၁၉ ဇန်နဝါရီ
အယ်ဒီတာ့အာဘော်
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ နယ်စပ်လုံခြုံရေးစခန်းများအား ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့နှင့် ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တို့တွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များသည်ARSA အကြမ်းဖက်တိုက်ခိုက်ရေးအဖွဲ့၏ လက်ချက်များဖြစ်သည်ကို အားလုံး သိရှိကြပြီးဖြစ်သည်။
၄င်းအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း စိမ့်ဝင်ထိုးဖောက်ဝင်ရောက်ပြီးနောက် ဒေသနေမူဆလင်ဘာသာဝင်များအား စည်းရုံးသိမ်းသွင်းကာ အကြမ်းဖက်တိုက်ခိုက်ရေး သင်တန်းများပေးခြင်း၊ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် နယ်စပ်လုံခြုံရေးစခန်းများအား တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဒေသနေပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့သည့်အပြင် ဒေသခံတိုင်းရင်းသားပြည်သူများမှာ ၄င်းတို့ နေရင်းအရပ်ကိုစွန့်ခွာ၍ ဘေးလွတ်ရာအရပ်သို့ ရှောင်ပြေးခဲ့ကြသည်။ အလားတူ ဒေသနေ မူဆလင်ဘာသာဝင်များမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည်။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများအတွက်များစွာ ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်ခဲ့ရသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များအရေးကို အကြောင်းပြု၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားများ ပိုများလာခဲ့သည်။ နေရပ်ကိုစွန့်ခွာထွက်ပြေးကြသော ဒုက္ခသည်အရေးမှာ ဒုက္ခသည် အရေးသက်သက်သာမဟုတ်ဘဲ ရွှေ့ပြောင်းသွားလာသူများနှင့် အကြမ်းဖက်သမား အဖွဲ့ဝင်များ ရောနှောပါဝင်နေသည်ကို မြင်တွေ့ ကြားသိရမည် ဖြစ်သည်။
အကြမ်းဖက်သမားများအန္တရာယ်မှာ မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်ပါ စိုးရိမ်ပူပန်နေရသော ပြဿနာဖြစ်ပါသည်။ ရခိုင်ပြည်နယ် နယ်မြေဒေသ တည်ငြိမ်အေးချမ်းအောင် ပြန်လည်ဆောင်ရွက်ပြီးနောက် မကြာသေးမီရက်ပိုင်းက ARSA အကြမ်းဖက်သမားများ စိမ့်ဝင်ထိုးဖောက် ဝင်ရောက်ကာ လုံခြုံရေးတပ်ဖွဲ့များအား တိုက်ခိုက်ခဲ့သည့်သတင်းများ ကြားသိရပေသည်။ အကြမ်းဖက်သမားများသည် ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အသွင်ခိုအောင်းပြီး အကြမ်းဖက် လုပ်ငန်းများလုပ်ကိုင်ရန် ကြိုးပမ်းကြံစည်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်သမားများအား ပြန်လည်လွှဲပြောင်း ပေးအပ်ရေးအတွက် တစ်ဖက်နိုင်ငံအား တောင်းဆိုထားသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က နေပြည်တော်၌ပြုလုပ်သည့် စတုတ္ထအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေးတွင်ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃ဝဝ ကျော်၏အမည်စာရင်းကို ဓာတ်ပုံများနှင့်တကွ မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ် ဘက်သို့ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။ ARSA အကြမ်းဖက်သမားများအား ၁၉၈ဝ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် နယ်နိမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့်အညီ ဥပဒေကြောင်းအရ အရေးယူသွားနိုင်ရန်အတွက် ပြန်လည်လွှဲပြောင်းပေးရန် အကြောင်းကြားထားပြီးဖြစ်သည်။
ဇန်နဝါရီလ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ် လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးတွင်လည်း ARSA အကြမ်းဖက်အဖွဲ့၏ လတ်တလော လှုပ်ရှားဆောင်ရွက်မှုများကို အသိပေးပြောကြားခဲ့ပြီး မြန်မာဘက်မှ တရားဝင် ပေးပို့ထားပြီးဖြစ်သော ARSA အကြမ်းဖက်သမားများစာရင်းကို ထပ်မံပေးအပ်၍ နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ လွှဲပြောင်းပေးအပ်ရန် အသိပေးထားသည်။
သို့ဖြစ်ရာ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား ရခိုင်ပြည်နယ်တွင် ပြန်လည်စိစစ် လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေချိန်တွင် ARSA အကြမ်းဖက်သမားများက စိမ့်ဝင်ထိုးဖောက်တိုက်ခိုက်ခြင်း၊ မလိုလားအပ်သော နှောင့်ယှက်ဟန့်တားမှုများ၊ ဖျက်ဆီးခြင်းများ ပြုလုပ်လာနိုင်သည်ကို ကြိုတင်ဟန့်တား သတိထား၍ လုံခြုံရေးအသိဖြင့် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း။ ။