အလောင်းမင်းတရားနှင့် မိဖုရားခေါင်ကြီး ခေါင်းလောင်းတော်များ

၂၉  ဇန်နဝါရီ

 

သမိုင်းစဉ်ရှည်လျားခဲ့သည့် မြန်မာနိုင်ငံတွင် ရှေးဟောင်းယဉ်ကျေးမှု ဒြပ်ရှိဒြပ်မဲ့ အမွေအနှစ်များစွာသည် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့မှုများကြောင့် ယခုတိုင် ကျန်ရှိနေပေသည်။ ယင်းအမွေအနှစ်များတွင် သမိုင်းမှတ်တမ်းအထောက်အထားများ ရေးထိုးထားသည့် ခေါင်းလောင်းများလည်း ပါဝင်လျက်ရှိရာ ပုဂံ ရွှေစည်းခုံစေတီတွင် ချိတ်ဆွဲထားသည့် ဘုရင့်နောင်မင်းတရား၏ အလှူတော် ခေါင်းလောင်းတွင် ရေးထိုးထားသည့် စာသားများသည် ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရသည်။

 

မြန်မာအဘိဓာန်က ခေါင်းလောင်းဟူသည့် ဝေါဟာရကို “ကြေး၊ ငွေ စသည်ဖြင့် သွန်းလုပ်ထားသည့် လုံးပတ်ဝန်း၍ အဝကားသော တီးခတ်စရာပစ္စည်း”ဟု လည်းကောင်း၊ “အခေါင်းအတွင်းရှိ အဆန်ကိုခတ်လှုပ်၍ အသံမြည်စေသော ခွက်ပုံသတ္တုကိရိယာ” ဟု လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုခဲ့ သည်။

 

မြန်မာနိုင်ငံ မြို့ ရွာအနှံ့ရှိ စေတီပုထိုးများတွင် အရွယ်မျိုးစုံ ခေါင်းလောင်းများ ချိတ်ဆွဲလှူဒါန်းထားကြသည့်အနက် အများစုသည် ရွှေ၊ ငွေ၊ ကြေးခေါင်းလောင်းငယ်များ ဖြစ်ကြသည်။ ဘုရားစေတီများ၏ ထီးတော်များတွင် အဆန်ပါသော ခေါင်းလောင်းငယ်များကို ဆည်းလည်းများအဖြစ် ချိတ်ဆွဲပူဇော်ကြသကဲ့သို့ အဆန်မပါသော ခေါင်းလောင်းကြီးများကို စေတီတော်အဝန်းအဝိုင်းများအတွင်း၌ ချိတ်ဆွဲထားလေ့ရှိကြသည်။ မြန်မာလူမျိုးများသည် ခေါင်းလောင်းများကို လှုပ်ခတ်၍ဖြစ်စေ၊ ထိုးတံတစ်ခုခုဖြင့် ထိုး၍ဖြစ်စေ ထွက်ပေါ်လာသောအသံများကို နှစ်ခြိုက်လေ့ရှိကြပေသည်။

 

ခေါင်းလောင်းသွန်းဓလေ့

 

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့အခြားနိုင်ငံများတွင်လည်း ခေါင်းလောင်းများကို ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သတ္တု စသည့် ကျိုချက် သွန်းလောင်းနိုင်သည့် တွင်းထွက်ပစ္စည်းများဖြင့် ပြုလုပ်၍ ချိတ်ဆွဲလေ့ရှိခဲ့ကြသည်။ ခေါင်းလောင်းသွန်း လောင်းခြင်းဓလေ့ကို ခရစ်တော်မပေါ်မီ နှစ် ၂၀ဝ၀ က တရုတ်နိုင်ငံတွင် စတင်ခဲ့သည်ဟု ဆိုကြသည်။ မြန်မာ နိုင်ငံသမိုင်းတွင် ပျူခေတ်၌ ခေါင်းလောင်းသွန်းလုပ်ခဲ့သည့် အထောက်အထားတစ်ရပ်အဖြစ် ပျူမြို့ဟောင်းသရေ ခေတ္တရာမှ တူးဖော်ရရှိခဲ့သည့် ကြေးခေါင်းလောင်းကို ရည်ညွှန်းနိုင်ပေသည်။ ၁၉၆၆ -၁၉၆၇ ခုနှစ်တွင် ဆရာကြီး ဦးစိန်မောင်ဦး ဦးဆောင်သောအဖွဲ့သည် သရေခေတ္တရာတွင် တူးဖော်မှုများဆောင်ရွက်ခဲ့စဉ် ဘုရားမာစေတီ၏ အရှေ့ မြောက်ဘက် ပေ ၁၀ဝ ရှိ တူးဖော်မှုကုန်းအမှတ် (HMA -8) မှ ၁၁ လက်မအမြင့်ရှိကာ သီရိဝစ္ဆနှင့် ဘီလူးပန်းဆွဲ ပုံများပါရှိပြီး စာသားများ ရေးသားထားခြင်းမရှိသည့် ကြေးခေါင်းလောင်းတစ်လုံးကို ရရှိခဲ့သည်။ (ယင်းခေါင်းလောင်း အောက်မှ ကမ္ဘာကျော် ကချေသည်ရုပ်ငါးရုပ်ကို ရရှိခဲ့သည်။)

 

မှတ်တမ်းများအရ ကွမ်းခြံကုန်းမြို့နယ် လက်ခိုက်ကျေးရွာရှိ မြန်မာသက္ကရာဇ် ၈၀ဝ ပြည့်နှစ်ထိုး ခေါင်းလောင်းသည် မြန်မာနိုင်ငံ၏ အစောဆုံးခေါင်းလောင်းဖြစ်ပြီး ဒုတိယ အစောဆုံးခေါင်းလောင်းမှာ မော်လမြိုင်မြို့ မြသိန်းတန်စေတီရှိ မြန်မာသက္ကရာဇ် ၈၉၉ ခုနှစ်ထိုး ခေါင်းလောင်းဖြစ်၍ ဘုရင့်နောင်ခေါင်းလောင်းသည် တတိယအစောဆုံးဖြစ်သည်။ ပုဂံ သဗ္ဗညုစေတီတော်အနီးရှိ အုတ်ထောက်တိုင်ကြီး နှစ်ခုကို ထောက်ဆ၍ ပုဂံခေတ်တွင် ခေါင်းလောင်းများ သွန်းလုပ်ခဲ့ဖွယ် ရှိနိုင်ကြောင်း ယူဆကြသော်လည်း ပုဂံခေတ်လက်ရာ ခေါင်းလောင်းများကိုမူ မတွေ့ရှိကြရသေးပါချေ။ သို့သော် ပုဂံခေတ် ကျန်စစ်သားမင်းလက်ထက်တွင် ကြေးစင် ၁၀ဝ၀ စီသွန်းလုပ်သော ခေါင်းလောင်းကြီး ငါးလုံးကို ရွှေစည်းခုံဘုရားတွင် သုံးလုံး၊ အာနန္ဒာဘုရားတွင် တစ်လုံး၊ မင်းအိုချမ်းသာဘုရားတွင် တစ်လုံးလှူဒါန်းခဲ့ကြောင်းနှင့် အလောင်းစည်သူမင်း လက်ထက်တွင် ကြေးစင်တုလာ ၁၀ဝ၀ဝ ကို သွန်းသောခေါင်း လောင်းကြီးနှစ်လုံးကို သဗ္ဗညုဘုရားတွင် တစ်လုံး၊ ရွှေကူဘုရားတွင် တစ်လုံးလှူခဲ့ကြောင်း ဦးကုလား မဟာရာဇဝင်တွင် ရေးသားထားသည်။

 

မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရှိရသော ကမ္ပည်းစာများ ရေးထိုးထားသည့် ခေါင်းလောင်းသည် ၁၉၁၈ ခုနှစ်တွင် ရခိုင် ပြည်နယ် ဝေသာလီမြို့ဟောင်းအနီး ပြိုင်းထောင်းကျေးရွာမှ တွေ့ရှိခဲ့သည့် အမြင့် ၁၁ ဒသမ ၈ စင်တီမီတာ၊ အဝ ၁၀ ဒသမ ၅ စင်တီမီတာနှင့်အထူ ၁ စင်တီမီတာရှိသည့် ကြေးခေါင်းလောင်း ဖြစ်သည်။ ယင်းခေါင်းလောင်းကို ဂုဏ်ထူးဆောင် ကျောက်စာဝန် ဦးစံရွှေဘုက တွေ့ရှိခဲ့ပြီး ခေါင်းလောင်းပေါ်တွင် ရေးထိုးထားသည့် ကမ္ပည်းစာကြောင်းနှစ်ကြောင်းကို အေဒီ ခုနစ်ရာစုတွင် ရေးထိုးခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကမ္ပည်းကျောက်စာဌာနမှ ပညာရှင် ခရစ်ချ်နားရှပ်စ်ထရီက မှတ်ချက်ပြုခဲ့သည်။

 

အလားတူ ကမ္ပည်းစာရေးထိုးထားသည့် ခေါင်းလောင်း တစ်လုံးကို ၁၉၆၆ ခုနှစ်တွင် ရခိုင်ပြည်နယ် ဝေသာလီမြို့ဟောင်း အနောက်တောင်ဘက် အပြင်မြို့ရိုးအနီး ဓာတ်တော်စေတီမှ ထပ်မံရရှိခဲ့သည်။ ယင်းခေါင်းလောင်းပါ စာသားများကို အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနက အေဒီ ခြောက်ရာစုအက္ခရာ အရေးအသားများဟု ခန့်မှန်းခဲ့သည်။

 

ကုန်းဘောင်ခေတ် ခေါင်းလောင်းများ

 

မြန်မာနိုင်ငံတွင် အင်းဝနှင့် တောင်ငူခေတ်က သွန်းလောင်းခဲ့သည့် ခေါင်းလောင်းအချို့သည် နယ်ချဲ့တို့ ယူဆောင်သွားခဲ့ မှုများကြောင့် ဆုံးရှုံးခဲ့ရသည်။ နယ်ချဲ့များသည် အချို့ ခေါင်းလောင်းများကို ယင်းတို့ နိုင်ငံသို့ သယ်ယူရန် ကြိုးပမ်းခဲ့ကြရာ စဉ့်ကူးမင်း ခေါင်းလောင်းတော်ကဲ့သို့ သယ်ယူ၍ မရသော ခေါင်းလောင်းများရှိသကဲ့သို့ ပြည်ပရောက်ရှိပြီးမှ ပြည်တော်ပြန် ခဲ့သည့် ခေါင်းလောင်းများလည်း ရှိခဲ့ပေသည်။ မြန်မာနိုင်ငံတွင် ယနေ့တည်ရှိနေသည့် ရှေးခေတ် ခေါင်းလောင်းများအနက် မင်းကွန်းခေါင်းလောင်း၊ သာယာဝတီမင်း ခေါင်းလောင်းတော်နှင့် စဉ့်ကူးမင်းခေါင်းလောင်းတို့သည် အထူးထင်ရှားကြကာ ယင်းခေါင်းလောင်းများကို ကုန်းဘောင်ခေတ်တွင် သွန်းလောင်းခဲ့သည်။ သာယာဝတီမင်း ခေါင်းလောင်းတော်၊ စဉ့်ကူးမင်းခေါင်းလောင်းတော်များကို ရန်ကုန်မြို့ ရွှေတိဂုံစေတီရင်ပြင်ပေါ်တွင် မြင်တွေ့နိုင်သကဲ့သို့ မင်းကွန်း ခေါင်းလောင်းကြီးကို စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းတွင် မြင်တွေ့ ကြရပေသည်။

 

ကုန်းဘောင်ခေတ်အတွင်းက ဘုရင်များ၊ အမတ်များနှင့် ပြည်သူများသည် ဘုရားစေတီများနှင့် သာသနိက အဆောက်အအုံများစွာကို လှူဒါန်းခဲ့ကြကာ ခေါင်းလောင်းများကိုလည်း သွန်းလောင်းခဲ့ကြသည်။ ခရစ်နှစ် ၁၇၅၂ ခုနှစ်မှ ၁၈၈၅ ခုနှစ် အထိ ၁၃၃ နှစ် ကြာရှည်ခဲ့သည့် ကုန်းဘောင်ခေတ်အတွင်း အလောင်းဘုရား ဦးအောင်ဇေယျမှ သီပေါဘုရင်အထိ ဘုရင် ၁၁ ပါး စိုးစံခဲ့ရာ ဘုရင်ခုနစ်ပါးသည် သမိုင်းဝင် ခေါင်းလောင်းတော် ကိုးလုံးကို သွန်းလုပ်ခဲ့သည်။ ယင်းခေါင်းလောင်းများကို ကမ္ပည်းစာများ ရေးထိုး၍ စေတီပုထိုးများတွင် လှူဒါန်းချိတ်ဆွဲ ထားခဲ့ကြရာ ရန်ကုန်မြို့တွင် နှစ်လုံး၊ မန္တလေးမြို့တွင် နှစ်လုံး၊ ရွှေဘိုမြို့၊ စစ်ကိုင်းမြို့၊ မြန်အောင်မြို့ ၊ အမရပူရမြို့နှင့် မင်းကွန်းတွင် တစ်လုံးစီ တည်ရှိနေကြသည်။

 

ငါးမည်ရ ပြည်ရွှေဘို

 

အလောင်းမင်းတရား ဦးအောင်ဇေယျ တည်ထောင်ခဲ့သည့် ရွှေဘိုမြို့သည် ကုန်းဘောင်ခေတ် ပထမဆုံးမြို့တော်အဖြစ် မုဆိုးဖို၊ ကုန်းဘောင်၊ ရန်ကြီးအောင်၊ ရတနာသိင်္ဃ၊ ရွှေဘိုဟူ၍ အမည်ငါးမျိုးဖြင့် ထင်ရှားခဲ့သည်။ ရွှေဘိုသည် အလောင်းမင်း တရားဦးအောင်ဇေယျလက်ထက် (ခရစ်နှစ် ၁၇၅၂- ၁၇၆၀) နှင့် သားဖြစ်သူ တပယင်းမင်းလက်ထက် (ခရစ်နှစ် ၁၇၆၀- ၁၇၆၃) တွင် မင်းနေပြည်တော်ဖြစ်ခဲ့သည်။ သို့သော် ဆင်ဖြူ ရှင်မင်း(ခရစ်နှစ် ၁၇၇၃- ၁၇၇၆ ) သည် ရွှေဘိုတွင် နှစ်နှစ်နန်းစံပြီး အင်းဝသို့ ပြောင်းရွှေ့ နန်းစိုက်ခဲ့သဖြင့် ရွှေဘိုသည် ခရစ်နှစ် ၁၇၇၅ ခုနှစ်တွင် ကုန်းဘောင်ခေတ်မြို့တော်အဖြစ်မှ အဆုံးသတ်ခဲ့သည်။

 

လက်ရှိအချိန်တွင် ရွှေဘိုမြို့သည် မန္တလေးမြို့မှ မြောက်ဘက်သို့ ၇၉ မိုင်ကွာဝေးကာ မီးရထား၊ မော်တော်ကားတို့ဖြင့် အလွယ်တကူ သွားရောက်နိုင်သည်။ ရွှေဘိုမြို့နယ်ကို ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၇၂ အုပ်စု၊ ကျေးရွာ ၁၆၉ ရွာဖြင့် ဖွဲ့စည်းထားကာ ၂၀၁၇ ခုနှစ် မတ်လတွင် ထုတ်ပြန်သည့် စာရင်းများအရ လူဦးရေ ၂၆၁၈၇၅ ဦး နေထိုင်လျက်ရှိသည်။ ဧရာဝတီမြစ်နှင့် မူးမြစ်ကြားတွင်တည်ရှိသည့် ရွှေဘိုမြို့ သည် ဒီပဲယင်း၊ ခင်ဦးနှင့် ဝက်လက်မြို့နယ်တို့နှင့် ထိဆက်နေကာ ကုန်းဘောင်ခေတ် သမိုင်းအထောက်အထားများစွာ ကျန်ရှိနေသည့် ဒေသဖြစ်သည်။ ရွှေဘိုမြို့တွင် အလောင်းမင်းတရား ဦးအောင်ဇေယျ တည်ထားခဲ့သည့် မော်ဓောမြင်သာခေါ် မြို့ထောင့်၊ ရွှေချက်သိုနှင့် ရွှေတန်ဆာတို့သည် အထူးထင်ရှား သည့် စေတီတော်များဖြစ်ကြသည်။ ချမ်းသာကြီးချမ်းသာရ၊ ရွှေသိမ်ဦးနှင့် နိဗ္ဗာန်ဆိပ်ဦး စေတီတို့သည်လည်း ရွှေဘိုမြို့၏ ထင်ရှားသော ဘုရားများဖြစ်ကြသည်။

 

အလောင်းမင်းတရားသည် ရွှေဘိုမြို့ကို ကျုံး၊ မြို့၊ နန်းနှင့်၊ နတ်ကွန်း ပဟိုရ်၊ ရွှေချက်သိုက၊ ရေညိုမြဟန်နန္ဒကန်ဟု အမှတ် အသားပြုသည့်အတိုင်း နန်းတော်၊ မြို့ ၊ ကျုံး၊ နတ်ကွန်း၊ ရေကန်၊ ပဟိုရ်စင်နှင့် ရွှေချက်သို စေတီဟူသည့် မြို့နန်းတည် ခုနစ်ဌာနကို တစ်ပြိုင်တည်း တည်ခဲ့သည်။

 

အလောင်းမင်းတရား နောက်ပိုင်းတွင် စစ်ကိုင်း၊ အမရပူရ၊ အင်းဝနှင့် မန္တလေးတို့သည် ကုန်းဘောင်မြို့တော် များဖြစ်ခဲ့သော်လည်း ရွှေဘိုသည် အောင်မြေနင်းရာဌာနအဖြစ် ထင်ရှားခဲ့ကာ ဘိုးတော်ဘုရားဗဒုံမင်း၊ သာယာဝတီမင်းနှင့် မင်းတုန်းမင်းတို့သည် မင်းသားဘဝများတွင် ရွှေဘိုအောင်မြေကိုနင်းကာ ထီးနန်းကို ကြံစည်ခဲ့ကြသည်။ ယခုတိုင် ရွှေဘိုတွင် အောင်မြေကိုးဌာနရှိကာ အောင်မြေလာနင်း ကြသူများကို နေ့စဉ်တွေ့ မြင်နိုင်ကြပေသည်။ အောင်မြေများသို့ လာရောက်ကြသူများသည် မိမိတို့ ယုံကြည်မှုများအရ အောင်မြေများတွင် စိုက်ထူထားသည့် မဏ္ဍိုင်ကို ကိုးပတ်လှည့်၍ မြေကြီးကိုနင်းကာ ဆုတောင်းလေ့ရှိကြသည်။


အလောင်းမင်းတရား ခေါင်းလောင်းတော်

 

အလောင်းမင်းတရားဦးအောင်ဇေယျ (ခရစ်နှစ် ၁၇၅၃- ၁၇၆၀) သည် မုဆိုးဖိုရွာကို အခြေပြုလျက် အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ အနောက်ဘက်တွင် ရခိုင်ဒေသမပါ ချင်းပြည်နယ်၊ မြောက်ဘက်တွင် ကချင်ပြည်နယ်၊ တောင်ဘက်တွင် တနင်္သာရီ ကမ်းရိုးတန်းအဆုံး အထိကျယ်ဝန်းသော မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သည်။ ရွှေဘိုမြို့ရှိ ရွှေချက်သို စေတီဝင်းအတွင်း ချိတ်ဆွဲထားသည့် ခေါင်းလောင်းနှစ်လုံးသည် အလောင်းမင်းတရား သွန်းလုပ်ခဲ့သည့် ခေါင်းလောင်းနှင့် အလောင်းမင်းတရားကြီး၏ မိဖုရားခေါင်ကြီး၏ မယ်ယွန်းစံ လှူဒါန်းခဲ့သည့် ခေါင်းလောင်းတို့ ဖြစ်ကြသည်။ အလောင်းမင်းတရား ခေါင်းလောင်း၏ ခါးစည်းအထက် တွင် ခေါင်းလောင်းစာများကို မြန်မာဘာသာဖြင့် ရေးထိုးထားရာ ဇေယျတု၊ တရာတပါး၊ လူမျိုးများလည်း၊ ကျော်ကြားသတင်း၊ စောရန်ခွင်ကို၊ မညင်မဆန်၊ ပုံကန်မဝန်၊ စောင်မန်ညန် လျက်၊ အလွှန်ပတ်ကုန် ဇမ္ဗူလုန်ကို၊ ယူကြုန်၊ ပိုင်တော်မူ စေသော်ဝ်”(မူရင်းသတ်ပုံအတိုင်း) ဟု ဖတ်ရှုနိုင်ကြသည်။ သို့သော် လက်ရှိအချိန်တွင် နှစ်ကာလရှည်ကြာလာမှုကြောင့် စာသားများ မှေးမှိန်စပြုနေပြီဖြစ်သည်။

 

အလောင်းမင်းတရား ခေါင်းလောင်းတွင် ခြင်္သေ့၊ ကျား၊ ဆင်နှင့် နဂါးရုပ်များပါရှိကာ ယင်းအရုပ်များပတ်လည်တွင် ဥုံစတုဒီသာ အစချီသော ဂါထာကို ရေးထိုးထားသည်။ ခြင်္သေ့ရုပ်၏ ဝမ်းဗိုက်အောက်ရှိ သုံးကွက်ပတ်လည် အင်းကွက် အတွင်း၌ ပါဠိဂါထာ စကားလုံးတစ်လုံးစီကို ရေးသားထား သည်။ အလောင်းမင်းတရား၏ ခေါင်းလောင်းသည် အခြား ကုန်းဘောင်ဘုရင်များလှူဒါန်းသည့် ခေါင်းလောင်းများကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန်ကို တောင်းဆုပြုသည့် သဒ္ဒဒါနအလှူတော် မဟုတ်ဘဲ လောကီအကျိုးစီးပွားအတွက် လှူဒါန်းခဲ့သည့် ခေါင်းလောင်းဖြစ်သည်။

 

အလောင်းမင်းတရားသည် အတုလယသ မဟာဓမ္မရာဇာဓိရာဇာဂုရု ဘွဲ့တံဆိပ်တော်ရ အတုလဆရာတော် အရှင်ယသ၏ အကြံဉာဏ်များအတိုင်း တိုင်းရေးပြည်မှုများကို ဆောင်ရွက်ခဲ့ရာ ခက်ခဲသောကိစ္စများတွင် အောင်မြင်မှုများ ရရှိခဲ့သည်။ ထို့ကြောင့် အလောင်းမင်းတရားသည် မိမိ၏ ဘုန်းတန်ခိုးအာဏာကြီးထွား၍ ရန်အပေါင်းကို အောင်နိုင်ရန် ရည်ရွယ်လျက် အတုလဆရာတော်၏ òန်ကြားမှုအတိုင်း ခေါင်းလောင်းကို သွန်းလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဆရာကြီး ဦးစိန်မောင်ဦးက ကောက်ချက်ချခဲ့သည်။

 

ရွှေချက်သိုစေတီဝင်းအတွင်းရှိ အလောင်းမင်းတရား ခေါင်းလောင်းတော်သည် အမြင့် ၂၈ လက်မ၊ အချင်းဝက် ၂၅ လက်မ၊ အထူ သုံးလက်မရှိပြီး ခေါင်းလောင်းလုံးပတ်သည် အောက်ခြေတွင် ၇၇ လက်မ၊ ခါးပတ်နေရာတွင် ၆၇ လက်မနှင့် ထိပ်တွင် ၅၇ လက်မရှိသည်။ ခေါင်းလောင်းချိတ်၌ ရှစ်လက်မစီ အမြင့်ရှိသည့် ခြင်္သေ့ရုပ်နှစ်ရုပ် သွန်းလုပ်ထားသည်။

 

မိဖုရားခေါင်ကြီး ခေါင်းလောင်းတော်

 

အလောင်းမင်းတရား၏ မိဖုရားခေါင်ကြီး မယ်ယွန်းစံ၏ ခေါင်းလောင်းတော်သည် အလောင်းမင်းတရား၏ ခေါင်းလောင်းအောက် အနည်းငယ်သေးငယ်ကာ အမြင့် ၂၆ လက်မ၊ အချင်းဝက် ၂၃ လက်မ၊ အထူ နှစ်လက်မရှိပြီး လုံးပတ် အဝန်းသည် အောက်ခြေတွင် ၇၅ လက်မ၊ ခါးပတ်နေရာတွင် လက်မ ၆၀ နှင့် ထိပ်တွင် ၅၁ လက်မရှိသည်။ ခေါင်းလောင်းချိတ် ၌ ၁၁ လက်မစီ အမြင့်ရှိသည့် နရားရုပ် နှစ်ရုပ်နှင့် ၁၂ လက်မစီ မြင့်သည့် မနုဿီဟရုပ် နှစ်ရုပ်ကို ပြုလုပ်ထားသည်။ အလောင်းမင်းတရား ခေါင်းလောင်းတော်တွင် သွန်းလုပ်သည့် သက္ကရာဇ်ကို ရေးထိုးထားခြင်း မရှိသော်လည်း မိဖုရားခေါင်ကြီး မယ်ယွန်းစံ၏ ခေါင်းလောင်းတွင် မြန်မာသက္ကရာဇ် ၁၁၂၈ ခုနှစ် တော်သလင်းလဆန်း ၆ ရက်တွင် သွန်းလုပ် လှူဒါန်းခဲ့ကြောင်း ရေးထိုးထားခဲ့ရာ ယင်းရက်စွဲသည် ခရစ်နှစ် ၁၇၆၆ ခုနှစ် စက်တင်ဘာလ ၉ ရက် ဖြစ်သဖြင့် နှစ်ပေါင်း ၂၅၀ ကျော်ခဲ့ပြီဖြစ်ပေသည်။

 

မိဖုရားခေါင်ကြီး မယ်ယွန်းစံခေါင်းလောင်းတွင် အထက်ဖောင်းရစ်အပေါ်၌ ပါဠိဘာသာ ကမ္ပည်းစာသုံးကြောင်းနှင့် အောက်တွင် ပါဠိတစ်ချက်၊ မြန်မာဘာသာပြန် နိဿယတစ်ချက် ကမ္ပည်းစာ ၁၀ ကြောင်း ရေးထိုးထားသည်။ ခေါင်းလောင်းစာတွင် သာသနာသက္ကရာဇ် ၂၂၉၇ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၁၂၈ ခုနှစ် တော်သလင်းလဆန်း ၆ ရက် အင်္ဂါနေ့တွင် ပြီးစီးအောင်မြင်ကြောင်း ရေးထိုးထားသည်။ ထို့အတူ ရွှေချက်သို စေတီတော်သည် သာသနာတော် နှစ် ၅၀ဝ၀ ကြာ တည်တံ့ပါစေကြောင်းအပါအဝင် တောင်းဆုများကို ရေးထိုးခဲ့ရာ ယင်းတို့သည် ကုန်းဘောင်ခေတ်၏ သမိုင်းမှတ်တမ်း အထောက်အထားများ ဖြစ်လာခဲ့ပေသည်။

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ရွှေဘိုမြို့ရှိ မြို့ရိုးဟောင်း၊ ကျောက်စာရုံများ၊ အလောင်း မင်းတရား ပြာသာဒ်ဂူနှင့် ရွှေဘုံရတနာ မင်္ဂလာနန်းတော်တို့ ကို ထိန်းသိမ်းထားပြီး အလောင်းမင်းတရားနှင့် မိဖုရားခေါင် ကြီးတို့၏ အလှူတော် ခေါင်းလောင်းတော်နှစ်လုံးကို ရွှေချက်သို စေတီတော် ဂေါပကအဖွဲ့ စောင့်ရှောက်ထားသည်။ သို့သော် ခေါင်းလောင်းများထားရှိသည့် နေရာသည် အမိုးအကာများ မရှိသဖြင့် ခေါင်းလောင်းများသည် ရာသီဥတုဒဏ်ကြောင့် ထိခိုက်မှုများရှိလာခဲ့ကာ အလောင်းမင်းတရား ခေါင်းလောင်းတော် ခြင်္သေ့ရုပ်မှ အင်းကွက်နှင့် စာများသည် မှေးမှိန်စပြုနေကာ မိဖုရားခေါင်ကြီး မယ်ယွန်းစံခေါင်းလောင်းတွင် စာသားအချို့သည်လည်း မှုန်ဝါးစ ပြုလာခဲ့သည်။

 

မည်သို့ပင်ဖြစ်စေ ရွှေဘိုမြို့သို့ ရောက်ရှိလာကြသူများသည် ကုန်းဘောင်မင်းဆက်ကို ထူထောင်ခဲ့သည့် အလောင်းမင်းတရား ဦးအောင်ဇေယျနှင့် မိဖုရားခေါင် မယ်ယွန်းစံတို့ လှူဒါန်းခဲ့သည့် သမိုင်းအမွေအနှစ် ခေါင်းလောင်းတော်များကို သွားရောက်လေ့လာသင့်ကြပါပေသည်။

 

ကိုးကား- ကုန်းဘောင်ခေတ်လက်ရွေးစင် ခေါင်းလောင်းစာများ (ဦးစိန်မောင်ဦး)၊ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး (ဦးမောင်မောင်တင်)