၅ ဖေဖော်ဝါရီ

 

လန်ဒန်တောင်ပိုင်း စထရက်သန်မှာ လူနှစ်ယောက် ဓားထိုးခံရပြီးတဲ့နောက်မှာတော့ ဗြိတိန်နိုင်ငံအနေနဲ့ အကြမ်းဖက်မှုအတွက် ပြစ်ဒဏ်စီရင်မှုကို ပြင်ဆင်မှု ပြုလုပ်သွားဖို့ ဖြစ်လာခဲ့ပါတယ်။ အကြမ်းဖက်မှုအပေါ် ပြစ်ဒဏ်စီရင်မှုနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံမှာ အရေးပေါ် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ဖေဖော်ဝါရီ ၄ ရက်မှာ အသိပေးခဲ့ပါတယ်။

 

ပြင်ဆင်ဖို့ဖြစ်လာ

 

မကြာသေးမီကမှ အကျဉ်းထောင်ကနေလွတ်လာတဲ့ အစွန်းရောက်သမားတစ်ဦးဟာ လူနှစ်ယောက်ကို ဓားနဲ့လိုက်ထိုးတဲ့ဖြစ်ရပ်ကြောင့် ဗြိတိန်နိုင်ငံအနေနဲ့ အကြမ်းဖက်သမားနဲ့ပတ်သက်တဲ့ ဥပဒေကိုပြင်ဆင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဓားနဲ့လိုက်လံတိုက်ခဲ့တဲ့သူဟာ အိုင်အက်စ်အုပ်စုနဲ့ ဆက်နွယ်မှုရှိတယ်လို့လည်း ပြောဆိုကြပါတယ်။ ဗြိတိန်မှာဆိုရင် အကြမ်းဖက်မှုကျူးလွန်သူဟာ သူတို့ရဲ့ ပြစ်ဒဏ်ရဲ့ တစ်ဝက်ကိုခံယူပြီးတဲ့နောက်မှာ ပြန်လွှတ်ပေးတဲ့အစီအစဉ်ရှိပါတယ်။ အခုလိုထောင်ကနေ လွတ်လာတဲ့အကြမ်းဖက်သမားတစ်ဦးဟာ ဓားနဲ့တိုက်ခိုက် မှုဖြစ်လာတဲ့အခါမှာတော့ အဲဒီအစီအစဉ် အဆုံးသတ်ဖို့အတွက် အရေးပေါ်ဥပဒေပြဋ္ဌာန်းသွားဖို့ တရားရေးဝန်ကြီး ရောဘတ် ဘတ်ခ်လန်းက ကတိပြု ပြောကြားခဲ့ပါတယ်။

 

အိုင်အက်စ်တိုက်ခိုက်ရေးသမားလား

 

အခုလိုမျိုးစောစီးစွာ အကျဉ်းထောင်ကနေ လွှတ်ပေးလိုက်ခြင်းဖြင့် အန္တရာယ်ဖြစ်စေနိုင်မှုရှိမရှိကို အကဲဖြတ်စစ်ဆေးမယ်လို့လည်း သူကဆက်ပြောပါတယ်။ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသားတွေအနေနဲ့လည်း အရင်လိုမဟုတ်တဲ့ စည်းမျဉ်းတွေနဲ့ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပြစ်မှုကျူးလွန်ထားသူ တစ်ယောက်ဟာ သူကျခံရမယ့်ပြစ်ဒဏ်ရဲ့ သုံးပုံနှစ်ပုံကို ကျခံပြီးမှသာ ပြန်လွှတ်ပေးဖို့ စဉ်းစားပေးမှာဖြစ်ပါတယ်လို့ တရားရေးဝန်ကြီးက ပါလီမန်အမတ်တွေကို ပြောပါတယ်။ ဆူဒတ်အမန်လို့ခေါ်တဲ့ အကြမ်းဖက်သမားဟာ အသေခံဗုံးခွဲ ဝတ်စုံအတုကို ဝတ်ဆင်ထားပြီး လန်ဒန်မြို့တောင်ပိုင်း စထရက်သန်မှာ လူနှစ်ဦးကို ဓားနဲ့လိုက် ထိုးခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ကိုအသေပစ်ခတ် ဖမ်းဆီးခဲ့ရပါတယ်။ အိုင်အက်စ်တို့ အတွက် ဝါဒဖြန့်ပေးသူတွေကတော့ အမန်ဟာ အိုင်အက်စ် တိုက်ခိုက်ရေးသမားဖြစ်တယ်လို့ ဖော်ပြခဲ့ကြ ပါတယ်။

 

အလားတူဖြစ်ရပ်မျိုးကြုံတွေ့ဖူး

 

ဂျီဟတ် အုပ်စုကိုနှိမ်နင်းတဲ့အခါမှာ မဟာမိတ်အနေနဲ့ ပူးပေါင်းပါဝင်ခဲ့တဲ့နိုင်ငံတွေမှာ ပြန်လည်လက်တုံ့ပြန် တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။ အမန်ဟာ လွန်ခဲ့တဲ့သီတင်းပတ်ကမှ ထောင်ကနေလွတ်မြောက် လာသူလည်းဖြစ်ပါတယ်။ သူဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကိုဖြန့်ဝေမှု၊ လက်ဝယ်ထားရှိမှုနဲ့ အပြစ်ပေးခံရသူလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်လခန့်ကလည်း အလားတူအဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း အကြမ်းဖက်မှုနဲ့ အဖမ်းခံရပြီး စောစီးစွာ ပြန်လွှတ်ပေးခံရသူ အက်စမန်ခန် ဟာ လန်ဒန်တံတားအနီးမှာ ဓားဖြင့် တိုက်ခိုက်မှုကျူးလွန်ခဲ့တဲ့အတွက် ရဲတွေက အသေပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။ အက်စမန်ခန်ဟာ အကျဉ်းသားများ ပြန်လည်ထူထောင် ရေးဆွေးနွေးပွဲ တက်ရောက်အပြီးမှာတော့ လူနှစ်ဦးကို ဓားနဲ့ထိုးသတ်ခဲ့ပါတယ်။

 

ပြစ်ဒဏ်ကျခံမှုစနစ် ပိုမိုကောင်းမွန်ဖို့လို

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ အမန်ကို ပြန်လွှတ်ပေးတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ ပြစ်ဒဏ်ကာလမစေ့မီ ပြန်လွှတ်ပေးရမယ့်အထဲမှာ အမန်မပါဝင်ဘဲ ဘာကြောင့်ပြန်လွှတ်ပေးခဲ့တာလဲလို့ မေးမြန်းခဲ့ပါတယ်။ နောက်ပြီးအကျဉ်းထောင်အတွင်းနဲ့ အပြင်ဘက်မှာ အစွန်းရောက်ဝါဒ လျှော့ချရေးအတွက် လုပ်ဆောင်မှုတွေမှာ ထိရောက်မှုရှိပါသလားဆိုတဲ့ သံသယတွေလည်း မြင့်တက်လာခဲ့ပါတယ်။ ပင်ပန်းကြီးစွာ စောင့်ကြည့်ထောက်လှမ်းရတဲ့ စနစ်မျိုးကို ပြန်မသွားချင်ဘူး။ ဒါကြောင့်ပြစ်ဒဏ်ကျခံမှုနဲ့ ပတ်သက်တဲ့စနစ်တွေမှာ ပိုမိုကောင်းမွန်လာဖို့လိုအပ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ လန်ဒန်တံတားအနီးမှာ တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် မှာတော့ အကြမ်းဖက်မှုကို အနည်းဆုံးထောင်ဒဏ် ၁၄ နှစ် ထိချမှတ်ဖို့ တင်းကျပ်ခဲ့ပါတယ်။ နောက်ပြီးတော့ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးအတွက်လည်း ရန်ပုံငွေပိုမိုပေးဖို့ ပြုလုပ်ခဲ့ပါတယ်။

 

အစွန်းရောက်သူဖြစ်လာ

 

အမန်ကတော့ ၂၀၁၈ ဒီဇင်ဘာလအတွင်းမှာ ထောင်ဒဏ်သုံးနှစ်နဲ့ လေးလကျခံဖို့ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပါတယ်။ စထရက်သန်မှာရှိတဲ့ ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကိုထားရှိတဲ့ အဆောင်မှာနေထိုင် ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ သူ့ကိုပြန်လွှတ်ပေးခဲ့ပေမယ့် ဒီအတိုင်းမထားပါဘူး၊ စောင့်ကြည့်ဖို့ အရာရှိတွေလွှတ် ထားတယ်လို့ပြောပါတယ်။ အမန်ဟာဈေးချိုတဲ့ကုန်ပစ္စည်း ဆိုင်ကနေ ဓားခိုးယူခဲ့ပြီး အမျိုးသားတစ်ဦးနဲ့အမျိုးသမီး တစ်ဦးကို တိုက်ခိုက်ခဲ့ပါတယ်။ အမန်ရဲ့မိခင်ဖြစ်သူကတော့ သူ့ရဲ့သားဟာ ယဉ်ကျေးတဲ့ လူငယ်တစ်ယောက်ပါလို့ စကိုင်းနယူးစ်နဲ့ အင်တာဗျူးမှာဖြေခဲ့ပါတယ်။ ဟယ်လီမာ ဖရက်ဇ်ခန်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းသားဖြစ်သူ ဆီကိုသွားတွေ့တဲ့အခါ ပုံမှန်အတိုင်းပဲ ရှိနေတယ်လို့ ပြောပါတယ်။ ဖရက်ဇ်ခန်ကတော့ သီရိလင်္ကာကနေ ပြောင်း ရွှေ့လာသူလည်းဖြစ်ပါတယ်။ သူ့သားဟာ အကျဉ်းထောင်ထဲမှာ အစွန်းရောက်ပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်လို့ ပြောပါတယ်။

 

ရှာဖွေမှုများပြုလုပ်

 

သားဖြစ်သူ အမန်ထောင်ထဲကို မရောက်ခင်တုန်းက အမန်ဟာ ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက် မဟုတ်ပါဘူး။ ထောင်ထဲကလည်း ထွက်လာရော ဘာသာရေး ကိုင်းရှိုင်းသူတစ်ယောက် ဖြစ်လာတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။ သူဓားနဲ့ထိုးခဲ့တဲ့အက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားကတော့ ဒဏ်ရာပြင်းထန်ပေမယ့် အသက် အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့ သိရပါတယ်။ အသက် ၅၀ ဝန်းကျင် အမျိုးသမီးကတော့ ဆေးရုံကနေ ဆင်းသွားပါပြီ။ တတိယမြောက် ထိခိုက်သွားတဲ့လူကတော့ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

 

သူကတော့ သေနတ်ပစ်ခတ်ရာမှ မှန်ကွဲစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာပါ။ အခုအခါမှာတော့ အသေးစားဒဏ်ရာလေး တွေကိုကုသပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အကြမ်း ဖက်မှုတိုက်ဖျက်ရေး အရာရှိတွေကတော့ အမန်နေထိုင် သွားတဲ့နေရာတွေမှာ ရှာဖွေမှုတွေပြုလုပ်နေပါတယ်။ သူ့ရဲ့ နေအိမ်မှာရော အဆောင်မှာပါ ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

 

အခွင့်အရေးမပေးနိုင်

 

အကြမ်းဖျင်းအားဖြင့်တော့ လန်ဒန်မြို့မှ လူ ၇၀ ကျော်ဟာ အကြမ်းဖက်မှုနဲ့ ပြစ်ဒဏ်ကျခံရပြီး ပြစ်ဒဏ် ကျခံပြီးနောက် ပြန်လည်လွတ်မြောက်သွားကြပြီလို့ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်က ပြောပါတယ်။ “အကြမ်းဖက်သမားတွေဟာ လူတွေကို ခွဲခြားပစ်ဖို့၊ လန်ဒန်မြို့မှာ ဘဝရှင်သန်ရပ်တည်နေတာတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းနေကြတယ်။ သူတို့ကို အောင်မြင်အောင်လုပ်ဖို့ အခွင့်အရေးမပေးနိုင်ဘူး လို့ လန်ဒန် မြို့တော်ဝန်က ဆက်ပြောပါတယ်။

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားရာမှာ အရေးပေါ်ကယ်ဆယ် မှုတွေ ပြုလုပ်ခဲ့တဲ့အဖွဲ့ကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

 

လွယ်ကူသောအရာမဟုတ်

 

အကြမ်းဖက်မှုကို ကာကွယ်ဖို့ဆိုတာ တကယ်တမ်းမှာတော့ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ သံသယရှိသူ ကိုစောင့်ကြည့်သင့်သလား၊ ဘယ်လိုမျိုးအနေအထား ရောက်တဲ့အခါ ဖမ်းဆီးမှုပြုလုပ်သင့်သလဲ၊ ဖမ်းဆီးမှု ပြုလုပ်ဖို့ အတွက် ဘယ်လိုသက်သေအထောက်အထား တွေလိုအပ်မလဲ။ ဒါတွေအားလုံးက တော့ဆုံးဖြတ်ရခက် တဲ့ မေးခွန်းတွေပါပဲ။

 

ကိုးကား - အေအက်ဖ်ပီ

ခြူးစန္ဒီနွေး