မကွေး ၁၈  ဇန်နဝါရီ 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ကျရေးအတွက် ဥပဒေနှင့် ကာကွယ်မှု နည်းလမ်းများအား အသိပညာပေးမျှဝေခြင်း ဆောင်ရွက်မှုတစ်ခုကို မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ ရွာဦးသရက်တောဓမ္မရုံ၌ ဇန်နဝါရီလ ၁၈ ရက် မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ပြီး ကြာကန်၊ ကြူချောင်းနှင့် ပုဂံမျှော်ကျေးရွာများမှ ဒေသခံအမျိုးသမီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အသိပညာပေး မျှဝေမှုများအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ယုဝေရည်၊ ညောင်ကန်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ဝင်းနှင့် ဒုရဲအုပ်မင်းကျော်သူတို့က ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူ များ က သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။


“အရင်တုန်းကတော့ လင်မယားချင်း ရန်သတ်တယ်ဆိုရင်တောင်မှ သူတို့လင်မယားချင်း ဖြစ်တာပဲဆိုတဲ့ အသိပဲရှိပါတယ်။ ခုကျတော့ လင်မယားချင်းရန်ဖြစ်ပြီး မိန်းမကိုရိုက်တယ်ဆိုရင် အိမ်တွင်းအကြမ်းဖက်မှုဆိုတာ သိသာပါတယ်။ နောက်ပြီးတော့ အမျိုးသားတစ်ယောက်က ကိုယ်အလိုမတူဘဲနဲ့ လိင်ပိုင်းဆိုင်ရာဖြစ်စေ၊ နှုတ်နဲ့ကိုယ်အမူအယာနဲ့ဖြစ်စေ ထိကပါးရိကပါး လာလုပ်ရင် ပြစ်မှုမြောက်တယ်ဆိုတာ သိရပါတယ်။ ကျွန်မအနေနဲ့ကတော့ နီးစပ်ရာကို ဒီအသိပညာတွေ ဖြန့်ဝေပေးသွားမှာပါ ”  ဟု အသိပညာပေးပွဲ တက်ရောက်လာသူ ပုဂံမျှော်ကျေးရွာနေ ဒေါ်ချိုချိုမာ က ပြောသည်။


ကျေးရွာများတွင် မုဒိမ်းမှုကိုပင် ကျေအေးသည့် အဖြစ်အပျက်များရှိနေပြီး အမျိုးသမီးများကို အကာအကွယ်ပေးသည့် ဥပဒေကို မြို့ပေါ်ထက် ကျေးလက်များတွင် ပိုမိုသိရှိရန် လိုအပ်နေသည့်အတွက် အဆိုပါ အသိပညာပေးမှုအား မြန်မာ့အမျိုး သမီးသမဂ္ဂနှင့် လူမှုကူညီရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် ကျေးလက်မြေတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကျေးလက်မြေ ဒါရိုက်တာ ဦးဇော်မင်းထိုက် ထံမှ သိရသည်။

                                                                    
ဇေယျတု(မကွေး)

 

mdn