နေပြည်တော် ဩဂုတ် ၂၇

သာယာဝတီဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် အကျဉ်းသား ၄၀ ကျော်ကို ထောင်ဝန်ထမ်းများက ရိုက်နှက်မှုကြောင့် ဦးခေါင်းနှင့်ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိပြီး တိုက်ပိတ်မှုများ၊ ခြေကျင်းခတ်မှုများလည်း ခံနေရသည်ဟူ၍ Khit Thit အမည်ခံ Facebook Page က ဩဂုတ် ၁၉ ရက်တွင် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် အဖျက်အမှောက်သတင်းအဖြစ် မဟုတ်မမှန် လုပ်ကြံသတင်း ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဖြစ်စဉ်အား စိစစ်ရာတွင် သာယာဝတီဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားဟူ၍ မရှိဘဲ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက်၍ တရားရုံးက ပြစ်ဒဏ်ပေးထားသော အကျဉ်းသားများသာရှိကြောင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ သာယာဝတီဗဟို အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည့် အကျဉ်းသား ၃၀၀ ကို အကျဉ်းထောင်အတွင်းသို့ တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် ရှာဖွေခြင်းသာ ဆောင်ရွက်ခဲ့ခြင်းရှိပြီး ထောင်ပြောင်းအကျဉ်းသားများ ရောက်ရှိချိန်တွင် အကြောင်းမဲ့ ရိုက်နှက်ခြင်း မရှိသည့်အပြင် ထောင်တွင်းဆေးရုံတွင် ဦးခေါင်းနှင့် အခြားဒဏ်ရာရှိသည့် အကျဉ်းသားများလည်း မရှိကြောင်း။

ထို့ပြင် တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ခြင်းမရှိဘဲ လုံခြုံရေးအရ သီးခြားခွဲထားရန် လိုအပ်သည့် အကျဉ်းသား အချို့ကိုသာ ရက်သတ္တတစ်ပတ် စောင့်ကြည့်ရန် တိုက်၌ သီးခြားထားရှိခြင်းသာဖြစ်ကြောင်း၊ ထောင်တွင်းနေထိုင်မှု စည်းကမ်းများအတွက် သင်ကြားပြောဆိုခြင်းသာရှိပြီး ညှင်းပန်းနှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်းများမရှိဘဲ ရိုက်နှက်ပါက ဥပဒေအရ အရေးယူမှုရှိကြောင်း၊ အကျဉ်းထောင် ဝန်ထမ်းများသည် ဥပဒေနှင့်အညီသာ အုပ်ချုပ်ဆောင်ရွက်လျက်ရှိသည့်အတွက် Khit Thit အမည်ခံ Facebook Page ၏ ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်သည်။

ကျော်မိုးအောင်