သတင်း-ရဲရင့်ရှိုင်း
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လူငယ်ဘောလုံးသမားများ ပြိုင်ပွဲအတွေ့အကြုံရစေရန် အကယ်ဒမီများမှ လူငယ်အသင်း များပါဝင်သည့် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂ ရက်မှစ၍ ကျင်းပလျက်ရှိသည်။
ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တည်ထောင်ထားသည့် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)၊ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်)တို့အပြင် တပ်မတော် ဘောလုံးအကယ်ဒမီ (နေပြည်တော်) မှ ယူ-၁၂၊ ယူ-၁၃၊ ယူ-၁၄ နှင့် ယူ-၁၅ အသင်းတို့ ပါဝင်သည့် ပြိုင်ပွဲကို ကျင်းပနေခြင်း ဖြစ်သည်။
ယင်းပွဲများကို ရန်ကုန်၊ ပုသိမ်၊ မန္တလေးနှင့် နေပြည်တော်တို့၌ နိုဝင်ဘာ ၂၊ ၃၊ ၁၆၊ ၁၇၊ ၃၀ ရက်၊ ဒီဇင်ဘာ ၁ ရက်၊ ဇန်နဝါရီ ၁၁၊ ၁၂၊ ၂၅၊ ၂၆၊ ဖေဖော်ဝါရီ ၈၊ ၉ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။
မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)မှ ယူ-၁၃ အသင်း၊ ယူ-၁၄ အသင်း၊ ယူ-၁၅ အသင်း၊ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) မှ ယူ-၁၂ အသင်းနှင့် ယူ-၁၄ အသင်း၊ မြန်မာဘောလုံး အကယ်ဒမီ(ပုသိမ်)မှ ယူ-၁၃ အသင်းနှင့် ယူ-၁၅ အသင်း၊ တပ်မတော်ဘောလုံးအကယ်ဒမီ (နေပြည်တော်) မှ ယူ-၁၃ အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများ ထွက်ပေါ်လာစေရန် လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပသွားမည်ဖြစ်ပြီး အကယ်ဒမီများကိုလည်း အဆင့်မြှင့်တင်သွားရန် စီစဉ်လျက်ရှိသည်။