အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းဖို့ အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သဘောတူညီချက်ရရှိခဲ့

(၁၃)ကြိမ်မြောက် အာရှ- ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသော အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. vijay Kumar singh အား မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ရခိုင်ဒေသပြဿနာတို့နှင့် စပ်လျဉ်းပြီး မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းထားမှုများကို ပြန်လည်ဖော်ပြအပ်ပါသည်။

မေး ။ မြန်မာနိုင်ငံမှာ အကောင်ထည်ဖော်နေတဲ့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များရဲ့ အသီးအပွင့်တွေကို မြန်မာပြည်သူတွေ ဆောလျင်စွာ အကျိုးခံစားရအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ အကြံဉာဏ်လေးပေးစေလိုပါတယ်။

ဖြေ ။ ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူတွေဟာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်ပိုင်းတစ်ရပ်ဖြစ်ပြီး ပြည်သူတွေရဲ့ ဆန္ဒတွေကို ဖော်ဆောင်ပေးရတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ ဥပမာပြရရင် အိန္ဒိယနိုင်ငံမှာ အောက်ခြေအဆင့်ဖြစ်တဲ့ ကျေးရွာအဆင့်မှာ ကျေးရွာကော်မတီတွေ၊ အင်စတီကျူးရှင်း တွေထားရှိပြီး ဒေသဆိုင်ရာအဆင့်မှာတော့ မြူတီစပယ် အင်စတီကျူးရှင်းတွေ ထားရှိပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ ပြည်သူတွေနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွှယ်မှုရှိနေပါတယ်။ နိုင်ငံတော်အဆင့် ပါလီမန်တွေမှာတော့ လူထုကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေရှိပြီး ပြည်သူ့အကျိုးကို သယ်ဆောင်ကြရပါတယ်။ အဲ့ဒီ ပြည်သူ့ကိုယ်စားလှယ်တွေဟာ အစိုးရနဲ့ ပြည်သူအကြား ပေါင်းကူးပေးတဲ့သူတွေဖြစ်တဲ့အတွက် အစိုးရရဲ့လုပ်ငန်းတွေကိုလည်း အထောက်အကူပြုပေးပါတယ်။ ဒီမိုကရေစီ နိုင်ငံတိုင်းဟာ ပြည်သူတွေရဲ့ လိုအပ်ချက်နှင့်အညီ ဒီမိုကရေစီကျကျ ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် သူတို့တွေမှာ ပြည်သူ့အကျိုးဖော်ဆောင်ဖို့ လုပ်ပိုင်ခွင့်အပြည့်အဝ အပ်နှင်းထားရပါတယ်။ ကျေးရွာမှာ လျှပ်စစ်မီး၊ ရေ၊ လမ်းတံတားတွေ ပြည့်ပြည့်စုံစုံမရှိတဲ့အခါ ပါလီမန်ကို တင်ပြရပြီး အမှန်တကယ်လိုအပ်တဲ့ လုပ်ငန်းတွေ အမြန်ဆုံးအကောင်ထည်ဖော်နိုင်ဖို့ ဆောင်ရွက်ပေးရတဲ့သူတွေ ဖြစ်တဲ့အတွက် ဒီမိုကရေစီ စနစ်ကျင့်သုံးနေတာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အလျင်မြန်ဆုံး ဖော်ဆောင်နိုင်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ ရင့်သန်လာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို ပြည်သူတွေ ဆောလျင်စွာ ခံစားရမှာပဲဖြစ်ပါတယ်။

မေး ။ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဘယ်လိုကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံလိုပါသလဲ။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ အကြံဉာဏ် ပေးစေလိုပါတယ်။ 

ဖြေ ။ မြန်မာနိုင်ငံမှာ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံနိုင်တဲ့ နယ်ပယ်တွေ အမြောက်အမြားရှိနေပါတယ်။ အထူးသဖြင့် ပြည်သူတွေက လည်ပတ်တဲ့ အသေးစားစီးပွားရေး လုပ်ငန်းတွေကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။ မြှင့်တင်နိုင်တဲ့ အနေထားလည်းရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဟာ အသေးစားနှင့် အလတ်စား စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် ကဏ္ဍတိုင်းမှာ အခြေခံပြည်သူတွေအတွက် အသေးစား စီးပွားရေးလုပ်ငန်းတွေ တည်ထောင်ထားရှိပါတယ်။ ဒီဟာတွေဟာ ကုန်ပစ္စည်းထုတ်လုပ်ရေးရဲ့ အခြေခံကျဆုံးလုပ်ငန်းဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ပြည်သူတွေရဲ့ တစ်ဦးချင်းဝင်ငွေကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် စွမ်းအင်ကဏ္ဍ၊ သစ်တောကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍ၊ စက်မှုကဏ္ဍတွေ ရှိပါတယ်။ ထို့အတူ ပို့ဆောင်ရေးကဏ္ဍမှာလည်း အလားအလာ ကောင်းတွေရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ ထိုကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရင် အိန္ဒိယနိုင်ငံက လုပ်ငန်းရှင်တွေ အပါအဝင် ပြည်ပလုပ်ငန်းရှင်တွေ ဝမ်းမြောက်စွာနဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ်လို့ မြင်ပါတယ်။

မေး ။ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း အကျပ်အတည်းနဲ့ ပတ်သက်ပြီး ကူညီပံ့ပိုးဖို့ ရှိပါသလားဆိုတာ သိချင်ပါတယ်။

ဖြေ ။ ရခိုင်မြောက်ပိုင်း အကျပ်အတည်းပြဿနာဟာ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့အကြား ဆက်နွှယ်နေတဲ့ အရေးကိစ္စတစ်ခုဖြစ်ပါတယ်။ အဲ့ဒီပြဿနာမှာ အစိတ်အပိုင်း နှစ်ပိုင်းရှိတယ်လို့ မြင်ပါတယ်။ ပထမအစိတ် အပိုင်းကတော့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ဖြစ်ပါတယ်။ ဒုတိယ အစိတ်အပိုင်းကတော့ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ ပြဿနာဟာ ဘယ်လောက် ထိလွယ်ရှလွယ်လဲဆိုတာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ရှုမြင်ပုံပဲဖြစ်ပါတယ်။ လိုအပ်ချက် အနေနဲ့က နေရပ်စွန့်ခွာထွက်ပြေးသူတွေ ပြန်လည်ရောက်ရှိရေးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အမှန်တကယ် လိုအပ်တဲ့သူတွေထံ ရောက်ရှိဖို့အတွက် မြန်မာနိုင်ငံအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့ သဘောတူညီချက်တစ်ရပ် ချုပ်ဆိုနိုင်ရေး လိုအပ်ပါတယ်။ ရခိုင်ဒေသမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ကာလရှည် အခြေချနေထိုင်မှုတွေ ပြုလုပ်နိုင်မယ်ဆိုရင် လက်ရှိ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ လိုအပ်ရင်လိုအပ်သလို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

မေး ။ မြန်မာနဲ့ အိန္ဒိယနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေနဲ့ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို သိရှိလိုပါတယ်။

ဖြေ ။ လက်ရှိအခြေအနေမှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် စွမ်းအင်ကဏ္ဍနဲ့ အခြေခံအဆောက်အအုံ မြှင့်တင်ရေးဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။ လက်ရှိမှာတော့ ဖက်စပ်လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ အိန္ဒိယနိုင်ငံဘက်က အဆိုပြုထားတာတွေ ရှိပါတယ်။ ဒီပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍတွေကနေ မြန်မာပြည်သူအတွက် အကျိုးများစွာ ဖော်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ထို့အတူပဲ စက်မှုလုပ်ငန်းကဏ္ဍတွေမှာ အိန္ဒိယက စိတ်ဝင်စားမှုရှိပြီး နယ်ပယ်တော်တော်များများမှာ ပူးပေါင်းဆောင်ရွက်လိုပါတယ်။

မေး ။ (၁၃)ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ပတ်သက်ပြီး သဘောထားမှတ်ချက်ကို သိလိုပါတယ်။

ဖြေ ။ အစည်းအဝေးကျင်းပတဲ့ နှစ်ရက်တာကာလအတွင်း အကြောင်းအရာ တော်တော်များများကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့ အာရှနှင့် ဥရောပက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး အမြင်ချင်းဖလှယ်နိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းဖို့ကိစ္စမှာ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။ အကြမ်းဖက်မှုကို ထောက်ပံ့တဲ့သူတွေကို ထိရောက်တဲ့ ဥပဒေနဲ့အရေးယူဖို့ ဆိုတာတွေကိုလည်း ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ အကြမ်းဖက်မှုအားလုံးနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ မျှဝေကြဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ထို့အတူ ရာသီဥတု ပြောင်းလဲမှုတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲဆိုတာနဲ့ ပတ်သက်ပြီး သဘောတူညီချက် ရရှိခဲ့ကြပါတယ်။ နေရောင်ခြည် စွမ်းအင်နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ကြတာ ပြည်သူတွေအတွက် များစွာအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ 

ဘာသာပြန်-ကျော်သဲအိမ်