ကနီ ၁၆ ဖေဖော်ဝါရီ
ကနီမြို့နယ် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းရှိ သပိတ်ဆေးစခန်းနှင့် အလောင်းတော်ကဿပ ရုပ်ကလပ်တော်တည်ရှိရာ ရင်ပြင်တော်တို့တွင် ဘုရားဖူးဧည့်သည်များ ဝင်ရောက်လေ့လာနိုင်ရန် အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်နှင့် ပတ်သက်သည့် အသိပညာပေးပြခန်းများ ဖွင့်လှစ်ပြသထားကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရုံးမှ သိရသည်။
“အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ဆိုတာ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး မန္တလေး၊ မကွေးတိုင်းဒေသကြီး စတဲ့ တိုင်းဒေသကြီး (၃)ခုက စံပြုနိုင်တဲ့ တောအမျိုးအစားလည်း ရှိတယ်။ ဒါကြောင့် ဘုရားသမိုင်းကြောင်းအရ ဘုရားဖူးလာကြသလို တောအကြောင်း၊ တောင်အကြောင်းနဲ့ ဒီဒေသမှာ ပေါက်ရောက်နေထိုင်ကြတဲ့ အကောင်တွေကို ထိန်းသိမ်းရတဲ့ ရည်ရွယ်ချက်တွေကို ဘုရားဖူးလာရင်းနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ တစ်နိုင်ငံလုံးနဲ့ဆိုင်ပါလာဆိုတဲ့ အသိတရားလေးတွေ ဝင်သွားစေနိုင်ရန် ပြခန်းဖြင့် စီစဉ်ပြသပေးထားတာ ဖြစ်ပါတယ်။ ဘုရားဖူးတွေက အလောင်းတော်ကဿပဘုရားကို ဖူးပြီးပြန်သွားကြတယ်။ ဒီတောထဲမှာ ဘယ်လိုအပင်အမျိုးအစားတွေ ပေါက်နေသလဲ၊ တောအမျိုးအစားအလိုက် ကျင်လည်ကျက်စားနေတဲ့ အကောင်တွေက ဘာကောင်တွေရှိနေသလဲဆိုတာ မသိကြဘူး၊ အဲဒါကြောင့် အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်အကြောင်းကို သေသေချာချာသိရှိစေဖို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ အများနဲ့ဆိုင်တဲ့အတွက် ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုတယ်ဆိုတဲ့ အသိတရားတွေရရှိလာစေဖို့ ပြခန်းကို ဖွင့်လှစ်ပြသ ပေးထားတာဖြစ်ပါတယ်" ဟု အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရုံးမှ ဦးစီးအရာရှိ ဦးအောင်မောင်းက ပြောသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အသိပညာပေးပြခန်းတွင် မြန်မာနိုင်ငံတွင်ရှိသော အာဆီယံ အမွေအနှစ် စာရင်းဝင်ဥယျာဉ်များ၊ ထိန်းသိမ်းရေးနယ်မြေများဖြစ်သော အမျိုးသားဥယျာဉ်၊ သဘာဝတော၊ ဘေးမဲ့တောများ၊ အမျိုးသားဥယျာဉ်အတွင်း ပေါက်ရောက်လျက်ရှိသော သစ်တောအမျိုးအစားများ၊ ကျင်လည်ကျက်စားလျက်ရှိသော တောရိုင်းတိရစ္ဆာန်များကို ကင်မရာထောက်ချောက်ဖြင့် မှတ်တမ်းတင်ထားသော ဓာတ်ပုံများ၊ ဆေးရည်စိမ် အကောင်များကို ပြသထားကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)