နေပြည်တော်  ၁၂  ဧပြီ

 

အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း၊ အသိပညာပေး ပိုစတာများ ချိတ်ဆွဲခြင်း၊ လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များ ထားရှိပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတားခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ တရားရုံးထွက်၊ ရုံးပြန်များတွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရာသီတုပ်ကွေး မဖြစ်ပွား စေရေးအတွက် ဂျင်း-ကွမ်း ရွက်ပြုတ်ရည် တိုက်ကျွေးခြင်း၊ ရောဂါကူးစက်သည်ဟု သံသယတွေ့ရှိပါက သီးသန့် ထားရှိမည့် Quarantine နေရာ စီစဉ်ထားရှိပြီး အမြန်ဆုံးသက်ဆိုင်ရာ မြို့နယ်၊ ခရိုင် ဆေးရုံများကို ပို့ဆောင် ပေးနိုင်ရန် ပြင်ဆင်ထားခြင်း စသည့့် ကြိုတင်ကာကွယ်တားဆီးမှုများ ဆောင်ရွက်ထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက   ယနေ့တွင်   ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ၌ ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုကို သိရှိလိုကြောင်း သတင်းထောက်များ၏ မေးမြန်းချက်နှင့် စပ်လျဉ်း၍ အထက်ပါအတိုင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် “အကျဉ်းသားတွေ စုစုဝေးဝေး မဖြစ်စေဖို့အတွက် အိပ်ဆောင်တွေမှာ နေရာနီးကပ်တယ်ဆိုရင် ဓမ္မာရုံနဲ့ အလုပ်ရုံတွေမှာ လူခွဲထားခြင်း၊ ထောင်ဝင်စာ ဧည့်တွေ့ချိန်တွေမှာ (၁၅)ဦးကနေ (၂၀)ဦးအထိ ဝင်ရောက်ခွင့်ပြုခြင်း၊ စုပေါင်းထမင်းစားခြင်းတွေကို မပြုလုပ်ဘဲ အိပ်ဆောင်တွေထဲမှာ တစ်ဦးနဲ့ တစ်ဦး (၅)ပေအကွာမှာ စားသုံးစေခြင်း တွေကို ဆောင်ရွက်နေပါတယ်။ မန္တလေးအကျဉ်းထောင်မှာ အကျဉ်းသားတွေ ကိုယ်တိုင်ချုပ်လုပ်တဲ့ နှာခေါင်းစည်း မျက်နှာဖုံးတွေကို အသုံးပြုနေကြပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဉီးဇော်ဌေးက ဆက်လက်ပြောကြားသည်။

 

ထောင်ဝင်စာ တွေ့ဆုံမှုများနှင့် စပ်လျဉ်း၍ “မတွေ့ဆုံမီ လက်ကို စင်ကြယ်အောင် ဆေးကြောစေခြင်း၊ ကိုယ်အပူ အချိန် မြင့်မားသူ၊ နှာချေ၊ ချောင်းဆိုး၊ အသက်ရှုကြပ်လက္ခဏာရှိတဲ့ ထောင်ဝင်စာတွေ့ဆုံသူတွေကို တားမြစ် ကန့်သတ်ခြင်း၊ ထောင်ဝင်စာ တွေ့ဆုံရာတွင် တစ်ဦးနဲ့ တစ်ဦး အနည်းဆုံး ၅ ပေအကွာကသာ တွေ့ဆုံစေခြင်း၊ ထောင်ဝင်စာ ပါဆယ်ထုပ်တွေကို ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက်နေကြောင်း အကျဉ်းဦးစီးဌာနရဲ့ တင်ပြချက်အရ သိရှိရပါတယ်”ဟု ဦးဇော်ဌေးက ရှင်းပြသည်။

 

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် အကျဉ်းထောင် ၅၀၊ စိုက်မွေးအတတ်သင်စခန်းနှင့် ကုန်ထုတ်စခန်း ၄၈ ခုတို့တွင် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၉၉၀၀၀ ကျော်ရှိကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။

 

ထက်လျှံ