အကြမ်းဖက်မှုကိုတိုက်ဖျက်မှ ပြည်သူများဘဝ လုံခြုံစိတ်ချ

mdn

 

နေပြည်တော် ဇူလိုင် ၂၉

 

ကမ္ဘာပေါ်တွင် နိုင်ငံရေး၊ ဘာသာရေး၊ ဝါဒရေး၊ စီးပွားရေး အကြောင်းတစ်မျိုးမျိုး အတွက် လက်နက်စွဲကိုင် တိုက်ခိုက်သတ်ဖြတ်သည့် အကြမ်းဖက်လမ်းစဉ်ကို အသုံးချလာကြသည်။ အကြမ်းဖက်လမ်းစဉ်မှာရက်စက်ယုတ်မာသည့်လုပ်ရပ်ဖြစ်ပြီး ပြည်သူများအား အကြောက်တရားကြီး မားလာအောင် လုပ်ဆောင်ကာ အာဏာထူထောင်ခြင်းပင်ဖြစ်သည်။ အကြမ်းဖက်သမားတို့၏ ရည်မှန်းချက်သည် ဖြတ်လမ်း နည်းဖြင့်ရယူသည့် ယုတ်မာရက်စက်သော လုပ်ငန်းစဉ်ဖြစ်သည်။

 

ယနေ့ကမ္ဘာတွင် အကြမ်းဖက်ဝါဒကိုမည်သည့်နိုင်ငံကမျှ လက်မခံဘဲ မိမိတို့နိုင်ငံ တွင် အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာပါက အမြစ်ပါမကျန် တွန်းလှန်တိုက်ဖျက်ပစ် သည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်ပစွက်ဖက်မှုများနှင့်တိုင်းပြည်စည်းလုံးညီညွတ်မှု ပျက်ပြားနေသောနိုင်ငံများ၌ အကြမ်းဖက်ဝါဒ အားကောင်းနေသည်ကို တွေ့ရမည် ဖြစ်သည်။ လက်ရှိကာလတွင် အကြမ်းဖက်ဝါဒရလဒ်များကို အီရတ်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နိုင်ငံတို့တွင် မြင်တွေ့နေရသည်။ အကြမ်းဖက်ဝါဒသည် ကင်ဆာ ရောဂါကဲ့သို့ဖြစ်ပြီး စောစီးစွာအမြစ်မဖြတ်နိုင်ပါက ကြာလျှင်အမြစ်စွဲ၍ မည်သို့မျှ တိုက်ဖျက်မရသော ရောဂါဆိုးကြီးဖြစ်လာမည်မှာ သေချာသည်။

 

 ယခုအခါ အကြမ်းဖက်ဝါဒကို လက်မခံသော အင်အားကြီးနိုင်ငံကြီးသည်ပင် ရေရှည်တွင် အကြမ်းဖက်ဝါဒကို အလျှော့ပေးလာရသည်ကို တွေ့ရသည်။ ထိုနိုင်ငံ ကြီးသည် အကြမ်းဖက်သမားတို့ကို ဆယ်စုနှစ်တစ်ခုမက တိုက်ဖျက်လာရာမှကြာရှည်သောအခါ စစ်ပန်း၊ စစ်စရိတ်ထောင်း ဖြစ်လာသောကြောင့် အကြမ်းဖက်သမားများ အခြေစိုက်သည့် အထက်ပါနိုင်ငံများမှ တပ်ဆုတ်လာ ကြသည်ကို တွေ့ ရမည်ဖြစ်သည်။ ထိုအခါ အကြမ်းဖက်သမားများမှာလည်း ခေါင်းထောင်မင်းမူလာကာ အဆိုပါနိုင်ငံများရှိ ပြည်သူများ ဒုက္ခပင်လယ်ဝေနေကြသည်ကို တွေ့နေရသည်။ အာဖဂန်နစ္စတန် နိုင်ငံတွင် အကြမ်းဖက်သမားများလက်ချက်ကြောင့် ယခုနှစ် အတွင်း အရပ်သားများ သေကျေပျက်စီးမှု ငါးထောင်ကျော်ရှိသည်ဟု သိရသည်။ ယင်းတွင် ကလေးငယ်များသေဆုံးမှု ၁၆၀၀ ကျော်ပင်ရှိနေသည်။

 

အကြမ်းဖက်သမား တာလီဘန်များနှင့် အာဖဂန်အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲအရှိန်မြင့်တက်လာ သည့်အတွက် အရပ်သားများ သေကျေပျက်စီးမှုများလာ သည့်အပေါ် ကုလသမဂ္ဂက စိုးရိမ်လျက်ရှိသည်။ တိုက်ပွဲများနှင့်ပဋိပက္ခများကြောင့် အရပ်သားများ သေကျေပျက်စီးရမှုကို တာလီဘန်နှင့် အာဖဂန်အစိုးရ နှစ်ဖက်စလုံး အား သတိထားကြရန် ကုလသမဂ္ဂက တောင်းဆိုထားသည်။ မြန်မာနိုင်ငံတွင် ယခုနှစ်ဦးပိုင်း နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ အကြမ်းဖက်လုပ်ငန်းစဉ် များ ပြုလုပ်လာကြသည်ကိုတွေ့ရသည်။ အကြမ်းဖက်သမားများ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူများ ရာနှင့်ချီကာ သေဆုံးရသလို အကြမ်းဖက်သမားများကိုလည်း ရာနှင့်ချီကာ နှိမ်နင်းခဲ့ရသည်။

 

အကြမ်းဖက်သမားများ ခေါင်းထောင်မလာရန်အတွက် နှိမ်နင်းနေသည့်အပေါ် အကြမ်းဖက်သမား များကိုရော သက်ဆိုင်ရာအစိုးရကိုပါ နှစ်ဖက်သတိထားရန် ကုလသမဂ္ဂ၏ပြောကြားချက်သည် အံ့ဩစရာပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြမ်းဖက်ဝါဒ ခေါင်းထောင်မလာစေရန် နိုင်ငံများ ကြိုးပမ်းတိုက်ဖျက်နေချိန်တွင် အကြမ်းဖက်သမားများဘက်ကပါ ရပ်တည်ပြောဆိုလာမှုများမှာ မေးခွန်းထုတ် စရာဖြစ်သည်။ အကြမ်းဖက်ဝါဒ အမြစ်စွဲနေသောနိုင်ငံများတွင် တိုင်းပြည်မည်သို့မျှ နာလန်မထူလာနိုင်ဘဲ အပြစ်မဲ့ပြည်သူများ သေကျေပျက်စီးဒုက္ခရောက်နေကြသဖြင့် အကြမ်းဖက်သမားများတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြရ မည် ဖြစ်သည်။ အကြမ်းဖက်သမားဘက်မှရပ်တည်ခြင်းသည် အကြမ်းဖက်လုပ်ရပ်ကို အားပေးရာရောက်သည်ကို သတိချပ်ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာပြန်ရယူလိုမှုကြောင့် နိုင်ငံရေးသမားတို့သည် တိုင်းပြည်အလုံးစုံ ပျက်စီးရေးလမ်းကြောင်းကို ပြောင်းလဲကျင့်သုံးလာကြသည်ကိုတွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျင့်သုံးလာသော တိုင်းပြည်အလုံးစုံ ပျက်စီးရေးလမ်းစဉ်သည် တည်ဆဲအစိုးရကို တိုက်ခိုက်ရန် ဆိုသည်ထက် ပြည်သူ အချင်းချင်း အမုန်းပွားရေး၊ ပြည်သူအချင်းချင်း တိုက်ခိုက်ဖျက်ဆီးရေး ပြုလုပ်လာ သည်ကိုတွေ့ရသဖြင့် တာလီဘန်တို့ထက်ပိုမိုရက်စက်ယုတ်မာသော လုပ်ရပ်ဖြစ်နေ သည်။ ထို့ကြောင့် အကြမ်းဖက်လုပ်ရပ်များ ခေါင်းထောင်မလာအောင်၊ အမြစ်မစွဲအောင် ထိရောက်စွာ တိုက်ဖျက်ရမည်ဖြစ်သည်။ အကြမ်းဖက်လုပ်ရပ်များ ပပျောက် ရန်အတွက် လုံခြုံရေးတပ်ဖွဲ့များနှင့်အတူ ဝိုင်းဝန်းကူညီ ဆောင်ရွက်ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အကြမ်းဖက်ဝါဒသည် ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားတို့၏ လက်ချက်ကြောင့် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ လုံခြုံရေး တပ်ဖွဲ့များက အကြမ်းဖက်သမားများကို နှိမ်နင်းလျက်ရှိပြီး ယခုအချိန်တွင် အမြစ် ပါမကျန်မနှိမ်နင်းနိုင်ပါက နောင်တစ်ချိန်တွင် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် နိုင်ငံကဲ့သို့ ဖြစ်သွားနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။ အကြမ်းဖက်ဝါဒ ချုပ်ငြိမ်း မှသာ ပြည်သူများ လုံခြုံစိတ်ချစွာ နေထိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ တွင် အကြမ်းဖက်လုပ်ရပ်များ လုံးဝပပျောက်ရေးအတွက် တပ်မတော်၊ လုံခြုံရေး တပ်ဖွဲ့များနှင့်အတူ ပြည်သူများက ဝိုင်းဝန်းကူညီလက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

 

ကြေးမုံ