ပြည်ထောင်စု မြန်မာနိုင်ငံ သမ္မတကြီးဦးဝင်းမြင့်က ထောင်ဒဏ်အပြစ် ပေးခံ အကျဉ်းကျများကို ယခုရက်များအတွင်း လွတ်ငြိမ်းသက်သာခွင့် သုံးကြိမ်ပေးခဲ့သည်။ သက်ကြီးရွယ်အိုများ၊ နာတာရှည် ကျန်းမာရေး မကောင်းသူများ၊ အမျိုးသမီးများ၊ လူငယ်များ၊ မသန်စွမ်းသူများ စသည့် အကျဉ်းသား အကျဉ်းသူများကို ရွေးချယ်ရေး မူဝါဒနှင့် အညီ စနစ်တကျ စိစစ်ပြီး လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

 

ထိုလွတ်ငြိမ်းသက်သာခွင့်ပေးပြီးသည့်နောက် မေ ၈ ရက်တွင် ကလေး အကျဉ်းထောင်၊ ဘားအံအကျဉ်းထောင်တို့နှင့် မေ ၉ ရက်တွင် ရွှေဘို အကျဉ်းထောင်၊ မြစ်ကြီးနားအကျဉ်းထောင်၊ ထားဝယ်အကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်နှင့် ပုသိမ်အကျဉ်းထောင်တို့အတွင်း အကျဉ်းသား ဆူပူမှုများဖြစ်ပွားခဲ့၏။

 

အကျဉ်းသားများဆိုသည်မှာ အခြေခံလူ့အခွင့်အရေး ရရှိရန် လိုအပ်ပြီး ဥပဒေအရနှင့် အကျဉ်းထောင် စည်းမျဉ်းစည်းကမ်းများအရ အကျဉ်းသားများရသင့်သည့် အခွင့်အရေးများရှိသည်မှာ အမှန်ပင် ဖြစ်ပါသည်။

သို့သော်လည်း အကျဉ်းသားများဟူသည် သာမန်နိုင်ငံသား များနှင့်မတူပါ။ အကျဉ်းထောင်များအတွင်းရှိ ထောင်စည်းမျဉ်းစည်းကမ်း များက သီးခြားဖြစ်ပါသည်။ တရားစီရင်ရေးမဏ္ဍိုင်က ဥပဒေနှင့်အညီ ထိုက်သင့်သည့် အပြစ်ဒဏ်များအပေါ်မူတည်ပြီး အကျဉ်းထောင်များတွင် နှစ်ရှည်နှစ်တို နေကြရခြင်းဖြစ်သည်။

 

ယခုအခါ နိုင်ငံတော်သမ္မတက သူ၏လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ စိစစ်၍ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ခြင်းဖြစ်ပါသည်။ အကျဉ်းသားများအတွင်း နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်နှင့် ပတ်သက်ပြီး မကျေနပ်ခြင်း၊ မိမိတို့၏ လိုလားမှုများကို ဖော်ပြလိုခြင်းများလည်း ရှိမည်သာဖြစ်ပါသည်။ သို့သော်လည်း အကျဉ်းထောင်များအတွင်းမှနေ၍ အကျဉ်းစခန်းများ၏ စည်းကမ်းဥပဒေနှင့် ဘောင်များအတွင်းက တောင်းဆိုရန်၊ တင်ပြရန်၊ ဖော်ပြရန်သာ ရှိပါ၏။

 

ယခုအခါ ထောင်အသီးသီးမှာ ရှိနေသည့် အကျဉ်းသားများ၏ တောင်းဆိုချက်များမှာ တစ်ထပ်တည်းဖြစ်နေပြီး ထောင်အတွင်းတွင် ထောင်စည်းကမ်းအရ ရဖို့မဖြစ်နိုင်သည့် လက်ကိုင်တယ်လီဖုန်းများဖြင့် ဗီဒီယိုရိုက်ကူးကာ ချက်ချင်းရိုက်တင်ပြုလုပ်ခဲ့ခြင်းက အကျဉ်းသားများ လုပ်ပိုင်ခွင့်ထက် များစွာကျော်လွန်နေသည်ကို သတိပြုမိပါသည်။

 

လက်ရှိ အစိုးရသည် ဒီမိုကရေစီအစိုးရဖြစ်သည့်အပြင် နှစ်ပေါင်း များစွာ အကျဉ်းထောင်များနှင့် နီးစပ်ခဲ့သည့် အစိုးရအဖွဲ့ဝင် အများအပြား ပါဝင်ခဲ့သည့်အတွက် အကျဉ်းသားများနှင့်ပတ်သက်လျှင် နားလည်စာနာ မှုများစွာ ရှိသူများဖြစ်ပါသော်လည်း စည်းမျဉ်းဥပဒေကို ကျော်လွန်လာခြင်း အတွက်ကိုမူ သီးခြားသဘောထားကာ စဉ်းစားအဖြေရှာရမည်သာ ဖြစ်ပါသည်။

အစိုးရအနေဖြင့် ဖြစ်ပျက်ခဲ့သမျှအားလုံးကို စနစ်တကျ ထိထိ ရောက်ရောက် စုံစမ်းစစ်ဆေးမှုပြုရန်လိုအပ်ပြီး ဆက်လက်ဆောင်ရွက်စရာ ရှိသည်များကို ဆောင်ရွက်ရန်လိုပါမည်။

 

နိုင်ငံတော်သမ္မတအနေဖြင့် လွတ်ငြိမ်းသက်သာခွင့်ပေးသည့် မူလ ရည်ရွယ်ချက်အတိုင်း အကျဉ်းသားများ၏ လိုအပ်ချက်များကို စာနာ နားလည်ကာ အကျဉ်းသားများ၏ လိုလားမှုများကို သက်သက်ညှာညှာ စဉ်းစားရန် လိုသကဲ့သို့ စည်းကမ်းဥပဒေ ချိုးဖောက်မှုများကိုလည်း စနစ်တကျ စိစစ်အရေးယူမှုများပြုလုပ်ခြင်းဖြင့် နိုင်ငံတော်တည်ငြိမ်မှု၊ တရားဥပဒေ စိုးမိုးမှုတို့ကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။မြန်မာ့အလင်း