ယင်းမာပင် ၅ နိုဝင်ဘာ
သစ်တောဦးစီးဌာနနှင့် Global Conservation တို့ ပူးပေါင်း၍ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းရှိ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက်က ဖွင့်လှစ်ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က အမျိုးသားဥယျာဉ်များသည် အပြည်ပြည်ဆိုင်ရာ ခရီးသွားများနှင့် ဒေသခံပြည်သူများအတွက် အရေးပါသော အပန်းဖြေ အခွင့်အလမ်းများကို ဖန်တီးပေးရုံသာမက နဂိုပကတိအတိုင်း တည်ရှိနေသည့် သစ်တောများနှင့် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများအား အထိရောက်ဆုံး ကာကွယ်ပေးနိုင်သည့် နည်းလမ်းများ၊ Global Conservation သည် UNESCO သို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အမည်စာရင်းတင်သွင်းခြင်း၊ ထာဝစဉ်တည်တံ့ပြီး ဆိုးကျိုးသက်ရောက်မှုနည်းသည့် တန်ဖိုးမြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အပံ့ပေးခြင်း၊ တရားမဝင် သစ်ခိုးထုတ်ခြင်းနှင့် အမဲလိုက်ခြင်းများအား ထိရောက်စွာ တားဆီးနှိမ်နှင်းသွားနိုင်ရန်အတွက် ဥယျာဉ်ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအား နည်းစနစ်များ၊ နည်းပညာများနှင့် ယခုလို သင်တန်းများ ပံ့ပိုးပေးခြင်းဖြင့် ဥယျာဉ်အား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းထိန်းသိမ်းခြင်းနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ခြင်း စသည့် လုပ်ငန်းများအား ဆောင်ရွက်သွားနိုင်ရေး၊ ခရီးသွားလုပ်ငန်းသည် ဥယျာဉ်ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများအတွက် သုံးစွဲမည့်ငွေနှင့် ဒေသခံပြည်သူများအတွက် ရေရှည်ဝင်ငွေများ ဖန်တီးပေးနိုင်သည့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်လာစေရန်တို့ကို ရည်ရွယ်၍ ယခုလို သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် "ကမ္ဘာမြေ ထိန်းသိမ်းရေးအဖွဲ့" Global Conservation မှ Mr. James Jeffrey Morgan က သင်တန်းဖွင့်လှစ်ပို့ချမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် Freeland Thailand အဖွဲ့မှ တောတွင်းလျှို့ဝှက် သတင်းပေး ပုံရိပ်ဖမ်းကင်မရာများနှင့် တောတွင်းအသုံးပြု ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံသင်တန်းကို နိုဝင်ဘာ ၅ ရက်မှ ၁၃ ရက်အထိ ဖွင့်လှစ်ပို့ချသွားမှာဖြစ်ပြီး သင်တန်းသို့ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ ကွင်းဆင်းဝန်ထမ်း ၁၉ ဦးနှင့် ဒေသခံကင်းသား ၇ ဦး စုစုပေါင်း သင်တန်းသား ၂၆ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းဋ္ဌေးအောင်(ကနီ)
