၂၄  အောက်တိုဘာ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အောက်တိုဘာလ ၂၁ ရက်နေ့က ကျင်းပခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသော ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မူဝါဒချမှတ်သူများ၊ ပညာရှင်များနှင့် ဧည့်သည်တော်များ၏ စိတ်ဆန္ဒတွင် အခွင့်အလမ်းကောင်းများ ပေါ်ထွန်းနေသော မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ရေး၊ လုပ်ငန်းအသစ်များ တိုးချဲ့နိုင်ရေးအတွက် ခြေလှမ်းသစ်များ၊ အခြေအနေကောင်းများ ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြမည်ဖြစ်သလို တစ်ဖက်တွင်လည်း မြန်မာနိုင်ငံကို သာယာဝပြောပြီး ငြိမ်းချမ်းသာယာသည် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်ထွန်းစေရေး ကူညီပေးမည့် စိတ်ဆန္ဒများလည်း အပြည့်အဝ ရှိကြမည်ဖြစ်သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်မှသာလျှင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိတ်ချခိုင်မာစွာ လုပ်ကိုင်နိုင်မည်မှာ အမှန်ဖြစ်သောကြောင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးအောင် ကူညီပေးလိုသော ဆန္ဒရှိကြသည်ကို ကြိုဆိုရမည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ်များစွာကတည်းက မိတ်ကောင်းဆွေကောင်းပီသစွာဖြင့် ရိုင်းပင်းကူညီပေးနေသော မိတ်ဆွေနိုင်ငံဖြစ်သည်။ ယခုကဲ့သို့ ပွင့်လင်းမြင်သာလာသော ဒီမိုကရေစီ အကူးအပြောင်းကာလတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ သေချာခိုင်မာရေးဟူသည့် တူညီသည့် ရည်မှန်းချက်သည် နှစ်နိုင်ငံပြည်သူများ၏ နှလုံးသားတွင် ကိန်းအောင်းနေပါသည်။ သင့်တင့်ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှု အခြေအနေတစ်ခုကို တည်ဆောင်ဖန်တီးနိုင်မည်ဆိုလျှင် ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာမည်မှာ အမှန်ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရှင်းလင်းပြောကြားခဲ့သော မြန်မာနိုင်ငံ၏ ပကတိဖြစ်ပေါ်တိုးတက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းကောင်းများသည် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအား တွန်းအားဖြစ်စေပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် စိန်ခေါ်မှုကာလတစ်ခုကို ဖြတ်သန်းနေချိန်တွင် ကျားကုတ်ကျားခဲ  အားမန်အပြည့်ဖြင့် ရုန်းကန်နိုးထလာသော မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းမှုများအပေါ် မုဒိတာပွားများ ကရုဏာထားကာ ပါဝင်လက်တွဲ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် သင့်တင့်ကောင်းမွန်ပြီး အထောက်အကူဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးသော အခြေအနေကောင်းတစ်ရပ် ဖန်တီးရေးဟူသည့် ခိုင်မာသောသန္နိဋ္ဌာန်ကိုလည်း ချမှတ်ထားပြီဖြစ်သည်။ မြန်မာနိုင်ငံ၏သန္နိဋ္ဌာန်သည် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းကောင်းများ ပိုမိုပွင့်လင်းစေသည်။ မြန်မာနိုင်ငံသည် စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးခဲ့သည့်အပြင် နိုင်ငံတကာနှင့် ပိုမိုထိတွေ့ကာ တာဝန်သိသော နိုင်ငံတကာ မိသားစုဝင်ဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို မျှတစွာထိန်းညှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်မှာ ကမ္ဘာ့နိုုင်ငံများ၏ လိုလားမှုဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်း ၅၀ ကျော် မဖြေရှင်းနိုင်သော သမိုင်းဆိုးမွေများကို ခါးစည်းခံယူဖြေရှင်းရန် ရုန်းကန်လှုပ်ရှားနေသည့်ကြားမှ စီးပွားရေးကို ဦးမော့လာအောင် ဝိုင်းဝန်းကြိုးပမ်းကူညီအားပေးမှုများကို အသိအမှတ်ပြုရမည် ဖြစ်သည်။ ကမ္ဘာ့ပထဝီနိုင်ငံရေးတွင် ကြီးမားသော သက်ရောက်မှုများ၊ တိုးမြင့်လာချိန်တွင် ကြမ်းတမ်းခက်ထန်သော အခြေအနေများကို ခံနိုင်ရည်ရှိအောင် ပြုပြင်ပြောင်းလဲစီမံခန့်ခွဲကာ ကြိုးပမ်းအားထုတ်လျက် ရှိသည်။ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော ကာလတွင် အလွန်တရာ ကောင်းမွန်သည့် အခွင့်အလမ်းနှင့် အားသာချက်များကို အပြည့်အဝရယူအသုံးချနိုင်ဖို့သာ လိုရင်းဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံခရီးစဉ်တွင် ရှင်းလင်းပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာကောင်းများကို အရင်းအနှီးပြုပြီး အခွင့်အလမ်းတစ်ခုအဖြစ် ကမ်းလှမ်းလိုပါကြောင်းနှင့် တစ်ချိန်တည်တွင် ပြုပြင်ပြောင်းလဲရေး၊ ရည်မှန်းချက်နှင့် နိုင်ငံရေးဆန္ဒများကို မျှတမှန်ကန်စွာ ဖော်ဆောင်သွားနိုင်မည်ဆိုလျှင် အလားအလာသစ်များ၏ သော့ချက်ကို ဖွင့်လှစ်သွားနိုင်မည် ဖြစ်ပါကြောင်း။

ကြေးမုံ