၄ နိုဝင်ဘာ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ဘောလုံးသမားများ ပြိုင်ပွဲအတွေ့အကြုံရစေရန် အကယ်ဒမီများမှ လူငယ်အသင်းများပါဝင်သည့် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂ ရက်မှစ၍ ကျင်းပလျက်ရှိသည်။
ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တည်ထောင်ထားသည့် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)၊ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်)တို့အပြင်တပ်မတော်ဘောလုံးအကယ်ဒမီ (နေပြည်တော်) မှ ယူ-၁၂၊ ယူ-၁၃၊ ယူ-၁၄ နှင့် ယူ-၁၅ အသင်းတို့ ပါဝင်သည့် ပြိုင်ပွဲကို ကျင်းပနေခြင်းဖြစ်သည်။ ယင်းပွဲများကို ရန်ကုန်၊ ပုသိမ်၊ မန္တလေးနှင့် နေပြည်တော်တို့၌ နိုဝင်ဘာ၂၊ ၃၊ ၁၆၊ ၁၇၊ ၃၀ ရက်၊ ဒီဇင်ဘာ ၁ ရက်၊ ဇန်နဝါရီ ၁၁၊ ၁၂၊ ၂၅၊ ၂၆၊ ဖေဖော်ဝါရီ ၈၊ ၉ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) မှ ယူ-၁၃ အသင်း၊ ယူ-၁၄ အသင်း၊ ယူ-၁၅ အသင်း၊ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) မှ ယူ-၁၂ အသင်းနှင့် ယူ-၁၄ အသင်း၊ မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်) မှ ယူ-၁၃ အသင်းနှင့် ယူ-၁၅ အသင်း၊ တပ်မတော်ဘောလုံးအကယ်ဒမီ (နေပြည်တော်) မှ ယူ-၁၃ အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများ ထွက်ပေါ်လာစေရန် လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပသွားမည်ဖြစ်ပြီး အကယ်ဒမီများကိုလည်း အဆင့်မြင့်တင်သွားရန် စီစဉ်လျက်ရှိသည်။
သတင်း-ရဲရင့်ရှိုင်း