နေပြည်တော် နိုဝင်ဘာ ၁၄
သာယာဝတီ အကျဉ်းထောင်တွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်မှ ပြောင်းလာသည့် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးခန့်ကို ၂ နှစ်နီးပါးကြာ အကြောင်းမဲ့ တိုက်ပိတ်ထားသည်ဟု Khit Thit Media အမည်ခံ Facebook Page က နိုဝင်ဘာ ၁၁ ရက်တွင် မဟုတ်မမှန်လုပ်ကြံ သတင်းရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
ဖြစ်စစ်အား စိစစ်ရာ သာယာဝတီဗဟိုအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူဟူ၍ မရှိဘဲ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်၍ ပြစ်ဒဏ်ကျ ခံနေရသူများသာရှိပြီး အကျဉ်းထောင်တွင် သာယာဝတီခရိုင်အတွင်းမှ ပြစ်ဒဏ်ကျခံသူ အကျဉ်းသား/သူ နည်းပါးပြီး လူဦးရေကြပ်တည်းသည့် အကျဉ်းထောင်များမှ အကျဉ်းသား/သူများ၊ အခြားထောင်များမှ စည်းကမ်းပျက် အကျဉ်းသား/သူများကို လက်ခံ ထိန်းသိမ်းထားရှိမှုများကြောင်း။
သာယာဝတီဗဟိုအကျဉ်းထောင်၏ တိုက်အမှတ်(၅)၌ စည်းကမ်းပျက် ထောင်ပြောင်းလာသည့် အကျဉ်းသူ (၇)ဦးရှိပြီး ကျိုက်မရောဗဟိုထောင်မှ (၂)ဦး၊ အင်းစိန်ဗဟိုထောင်မှ (၂)ဦး၊ ဘားအံထောင်မှ (၁)ဦး၊ မန္တလေး ဗဟိုအကျဉ်းထောင်မှ (၁)ဦး၊ သာယာဝတီ ဗဟိုအကျဉ်းထောင်မှ (၁) ဦး ဖြစ်ကြောင်း။
ထို့အတူ တိုက်အမှတ်(၈)၌ စည်းကမ်းပျက် ထောင်ပြောင်းများဖြစ်သည့် မန္တလေး ဗဟိုအကျဉ်းထောင်မှ (၁၃)ဦး၊ အင်းစိန်ဗဟို ထောင်မှ (၂)ဦး၊ ပြည်အကျဉ်းထောင်မှ (၂)ဦး၊ သာယာဝတီ ဗဟိုအကျဉ်းထောင်မှ (၁)ဦး စုစုပေါင်းအကျဉ်းသူ (၁၈)ဦး ရှိကြောင်း၊ ယင်းအကျဉ်းသူများသည် တိုက်ပိတ်ပြစ်ဒဏ် ကျခံနေရခြင်းမရှိဘဲ လုံခြုံရေးအရ သီးခြားခွဲထားသည့် အကျဉ်းသူများသာဖြစ်ပြီး အိပ်ဆောင်ရှိ အကျဉ်းသူများကဲ့သို့ ရပိုင်ခွင့်များ အပြည့်အဝရှိကြောင်း။
တိုက်နှစ်ခုလုံး၏ တာဝန်ခံ ဒုကြီးကြပ်ရေးမှူးသည် ယင်းအကျဉ်းသူများ၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို အနီးကပ်ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိပြီး ယင်းအကျဉ်းသူများသည် အခြား အကျဉ်းသူများနှင့် ရောနှောထားရှိပါက အကျဉ်းထောင်စည်းကမ်းများကို ဖောက်ဖျက်နိုင်သည်ကို စိစစ်တွေ့ရှိရသဖြင့် သီးခြားခွဲ၍ ထိန်းသိမ်းထားရှိခြင်းသာ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သာယာဝတီဗဟိုအကျဉ်းထောင်သည် လယ်ယာမြေများ၏ အလယ်တွင် တည်ဆောက်ထားသဖြင့် မိုးရာသီတွင် အကျဉ်းထောင်အတွင်းသို့ မြွေများ၊ ကင်းခြေများကောင်များ၊ ကင်းမြီးကောက်များ ဝင်ရောက်လေ့ရှိသဖြင့် အမျိုးသားဝန်ထမ်းများက ဝင်ရောက်ရှင်းလင်းရာတွင် အကျဉ်းသူများကို အိပ်ဆောင် (သို့) တိုက်ခန်းများအတွင်းသို့ ဝင်ရောက်စေပြီးမှသာ အမျိုးသားဝန်ထမ်းများအား ဝင်ရောက်ရှင်းလင်းစေသည့်အတွက် အခန်းတွင်း ဝင်ရောက်ရိုက်နှက် အပြစ်ပေးခြင်းများ၊ ကြိမ်းမောင်းဆဲဆိုခြင်းများ မရှိသည့်အတွက် Khit Thit Media အမည်ခံ Facebook Page ၏ ဖော်ပြမှုသည် အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ထင်ယောင်ထင်မှား ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်လုပ်ကြံသတင်းဖော်ပြခြင်းသာ ဖြစ်သည်။
မိုးမိုး


