ကိုလင်း
၂ဝ၁၆ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုရှင်အဖြစ် ဤအရာကို အချစ်ဟုခေါ်သည် ဇာတ်ကားတွင် ဟာသသရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံက ရရှိခဲ့ပြီးနောက် ကားရိုက်နည်းသွားခြင်းနှင့်ပတ်သက်၍ တက္ကသိုလ်ဂွမ်းပုံက အကယ်ဒမီရရှိသောကြောင့် ကားရိုက်နည်းသွားခြင်း မဟုတ်ကြောင်း ပြောကြားသည်။
''မဂွမ်းရိုက်ထားတဲ့ကားတွေ အကယ်ဒမီရပြီးကတည်းက အများကြီးရှိပါတယ်၊ အဓိကနေရာတွေ မဟုတ်ဘူးပေါ့နော်၊ ကိုယ်ကလည်း ဟာသဇာတ်ပို့သရုပ်ဆောင်ဆိုတော့ ကိုယ်နဲ့လိုက်တဲ့ နေရာကနေပဲ လုပ်ရတာလေ၊ မဂွမ်းက ကိုယ်နဲ့လိုက်တဲ့ကာရိုက်တာ၊ ပေးတဲ့တာဝန်ကို အကောင်းဆုံးပြရတဲ့သူပါ၊ ရုံတင်တဲ့နေရာမှာ မပြောတတ်တော့ဘူး၊ သိလည်း မသိဘူးဆိုတော့လေ၊ ရိုက်ထားတာတွေတော့ အများကြီးရှိပါတယ်၊ ရုံမတင်ဖြစ်သေးတာနေမှာပါ၊ အကယ်ဒမီရပြီးမှ ဇာတ်ကားမရိုက်တော့ဘူးလို့ဆိုကြတာ မဟုတ်ပါဘူး။ အချို့ကျတော့လည်း အကယ်ဒမီရပြီးမှ အိမ်ထောင်ကျသွားတာမျိုး၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကြရတာမျိုးတွေ ရှိကြတာကို၊ အဲဒီတော့ ဒီဘက်ကို သိပ်မလှည့်ဖြစ်ကြတာမျိုးလည်းပါမှာပါ၊ ဂွမ်းတို့က ဇာတ်ကား တစ်ကားရိုက်တော့မယ်ဆို ဒါရိုက်တာက ထုတ်လုပ်သူနဲ့တိုင်ပင်ပြီး ဒီနေရာမှာ ဂွမ်းနဲ့လိုက်တာဆိုမှ ဂွမ်းတို့က လုပ်ရတာမျိုးပါ''ဟု ပြောသည်။
ဇာတ်ကားရိုက်ကူးမှုများတွင် ဝတ်စားဆင်ယင်မှုအပိုင်းနှင့်ပတ်သက်၍လည်း တက္ကသိုလ်ဂွမ်းပုံက ''ဇာတ်ကားနဲ့လိုက်ဖက်တဲ့ ဝတ်စားပြင်ဆင်မှုပိုင်းက သရုပ်ဆောင် တစ်ယောက်အတွက် အင်မတန်ကို အရေးကြီးပါတယ်၊ တောသူ၊ မြို့သူ၊ အမေနေရာ၊ အဒေါ်နေရာ၊ သမီးနေရာ အစစပေါ့၊ အားလုံးသတိထားရတာပေါ့၊ ကိုယ်က အသက်အရွယ် စကားပြောလာတော့ လူငယ်ပုံစံနေရာမှာ ဝတ်စားတာမျိုးကို ပိုသတိထားရတာ မျိုးရှိပါတယ်၊ မဂွမ်းကတော့ သရုပ်ဆောင်ရုံတင်မကဘူး၊ အဝတ်အစားပိုင်းတွေပါ သတိပိုထားပါတယ်''ဟု ပြောသည်။
မြန်မာ့အလင်း