၁၄ မတ်
ပြီးခဲ့သည့် မတ်လ ၁၃ ရက်တွင် ဂျူဗင်တပ်အသင်းက အက်သလက်တီ ကိုအသင်းအား အိမ်ကွင်း၌ ၃-ဝ ဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ် တွင် အောင်ပွဲခံခဲ့သည့် ပုံစံကြောင့် ဂျူဗင်တပ်အသင်း တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုအား ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) မှ အရေးယူမှု ပြုလုပ်ဖွယ်ရှိနေကြောင်း သတင်းများတွင် ရေးသား ဖော်ပြထားသည်။
ပေါ်တူဂီကစားသမား ရော်နယ်ဒိုသည် အဆိုပါပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ပထမအကျော့ပွဲ အပြီးတွင် အက်သလက်တီကိုအသင်း နည်းပြ ဒီယေဂိုဆင်မြွန်နီ အောင်ပွဲခံခဲ့သည့် ဟန်အမူအယာအတိုင်း ပြုလုပ်အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။
ယူအီးအက်ဖ်အေမှ တာဝန်ရှိသူများက နည်းပြ ဆင်မြွန်နီအား ၎င်း၏ အောင်ပွဲခံသည့် အမူအယာကြောင့် ဒဏ်ငွေအဖြစ် ပေါင် ၁၇၁၀ဝ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ယခုအခါ တိုက်စစ်ကစားသမား ရော်နယ်ဒိုသည်လည်း နည်းပြ ဆင်မြွန်နီ၏ ပုံစံအတိုင်း ပြုလုပ်အောင်ပွဲခံခဲ့ခြင်းကြောင့် ယူအီးအက်ဖ် အေတာဝန်ရှိသူများက ရော်နယ်ဒိုအား နည်းပြ ဆင်မြွန်နီ အပေါ်ချမှတ်ခဲ့သည့် ပြစ်ဒဏ်နှင့် အလားတူ ပြစ်ဒဏ် ချမှတ်သွားဖွယ်ရှိနေကြောင်း သတင်းများတွင် ဆက်လက်ရေးသား ထားသည်။
အက်သလက်တီကိုအသင်းသည် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲအဖြစ် ဂျူဗင်တပ် အသင်းအား အိမ်ကွင်းတွင် လက်ခံကစားခဲ့စဉ်က ၂-ဝ ဖြင့် အနိုင်ရရှိခဲ့သော်လည်း ဒုတိယအကျော့ပွဲတွင် ရော်နယ်ဒို၏ ဟက်ထရစ်သွင်းဂိုးများကြောင့် နှစ်ပွဲပေါင်းရလဒ် ၃-၂ ဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
ရီးရဲမက်ဒရစ်နှင့် မန်ယူကစား သမားဟောင်း ရော်နယ်ဒို၏ အက်သလက်တီကိုအသင်းနှင့်ပွဲတွင် သွင်းယူခဲ့ သော ဟက်ထရစ်က ၎င်း၏ ကစားသမားသက်တမ်းအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ၈ ကြိမ်မြောက် သွင်းယူနိုင်ခဲ့သည့် ဟက်ထရစ်ဖြစ်ကာ ချန်ပီယံလိဂ် သမိုင်းကြောင်းတစ်လျှောက် ဟက်ထရစ်အများဆုံးသွင်းယူနိုင်သည့် ကစားသမားများစာရင်းတွင် ဘာစီလိုနာ ကစားသမား လီယွန်နယ်မက်ဆီနှင့် အတူ ထိပ်ဆုံးတွင် ပူးတွဲ ရပ်တည်နိုင်ခဲ့ သည်။
တိုက်စစ်ကစားသမား ရော်နယ်ဒိုသည် ယခုနှစ်ဘောလုံးရာသီတွင် ဂျူဗင်တပ်အသင်းအတွက် စုစုပေါင်း ၃၆ ပွဲ ပါဝင်ကစားပြီးချိန်တွင် ၂၄ ဂိုး သွင်းယူပေးထားသူဖြစ်သည်။
ထက်အောင်