နေပြည်တော် ဇန်နဝါရီ ၂၇

 

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသော်လည်း အကျဉ်းထောင် အာဏာပိုင်များက လုံလောက်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားနိုင်ခြင်းမရှိဘဲ ထောင်တွင်းကျွေးမွေးသည့် ပဲဟင်းနှင့် ထမင်းသည် ယခုနှစ် ဇန်နဝါရီ ဒုတိယအပတ်မှစ၍ မာသည့်အခါမာ၊ ပျော့သည့်အခါပျော့နေသဖြင့် အစာအိမ်ရောဂါအခံရှိသူများ ဗိုက်အောင့်ဝေဒနာ ခံစားနေကြရပြီး ထမင်းစားရသည်မှာ အဆင်မပြေဖြစ်နေသည်ကို တင်ပြသော်လည်း အကျဉ်းထောင်ဘက်က တင်ပြပြောဆိုချက်များကို လက်မခံကြောင်း Khit Thit Media အမည်ခံ Facebook Page က မဟုတ်မမှန်လုပ်ကြံ သတင်းရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးဗဟိုအကျဉ်းထောင်တွင် ယခုနှစ် ဇန်နဝါရီအတွင်း ဝမ်းဗိုက်ရောဂါနှင့် ပတ်သက်၍ အကျဉ်းထောင်ဆေးရုံ ပြင်ပလူနာဌာနသို့ လာရောက်ပြသသူ အကျဉ်းသား ၃ ဦး၊ အကျဉ်းသူ ၁ ဦးသာရှိပြီး မှတ်တမ်းများအရ ပြီးခဲ့သည့်လများက ဝမ်းဗိုက်ရောဂါနှင့် ဆေးရုံပြသသူ ပျမ်းမျှ ၇ ဦးခန့်သာ ရှိကြောင်း၊ ဇန်နဝါရီ ၂၃ ရက်အထိ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သတ်၍ ဆေးဝါး ကုသပေးရသည့် အကျဉ်းသား/ အကျဉ်းသူ တစ်ဦးမျှမရှိကြောင်း အကျဉ်းထောင်တာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။

 

ထို့ပြင် မန္တလေးဗဟိုအကျဉ်းထောင်၌ ချက်ပြုတ်ပြီးသော ထမင်း၊ ဟင်းလျာများကို အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများထံသို့ မကျွေးမွေးမီ တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးပြီး အိပ်ဆောင်များသို့ အဖုံးပါသော စတီးအိုးများဖြင့် ဖြန့်ဝေပေးကြောင်း၊ ထမင်းနှင့်ဟင်းများ သန့်ရှင်း လတ်ဆတ်မှုရှိစေရေး၊ ခြင်/ယင် ပိုးမွှားများ မနားစေရေးတို့ကို စနစ်တကျ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

အကယ်၍ စားသောက်မှု အဆင်မပြေမှုရှိပါက သတင်းပို့ခွင့်ရှိပြီး သတင်းပို့လာပါကလည်း ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကာ ယနေ့အချိန်ထိ ကျွေးမွေးသော ထမင်းနှင့် ပဲဟင်းများ အဆင်မပြေမှုနှင့် ပတ်သက်၍ တင်ပြမှုမရှိသည့်အတွက် Khit Thit Media အမည်ခံ Facebook Page က ပြည်သူအများ အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာဖြစ်သည်။

 

သစ္စာ