အကြမ်းဖက်အဖျက်ကင်းရှင်းမှ ဒီမိုကရေစီလမ်းကြောင်းမှန် လျှောက်လှမ်းနိုင်မည်

 

 

မြဝတီကုန်သွယ်ရေးဇုန်ကို KKO (ခွဲထွက်) အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် အကောက်ခွန် ဝန်ထမ်းတစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး ကျဆုံးခဲ့ရသည်။ ကုန်သွယ်ရေးဇုန် အဆောက်အအုံနှင့် X - Ray စက်တို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

 

မြဝတီကုန်သွယ်ရေးဇုန်သည် ကရင်ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်ရန် အဓိက ကျသောနေရာ၊ ကရင်ပြည်နယ်သူ ပြည်နယ်သားများနှင့် ဒေသခံပြည်သူများအတွက်သာမက နိုင်ငံတစ်ဝန်းလုံးရှိ စိုက်ပျိုးရေးကုန်ထုတ်လုပ်ကြသည့် ကျေးလက်ပြည်သူများအဖို့လည်း စိုက်ပျိုးရေးပို့ကုန်များ အဓိကတင်ပို့ရာ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည်။ စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများကို KNU အဖွဲ့ခွဲထွက် KKO နှင့် PDF အကြမ်းဖက်အဖွဲ့တို့က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ များလည်း မဆီမဆိုင် သေဆုံးခဲ့ရပြီး ၎င်းတို့၏ လူသားမဆန်သည့် လုပ်ရပ်၊ စစ်ရာဇဝတ်မှု ကျူးလွန်သည့်လုပ်ရပ်တို့ကို ပေါ်လွင်ထင်ရှားစေခဲ့သည်။

 

မိမိတို့နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှု၊ ဖျက်ဆီးမှုများ စတင်ဖြစ်ပေါ်ခဲ့ချိန်မှစ၍ ယနေ့အချိန်အထိ အများပြည်သူဆိုင်ရာ နေရာများ၊ ဘာသာ သာသနာဆိုင်ရာ နယ်မြေများ တိုက်ခိုက်ခံရမှုနှင့် အပြစ်မဲ့ပြည်သူများ သတ်ဖြတ်ခံရမှုပေါင်းများစွာ ရှိခဲ့သည်။ ယင်းဖြစ်ရပ်များ၏ လက်သည်တရားခံမှာ NUG ၊ CRPH တို့ဖြစ်ပြီး အကြမ်းဖက် PDF တို့က ကာယကံမြောက် ကျူးလွန်ခဲ့ကြသူများဖြစ်သည်။ ‘‘ အကြမ်းဖက်အားပေး နိုင်ငံအချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူတချို့က နိုင်ငံတည်ငြိမ်မှုပျက်ပြားအောင် ပြုလုပ်ပြီး ပြစ်မှုကျူးလွန်တဲ့ CRPH ၊ NUG နဲ့ ၎င်းတို့ လက်ဝေခံ PDF အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို မဖော်ပြဘဲ အစိုးရအပေါ် ပြစ်တင်ဝေဖန်နေတာဟာ အလွန်ပဲ လွဲမှားနေတယ်။ NUG နဲ့ ၎င်းတို့လက်ဝေခံ PDF တို့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုများ လုံးဝရပ်ဆိုင်းအောင် ဆောင်ရွက်သွားဖို့ လိုအပ်တယ် ဟူ၍ (၇၈) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။ မိမိတို့နိုင်ငံအပေါ် နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့မှာ သဘောထား မမှန်ကန်ရုံသာမက တစ်ဖက်မှ အကြမ်းဖက်မှုများကိုပါ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးနေကြခြင်းမှာ မိမိတို့ နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသည့်အပြင် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှုနှင့် ပရိယေသန ဝမ်းစာရှာဖွေ မှုတို့ကိုပါ ထိခိုက်စေသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းတွင် “တပ်မတော်နှင့် နိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံကို ဖျက်ဆီးနေသည့်၊ ပြည်သူကို သတ်နေသည့် အကြမ်းဖက်အဖွဲ့ကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေနှင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်သို့ ခိုင်မာစွာ လျှောက်လှမ်း နိုင်ရန်အတွက် လက်ရှိအစိုးရ၏ ကြိုးပမ်းလုပ်ဆောင်မှုများကို ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို လေးစားပြီး အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း လည်း တိုက်တွန်း ပြောကြားခဲ့သည်။

 

မိမိတို့နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်သို့ ခိုင်မာစွာ လျှောက်လှမ်းနိုင်ရန်မှာ အကြမ်းဖက် အဖျက်လုပ်ရပ်များ ကင်းရှင်းနေရန်လိုသည်။ သို့ဖြစ်ရာ နိုင်ငံကို အလုံးစုံပျက်သုဉ်း စေပြီးမှ မိမိတို့အာဏာထူထောင်နိုင်မည်ဟူသော အကြမ်းဖက်အမြင်ဖြင့် နိုင်ငံကို ဖျက်ဆီး၊ ပြည်သူကို သတ်ဖြတ်နေသော အကြမ်းဖက်အုပ်စုများကို တုံ့ပြန်နှိမ်နင်းရာတွင် အကြမ်းဖက် မှုကိုမလိုလားသော ပြည်သူအားလုံးက ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ကြရေး နှိုးဆော်တိုက်တွန်း အပ်ပါကြောင်း။

 

မြန်မာ့အလင်း