နေပြည်တော် ဒီဇင်ဘာ ၃

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ British High Commission ၏ ပံ့ပိုးမှုဖြင့် မလေးရှားနိုင်ငံ  လူ့အခွင့်အရေး ကော်မရှင်က ကမကထ ပြုလုပ်ကျင်းပသော  “အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး နှင့် စပ်လျဉ်း သည့် ဒေသတွင်းဆွေးနွေးပွဲ” (Regional Conference on Prison Reform) ကို နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိလည်းကောင်း၊ အရှေ့တောင် အာရှအမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ၂၀၂၁ ခုနှစ်အတွက် ဖိုရမ်၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိသော မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကျင်းပသော အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum -SEANF) ၏ (၁၈)ကြိမ်မြောက် နှစ်ပတ်လည်အစည်း အဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၂ ရက်အထိလည်းကောင်း hybrid format ဖြင့် ကျင်းပသည်။

နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့သော “အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးနှင့် စပ်လျဉ်းသည့် ဒေသတွင်းဆွေးနွေးပွဲ” သို့ အရှေ့တောင်အာရှအမျိုးသား လူ့အခွင့်အရေးအဖွဲ့ အစည်းများ ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် အင်ဒိုနီးရှားနိုင်ငံ၊  ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံနှင့် မလေးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် တာဝန်ရှိသူများ၊  ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံ အကျဉ်းဦးစီးဌာနတို့မှ အရာရှိကြီးများ၊ United Nations Office on Drugs and Crime (UNODC) မှ ကိုယ်စားလှယ်များ၊ အရှေ့တောင်အာရှဒေသ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ကိုယ်စားလှယ်များ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံ တရားရေးနှင့် ဥပဒေရေးရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဒေသတွင်းဆွေးနွေးပွဲတွင် အရှေ့တောင်အာရှဒေသတွင်းရှိ အကျဉ်းထောင်များအခြေအနေ၊ အကျဉ်းထောင်များနှင့် စပ်လျဉ်းသည့် နိုင်ငံတကာစံနှုန်းများ၊ တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ပိုမိုကောင်းမွန်သည့် အကျဉ်းထောင်စနစ် ဖြစ်ပေါ်ရေးအတွက် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဏ၊  အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်များ၏ ပံ့ပိုးမှုအခန်းကဏ္ဍနှင့် ပိုမိုကောင်းမွန်ထိရောက်မှုရှိသော အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ အစရှိသည့် ဘာသာရပ်များကို Panel Discussion ပုံစံများဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသူရကျော်က ပိုမိုကောင်းမွန်သည့် အကျဉ်းထောင်စနစ် ဖြစ်ပေါ်ရေးအတွက် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်းသော Panel Discussion တွင် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်ချက်များ၊ တိုးတက်ဖြစ်ပေါ်မှုများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးတင်ပြသည်။

ဒီဇင်ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပခဲ့သော အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများဖိုရမ်၏ (၁၈) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံတို့၏ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ၊ စုစုပေါင်း ၄၈ ဦး ပါဝင် တက်ရောက်ခဲ့ကြသည်။

နှစ်ပတ်လည်အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်အတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များ၊ တိုးတက်ဖြစ်ထွန်းမှု များနှင့် ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများကို ဖိုရမ်အဖွဲ့ဝင် ကော်မရှင်တစ်ဖွဲ့ချင်းစီက ဆွေးနွေးတင်ပြခြင်း၊ ဖိုရမ်၏ အမှတ်တံဆိပ် (Logo) အတည်ပြုချမှတ်ခြင်း၊  ဖိုရမ်၏ website အသစ် စတင်မိတ်ဆက် လွှင့်တင်ခြင်း၊ ဖိုရမ်၏ မဟာဗျုဟာ (၂၀၂၂-၂၀၂၆) ကိုအတည်ပြုချမှတ်ခြင်း၊ ဖိုရမ်၏ ညှင်းပန်းနှိပ်စက်မှု တားဆီးကာကွယ်‌ရေး လမ်းညွှန်စာတမ်း  အတည်ပြုခြင်း၊ ဖိုရမ်အဖွဲ့ဝင်များ၏ လူ့အခွင့်အရေးမြှင့်တင်ရေး၊ အသိပညာပေးခြင်းတို့နှင့် စပ်လျဉ်း၍ ကျင့်သုံးဆောင်ရွက်မှုပုံစံကောင်း များနှင့်  စိန်ခေါ်မှုများကို တင်ပြဆွေးနွေးခြင်း၊ ဖိုရမ်၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် တိုးတက်ဆောင်ရွက်ချက်များ၊ မလေးရှားနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၏  Office of the Children’s Commissioner မှ မလေရှားနိုင်ငံ၏ ကလေးသူငယ် အခွင့်အရေးများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုများတင်ပြဆွေးနွေးခြင်း၊ ဖိလစ်ပိုင်အမျိုးသား လူ့အခွင့် အရေးကော်မရှင်က “Digital Rights” နှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခြင်းတို့ကို ဆောင်ရွက် ကြသည်။

နှစ်ပတ်လည်အစည်းအဝေးတွင်  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးပေါ်လွင်စိန်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက် ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ ရင်ဆိုင်ကြုံတွေ့ရသည့်အခက်အခဲများကို လည်းကောင်း၊  ကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက လူ့အခွင့်အရေး မြှင့်တင်ရေး၊ အသိပညာပေးရေးနှင့် စပ်လျဉ်းသည့် ကျင့်သုံးဆောင်ရွက်မှုပုံစံကောင်းများနှင့် စိန်ခေါ်မှုများကို လည်းကောင်း တင်ပြဆွေးနွေးသည်။ နှစ်ပတ်လည်အစည်းအဝေးအပြီးတွင် မလေးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဖိုရမ်၏ ၂၀၂၂ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ဖိလစ်ပိုင်နိုင်ငံအမျိုးသားလူ့အခွင့်အရေးသို့ ဖိုရမ်၏ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)