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့သဖြင့် ဝဲဘက်နားအနောက် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့သည့်အတွက် ဦးဇော်စိုင်းဝင်းအား မန္တလေးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက်လက်နက်ကိုင် PDF အဖွဲ့များမှ ယခုကဲ့သို့ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုများကို Khit Thit Media အပါအဝင် တိုင်းပြည်အား ပျက်စီးစေလိုသည့် ပြည်တွင်းပြည်ပမှ အချို့မီဒီယာများနှင့် လူပုဂ္ဂိုလ်များက သတင်းမှားများ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဖြစ်စဉ်များတွင် သိမ်းဆည်းရမိသည့် ပစ္စတိုကျည်ခွံများသည် အကြမ်းဖက်သမားများ အများဆုံး အသုံးပြုနေသည့် ပစ္စတိုကျည်ခွံများ ဖြစ်သည့်အပြင် ရုပ်သံအထောက်အထားများ၊ လူပုဂ္ဂိလ် အထောက်အထားများအရ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ထင်ရှားစွာသိရှိနိုင်မည်ဖြစ်သည်။
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ကို ထောက်ခံအားပေးခြင်း မပြုသောသူများ၊ တာဝန်သိ နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ ပြည်သူများအား နည်းမျိုးစုံဖြင့် တိုက်ခိုက်သတ်ဖြတ်လျက်ရှိပြီး ရဟန်းသံဃာများကိုပင် ပစ်မှတ်ထားတိုက်ခိုက်လာမှုကြောင့် ရဟန်းသံဃာ ၁၄ ပါး ပျံလွန်တော်မူခဲ့ပြီး ဖြစ်သည်။
တိုင်းရင်းသားပြည်သူလူထုများအနေဖြင့် အမြင်မတူသူမှန်သမျှကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်လျက် ရှိသည့် PDF အကြမ်းဖက်အဖွဲ့များ ရပ်တည်နိုင်မှုမရှိစေရေးနှင့် ၎င်းတို့အား နည်းမျိုးစုံဖြင့် ထောက်ပံ့လျက်ရှိသူများအား ထပ်မံထောက်ပံ့နိုင်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည့်ဝစွာပူးပေါင်း၍ လက်တွဲဆောင်ရွက်သွားကြပါရန် သတင်း ထုတ်ပြန်အပ်ပါသည်။