အလောင်းမင်းတရား၏ မိဖုရားခေါင် မယ်ယွန်းစံ၏ ဇာတိမြေသို့

၃  ဒီဇင်ဘာ

မြန်မာနိုင်ငံ ဗုဒ္ဓသာသနာတော်တွင် အလွန်ထင်ရှားခဲ့သည့် ပရိယတ္တိအကျော် ဆရာတော်တစ်ပါးဖြစ်သော ဝေဘူဆရာတော်၏ ဇာတိမြေ ခင်ဦးမြို့နယ်သည် တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အလောင်းမင်းတရား ဦးအောင်ဇေယျ၏ မိဖုရားခေါင် မယ်ယွန်းစံ၏ မွေးရပ်မြေလည်း ဖြစ်သည်။ ခင်ဦးမြို့နယ်၌ မြန်မာနိုင်ငံအထက်ပိုင်းမှ ရေလယ်ဘုရားတစ်ဆူဖြစ်သည့် အညာသီဟတောဘုရားနှင့် စည်ပုတ္တရာမြို့ဟောင်းတို့ တည်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးကို ခရိုင် ကိုးခရိုင်၊ မြို့နယ် ၃၇ မြို့နယ်ဖြင့် ဖွဲ့စည်းထားရာ ခင်ဦးမြို့နယ်သည် ရွှေဘိုခရိုင်တွင် ပါဝင်၍ရန်ကုန်မြို့မှမြောက်ဘက်သို့ မော်တော်ကားလမ်းအတိုင်း ၇၅၁ ကီလိုမီတာနှင့် ရွှေဘိုမြို့မှ အနောက်မြောက်ယွန်းယွန်း ၃၃ ဒသမ ၅ ကီလိုမီတာတွင် တည်ရှိကာ မော်တော်ကား၊ မီးရထားတို့ဖြင့် အလွယ်တကူသွားရောက်နိုင်သည်။ မန္တလေးမြို့မှ ခင်ဦးမြို့သို့ နေ့စဉ် ကား၊ ရထားပြေးဆွဲလျက်ရှိရာ လေးနာရီကြာ စီးနင်းကြရသည်။

ခင်ဦးမှတ်တမ်း

ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းအရ အင်းဝခေတ်တွင် မြောက်ဘက် ဝန်းသိုစော်ဘွားအပိုင်းနှင့် အရှေ့ဘက် မိုးမိတ်စော်ဘွားအပိုင်းဟူသည့် ရှမ်းပြည်နယ်ဘက်နှင့် မြန်မာနယ်အကြား၌ မြောက်ဘက်မှ ကသည်းတို့ရန်ကို ကာကွယ်ရန် ကင်းဦးချထားသည့်နေရာဖြစ်သဖြင့် ကင်းဦးမှ ခင်ဦးဖြစ်လာကြောင်း ဖော်ပြသည်။

မြန်မာ့စွယ်စုံကျမ်းကမူ ခရစ်နှစ် ၁၈၉၁ ခုနှစ်တစ်ဝိုက်တွင် ခြောက်ရွာ၊ ကံသာနှင့် ညောင်ဇင်တိုက်နယ် သုံးခုကို ပူးပေါင်း၍ ကြောက်ရွာမြို့နယ်ဟု သတ်မှတ်ခဲ့ပြီး ခင်ဦးမြို့နေရာတွင် ရုံးစိုက်ခဲ့သည်ဟု ရေးသားထားသည်။ ခင်ဦးသည် ကုန်းဘောင်ခေတ်ကို ထူထောင်စဉ်က အလောင်းမင်းတရားကိုသစ္စာမခံဘဲ ခြားနားခဲ့သော ချစ်ညို စားခဲ့သည့် ရွာဖြစ်သည်။

ရှေးအခါက ယခုခင်ဦးမြို့နယ်နေရာတွင် ခင်ဦးတောင်၊ ခင်ဦးမြောက်၊ ပူဇော်ကုန်း၊ အင်ကြင်းကုန်း၊ အင်တုံ၊ မောဂ္ဂလန်၊ မျက်ရှုရာ၊ သီရဌေး၊ ရွာထ၊ ရေမျက်၊ တမုတ်နှင့် ပန်းမုံ ဟူသည့် ကျေးရွာ ၁၂ ရွာရှိခဲ့သည်။ ခင်ဦးမြောက်၊ ခင်ဦးတောင်နှင့် ပူဇော်ကုန်းကျေးရွာများသည် ယခုခင်ဦးမြို့ဖြစ်၍ ကျန်ရွာများမှာမူ အမည်သာ ကျန်ရှိနေခဲ့သည်။ ထို့အတူ ခင်ဦးနယ်၌ အင်ကြင်းကုန်း၊ သိမ်တော်ကုန်း၊ ပူဇော်ကုန်း၊ ပန်းပုံကုန်း၊ တောနေကျောင်း ကုန်း၊ သင်းဇုပ်ကုန်း၊ ဝမ်းဘဲကုန်းနှင့် ရွာထကုန်းဟူသည့် ကုန်းကိုးကုန်း ရှိခဲ့သည်။

မြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းသည် ၄၀၀ ဒသမ ၈၂ စတုရန်းမိုင်ဖြစ်ကာ ခင်ဦးမြို့၏ဧရိယာသည် ၀ ဒသမ ၇၁ စတုရန်းမိုင် (၄၅၇ ဧက) ဖြစ်သည်။ မြို့နယ်လူဦးရေ ၁၅၃၆၄၈ ဦးအနက် ဗမာလူမျိုးများ က ၁၅၃၆၀၂ ဦး ဖြစ်သည်။ ခင်ဦးမြို့နယ်တွင် နေထိုင်သူ ပြည်သူအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြကာ ခရစ်ယာန်ဘာသာကိုးကွယ်သူနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်း အနည်းငယ်ရှိသည်။ ရပ်ကွက် ငါးခု၊ ကျေးရွာအုပ်စု ၅၉ အုပ်စု၊ ကျေးရွာ ( ၁၄၇ ရွာဖြင့် ဖွဲ့စည်းထားသည့် ခင်ဦးမြို့နယ်သည် သေးငယ်သော မြို့ငယ်တစ်ခုဖြစ်ပြီး ပူပြင်းခြောက်သွေ့သော ရာသီဥတု ရှိသည်။

ခင်ဦးမြို့နယ်၌ နေထိုင်ကြသော ပြည်သူအများစုသည် စပါးနှင့် ပဲအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးမြူကြသည်။ ခင်ဦးမြို့နယ်သည် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းသို့ ကုန်းလမ်း၊ မီးရထားလမ်း၊ ရေလမ်းတို့ဖြင့် အလွယ်တကူသွားလာနိုင်ကာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် စီးပွားဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန်များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ အများဆုံးတင်ပို့ရောင်းချကြသည်၊ ခင်ဦးမြို့နယ်တွင် ၂၀၁၆ -၂၀၁၇ ခုနှစ်တွင် စပါး ၁၃၇၈၃၅ ဧက စိုက်ပျိုးခဲ့ပြီး ၁၁၉၄၅၅၈၁ တင်း ထွက်ရှိခဲ့ရာ တစ်က ပျမ်းမျှစပါးအထွက်နှုန်းသည် ၈၆ ဒသမ ၆၅ တင်း ဖြစ်သည်။ ဒေသထွက်စပါးများကို ကြိတ်ခွဲရောင်းချသည့် ပုဂ္ဂလိကဆန်စက် ၁၁ ခု ရှိသည်။

ခင်ဦးမြို့နယ်အတွင်း၌ ဒေသနေ ကျောင်းသား ကျောင်းသူများ ပညာသင်ယူနိုင်ရန် အထက်တန်းကျောင်း ငါးကျောင်း၊ အထက်တန်းကျောင်းခွဲ လေးကျောင်း၊ အလယ်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၃၆ ကျောင်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်း ၅၈ ကျောင်း ဖွင့်လှစ်ထားသည်။ ထို့အတူ ဒေသနေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ၂၅ ခုတင်ဆံ့  ခင်ဦး မြို့နယ်ပြည်သူ့ဆေးရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ နှစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ရှစ်ခုနှင့် ဌာန ခွဲ ၄၂ ခုကို ဖွင့်လှစ်ထားသည်။

 ခင်ဦးမြို့နယ်မှ ရှေးဟောင်းအထောက်အထားများ

ခင်ဦးမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများသို့ ဆည်ရေဖြန့်ဝေပေးသည့် ကိုယ့်အားကိုယ်ကိုး ဆည်ငါးခုနှင့် မြေသားကန် ငါးကန်ရှိသည့်အနက် ပင်တင်းကျေးရွာရှိ မြေသားရေကန်ကြီးကို ပျူခေတ်ကတည်းက တူးဖော်ခဲ့သည်ဟု ဒေသခံများက ယူဆကြသည်။ ပင်တင်းကျေးရွာရှိ ပင်တင်းကန်ကို မောရဂီဝါကန် (ဒေါင်းလည်ဇလုပ်ကန်)ဟုလည်း ခေါ်ဆိုကြကာ လက်ရှိအချိန်တွင် ရေဝင်ဆံ့မှု ကုဗပေ ၁၀၂၄၀ ရှိ၍ အကျိုးပြုစိုက် ဧက ၁၈၀၀ ဖြစ်သည်။

ပင်တင်းကန်ပေါင်၏ အောက်ဘက်၌ ကျန်စစ်သား မင်းကြီး၏မိဖုရားကျောင်းဖြူရွာသူ တိလောကဝဋံသကာ ဒေဝီဘွဲ့ခံ သမ္ဘူလမိဖုရား တည်ခဲ့သည်ဟု အစဉ်အဆက် လက်ခံထားကြသည့် ကျောင်းဖြူစေတီတော် ရှိသည်။ ချုံနွယ်များပိတ်နေသည့် ဘုရားကုန်းတစ်ခုအဖြစ် ရှိနေခဲ့သော ယင်းစေတီကုန်းကို အများကောင်းမှုဖြင့် ခေတ် စေတီအဖြစ် ပြုပြင်တည်ဆောက်ခဲ့သဖြင့် မူလလက်ရာများ မကျန်ရှိတော့ချေ။

ပင်တင်းကျေးရွာ၌ တည်ရှိသည့် ဖောင်တော်ဦးစေတီကို ပုဂံဘုရင် နရပတိစည်သူက မြန်မာသက္ကရာဇ် ၅၅၅ ခုနှစ်တွင် ခင်ဦးမြို့နယ် ညောင်ကန်ကျေးရွာရှိ ရွှေကုတ်တော်စေတီ၊ စည်ပုတ္တရာကျေးရွာရှိ ရွှေလင်းပင်ဘုရားတို့ နှင့်အတူ တစ်ပြိုင်တည်းတည်ခဲ့သည်ဟု ဆိုကြသည်။ ပျက်စီးယိုယွင်းနေခဲ့သည့် ဖောင်တော်ဦးစေတီကို ၁၉၉၃ ခုနှစ်တွင် ပြုပြင်ခဲ့သဖြင့် လက်ရှိအချိန်တွင် ဉာဏ်တော် ၃၇ ပေမြင့်သည့် စေတီတော်အဖြစ် ဖူးတွေ့ကြရပေသည်။

မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ မှတ်တမ်းအရ ခင်ဦးမြို့နယ်တွင် ဘုရား ၁၆၁၇ ဆူ၊ စေတီ ၅၃၉ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၂၀၇ ကျောင်းရှိသည့်အနက် အညာသီဟတောဘုရား၊ စည်ပုတ္တရာရွှေလင်းပင်ဘုရားနှင့် အင်ကြင်းပင်တောရတို့သည် အလွန်ထင်ရှားသည့်  သာသနိကအဆောက်အအုံများ ဖြစ်ကြပေသည်။ ။

ခင်ဦးမြို့၏ မြောက်ဘက်ရှိ ဇီးကုန်းကျေးရွာအနီးမှ ထန်းတပင်ကို ရှေးဟောင်းမြို့ကြီးတစ်ခုဟု ယူဆမှုများ ရှိခဲ့သော်လည်း အုတ်မြို့ရိုးဖြင့် တည်ထားသည့်မြို့ မဟုတ်ဘဲ သာမန်ကျေးရွာတစ်ခုသာ ဖြစ်ဟန်ရှိကာ (ထန်းတပင်၌ ညောင်ရမ်းခေတ်လက်ရာ အုတ်ကျောင်း ကြီးတစ်ကျောင်း တည်ရှိသည်။

စည်ပုတ္တရာမြို့ဟောင်းမှ အနောက်မြောက်ဘက် နှစ်မိုင်အကွာတွင် တည်ရှိသည့် ရွှေကာကျေးရွာသည် အလောင်းမင်းတရား ဦးအောင်ဇေယျ၏ မိဖုရားခေါင် မယ်ယွန်းစံဖွားမြင်ခဲ့သည့် ကျေးရွာဖြစ်သည်။ ရွှေကာ ကျေးရွာရှိ မိဖုရားခေါင်ငယ်စဉ်က နေထိုင်ခဲ့သည့် ခြံဝိုင်းနေရာကို ဦးစိတ်ကောင်းနှင့် ဒေါ်ရာတို့မှ ပေါက်ဖွားခဲ့သော မျိုးဆက်များက ပိုင်ဆိုင်လျက်ရှိသော်လည်း မည်သည့်အဆောက်အအုံမှ မတည်ဆောက်ဘဲ မြေကွက်အတိုင်း ယနေ့တိုင် ထိန်းသိမ်းထားရှိသည်။ ယင်းခြံဝိုင်းကို သုတေသီ စာရေးဆရာလှငွေထွေအုပ်က တိုင်းထွာခဲ့ရာ အလျား  ပေ ၂၀၀ နှင့် အနံ ၁၆၈ ပေရှိကြောင်း တွေ့ရှိခဲ့သည်။

စည်ပုတ္တရာ

ခင်ဦးမြို့နယ်ရှိ ထင်ရှားသော စည်ပုတ္တရာမြို့ဟောင်းသည် လက်ရှိအချိန်တွင် စည်ကားဖွံ့ဖြိုးသော ကျေးရွာကြီးတစ်ခုဖြစ်ပြီး အိမ်ခြေ ၆၆၉ အိမ် နှင့် လူဦးရေ ၃၁၄၅ ဦး နေထိုင်လျက်ရှိသည်။ ။

ရွှေဘိုမြို့မှ ခင်ဦးမြို့သို့ မော်တော်ကားလမ်းအတိုင်းလာလျှင် ခင်ဦးမြို့အဝင် တံတားအဆင်း လက်ယာဘက်ရှိ မြေလမ်းအတိုင်း မြောက်ဘက်သို့ ငါးမိုင်ခန့်အကွာတွင် စည်ပုတ္တရာ ရွှေလင်းပင်ဘုရားသို့ ဟူသည့် လမ်းညွှန် ဆိုင်းဘုတ်ကို မြင်တွေ့ကြရသည်။ ယင်းလမ်းမှ အနောက်ဘက်သို့ သုံးမိုင်ခန့်သွားလျှင် စည်ပုတ္တရာသို့ ရောက်ရှိ သည်။ စည်ပုတ္တရာသို့ သွားသည့် မြေသားလမ်းသည် မကောင်းမွန်လှသဖြင့် မော်တော်ဆိုင်ကယ်ဖြင့် သွားလျှင် ပိုမိုအဆင်ပြေမည် ဖြစ်သည်။

ခင်ဦးမြို့မှ စည်ပုတ္တရာရွှေလင်းပင်ဘုရားသို့ ဟူသည့် လမ်းညွှန်ဆိုင်းဘုတ်နေရာအထိလမ်းနှင့် အပြိုင်တည်ရှိ နေသည့် ရေမြောင်းသည် အလောင်းမင်းတရား ဦးအောင်ဇေယျတူးဖော်ခဲ့သည့်ဆည်ဟု အဆိုရှိခဲ့သည်။ ယင်း မြောင်းကိုရွှေဘိုမြို့ရှိ မဟာနန္ဒာကန်သို့ ရေပို့လွှတ်သည့် ရေသွင်းမြောင်းအဖြစ်ယနေ့တိုင် အသုံးပြုနေဆဲဖြစ်သည်။

စည်ပုတ္တရာကျေးရွာအတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ခြမ်းပြိုပျက်နေသည့် အရှေ့ဘက်ဝင်ပေါက် မြို့ရိုးဟောင်းကို မြင်တွေ့ကြရသည်။ မြို့ဝင်ပေါက်သည် ချုံနွယ်များဖြင့် ပိတ်နေသော်လည်း တောင်ဘက်အခြမ်း၌ အုတ်မြို့ရိုးဟောင်းကို မြင်ကြရပြီးမြောက်ဘက်ခြမ်းကမူ  မြေကြီးကုန်းတစ်ခုအဖြစ်သာ ကျန်ရှိနေသည်။

စည်ပုတ္တရာမြို့ရိုးဟောင်းသည် လေးဖက်ပတ်လည် ကျန်ရှိနေပြီး ရွှေလင်းပင်ဘုရားဝင်းမှ အနောက်တောင်ဘက်သို့ထွက်လျှင် မြို့ဟောင်း၏အနောက်ဘက်မြို့ရိုးနှင့် တောင်ဘက်မြို့ရိုးထောင့်နေရာကို မြင်တွေ့ကြရသည်။ ယင်းနေရာသည် မြေသားမြို့ရိုးဖြစ်ကာ မြို့ရိုးထောင့်သည် ကွေးပိုက်နေကာ ကျုံးဟု ယူဆရဖွယ်ရှိသည့် စိုက်ကွင်းပြင်ကိုလည်း မြင်တွေ့ကြရပေသည်။ ထို့အတူ ရွှေလင်းပင်ဘုရားဝင်းမှ အရှေ့တောင်ဘက် သို့ထွက်လိုက်လျှင် ချုံနွယ်ပိတ်ပေါင်းများအကြား၌ ဘုရားစေတီကုန်းဟောင်းများကို မြင်တွေ့ကြရသည်။ ယင်းတို့ကို စနစ်တကျတူးဖော်နိုင်ပါက စည်ပုတ္တရာ၏ ရှေးဟောင်း အထောက်အထားများကို တွေ့ရှိနိုင်မည်ဖြစ်ပေသည်။

ရာဇဝင်ထဲမှ စည်ပုတ္တရာ

စည်ပုတ္တရာသည် သမိုင်းမှတ်တမ်းများတွင် အထူး ထင်ရှားခြင်းမရှိသော်လည်း “မမင်းဗုတ်စည်ပုတ္တရာတည်” ဟု အစဉ်အဆက်မှတ်သားခဲ့ကြောင်း စည်ပုတ္တရာဇာတိ ဆရာတော် ဦးနိပုဏက ရှင်းပြခဲ့သည်။ ယင်းအဆိုအရ သက္ကရာဇ် ၅၅၅ ခုနှစ်တွင် စည်ပုတ္တရာမြို့ဟောင်းကို တည်ထားခဲ့ရာ ယင်းကာလသည် ပုဂံခေတ် နရပတိ စည်သူမင်းကြီးလက်ထက် ဖြစ်ပေသည်။ ။

၁၉၂၄ ခုနှစ်က ပြုစုခဲ့သည့် Shwebo District Gazetteer တွင် စည်ပုတ္တရာကို ဒွတ္တဘောင်မင်းလက်ထက် အေဒီ လေးရာစုတွင် တည်ထောင်သည်ဟု ဖော်ပြထားသည်။

စည်ပုတ္တရာနှင့်အတူ ခံတပ်မြို့များအဖြစ် အရှေ့ မြောက်ဘက်တွင် ငရနည်းမြို့နှင့် အရှေ့တောင်ဘက်တွင် ကင်းဦးမြို့ (ခင်ဦး) တို့ကို တည်ခဲ့သည်ဟု ဆိုကြသည်။ မြို့ရိုးဟောင်းများ အခိုင်အမာကျန်ရှိနေသည့် စည်ပုတ္တရာကို အချို့က ပထမတကောင်းခေတ်တွင် တကောင်းလက်အောက်ခံ ငါးမြို့အနက် တစ်မြို့ဖြစ်ကြောင်း ရေးသားခဲ့ကြသည်။ ပုဂံဘုရင် နရပတိစည်သူ ကိုးကွယ်ခဲ့သည့် ဆင်းတုတော် ၁၀ ဆူအနက် တစ်ဆူသည် စည်ပုတ္တရာ၌ ကိန်းဝပ်နေသည်။

စည်ပုတ္တရာသို့ ရောက်ရှိသူတိုင်း သွားရောက်ဖူးမြော်ကြသည့် ရွှေလင်းပင်ဘုရားသည် နရပတိစည်သူမင်းကြီး ထုလုပ်လှူဒါန်းခဲ့သည်ဟု ယုံကြည်ကြသည့် ဆင်းတုတော်ဖြစ်ကာ အလောင်းမင်းတရား ဦးအောင်ဇေယျ၏ မိဖုရားခေါင် မယ်ယွန်းစံ ကိုးကွယ်ခဲ့သည့် ရုပ်ပွားတော်အဖြစ် ထင်ရှားသည်။ ။

ယင်းရုပ်ပွားတော်ကို ရှေးဟောင်းသစ်သားကျောင်း ကြီးဖြစ်သည့် စည်ပုတ္တရာစံကျောင်းပေါ်တွင် အပူဇော်ခံ ထားရှိကာ သံတိုင်များ ကာရံထားသည်။ နရပတိစည်သူမင်းကြီး ထုလုပ်ကိုးကွယ်ခဲ့သည့် ဆင်းတုတော် ၁၀ ဆူလုံးကို ဖူးမြော်သူသည် အရိမတ္တေယျဘုရားရှင် ပွင့်တော်မူချိန်တွင် ဘုရားရှင်ကို ကိုယ်တိုင်ဖူးတွေ့ကြရမည်ဟု ဒေသခံများက ယုံကြည်ကြသည်။

ယင်းရုပ်ပွားတော် ၁၀ ဆူသည် ခင်ဦးမြို့နယ် စည်ပုတ္တရာကျေးရွာ၊ စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရား၊ စစ်ကိုင်းမြို့နယ် စမွန်ကျေးရွာ၊ ဝက်လက်မြို့နယ် လှထွေကျေးရွာ၊ ရွှေဘိုမြို့ ရွှေတန်ဆာဘုရား၊ မင်းကင်းမြို့၊ စဉ့်ကူး မြို့၊ ကလေးမြို့၊ ကြာညှပ်မြို့နှင့် ချောင်းဦးမြို့နယ် အမြင့်မြို့တို့တွင် တစ်ဆူစီ တည်ရှိနေကြသည်။

စည်ပုတ္တရာစံကျောင်းပေါ်ရှိ ရွှေလင်းပင်ဘုရား ဆင်းတုတော်အနီးတွင် ထားရှိသည့် ထိုင်နေသည့် ရုပ်တုကို အချို့က ပုဂံရာဇဝင်တွင်ပါရှိသည့် ပရိက္ကရားရုပ်တုဟု လည်းကောင်း၊ အချို့က ပေါ်တူဂီရုပ်ဟုလည်းကောင်း ဆိုကြပြီး တိကျသော အထောက်အထားကို မသိရှိကြချေ။ ယခင်က ရွာသူရွာသားများက ဗိုက်နာပါက ယင်းအရုပ်ကို ပွတ်ပေးလျှင် ပျောက်သည်ဟု ယုံကြည်လာရောက်ပွတ်သပ်မှုများ ရှိခဲ့ကြကြောင်း ဆရာတော် ဦးနိပုဏက ရှင်းပြခဲ့သည်။ စံကျောင်း၏ နောက်ဘက် | အဆောင်၌ ရှေးခေတ်သုံးပစ္စည်းမျိုးစုံနှင့် ဘုရားဆင်းတု၊ လူရုပ်တုများကို ထိန်းသိမ်းထားရှိသည်။ စည်ပုတ္တရာတွင်ရှိခဲ့သည့် သစ္စာဆိုရာတွင် မမှန်ကန်ပါက ကျိန်စာစူးသည်ဆိုသည့် ကျမ်းကြီးကို မြေမြှုပ်ခဲ့ပြီး အသစ်ရေးခဲ့သည့် သစ္စာတော်ကျမ်းနီကြီးကို စံကျောင်းပေါ်တွင် ပြသထား သည်။

ရှေးဟောင်း သစ်သားကျောင်းကြီးတစ်ခုဖြစ်သော စည်ပုတ္တရာစံကျောင်း၌ ရွှေပိန်းချထားသည့် မူလတိုင်လုံး များကို မြင်တွေ့ကြရသည်။ တိုင်လုံးတစ်ခုစီ နံပါတ်များ ရေးထိုး၍ အလှူရှင်၏ အမည်များကို ရွှေစာလုံးပိုင်းများ ဖြင့် ရေးထားကာ ကျောင်းမျက်နှာကြက်တွင် ရေးခြယ်ထားသည့် ရွှေဇဝါကွက်များကို ကောင်းစွာထိန်းသိမ်းထား ရှိသည်။ အရှေ့ဘက်တိုင်များကိုရွှေများ ပြန်လည်ချထားပြီး နောက်ဘက်တိုင်များသည် မူလလက်ရာများ ဖြစ်ကြ သည်။ စည်ပုတ္တရာသည် မြို့ရိုးမြို့ရာများနှင့် စေတီပုထိုးအပျက်များ ကျန်ရှိနေသဖြင့် သမိုင်းနှင့် ရှေးဟောင်းသုတေ သနသုတေသီများ စိတ်ဝင်စားသည့် မြို့ဟောင်းတစ်ခု ဖြစ်လာခဲ့ပေသည်။ ။

မောင်သာ (ရှေးဟောင်းသုတေသန)