သထုံ   မတ်   ၈

မွန်ပြည်နယ်၊ သထုံမြို့ရှိ မြို့မဈေးတွင် အကြမ်းဖက်သမားများ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် ဈေးခေါင်းရုံး အပါအဝင် ဈေးဆိုင်ခန်းများ အသစ်ပြန်လည် စတင်ဆောက်လုပ် လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက မတ် ၇ ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဈေးတာဝန်ခံများ၊ မြို့နယ်တည်ဆောက်ရေး ကော်မတီဝင်များက သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် တစ်လအတွင်း အပြီးတည်ဆောက်ပြီး ဈေးသူဈေးသားများ လုံခြုံစိတ်ချမ်းမြေ့စွာဖြင့် အမြန်ဆုံး ပြန်လည်ရောင်းဝယ်နိုင်ရေး ဆွေးနွေးမှာကြားသည်။

သထုံမြို့မဈေးရှိ ဈေးခေါင်းရုံးနှင့် ဈေးဆိုင်ခန်းပေါင်း ၃၀ ကျော်တို့မှာ ဖေဖော်ဝါရီ ၁၈ ရက်က PDF အမည်ခံ အကြမ်းဖက်သမားများ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး ဈေးသည် ဈေးဝယ် အပြစ်မဲ့ပြည်သူများလည်း ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ရသည်။

အဆိုပါ ပျက်စီးခဲ့ရသည့် ဈေးခေါင်းရုံးနှင့် ဈေးဆိုင်ခန်းပေါင်း ၃၀ ကျော်တို့အား ပြည်နယ်ဘတ်ဂျက် ပိုလျှံရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အသစ်ပြန်လည်စတင် ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သထုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ကိုကိုဦး(ပြန်/ဆက်)