ကနီ ၁၄ ဖေဖော်ဝါရီ
ကနီမြို့နယ် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်းရှိ သပိတ်ဆေးစခန်းနှင့် အလောင်းတော်ကဿပ ရုပ်ကလပ်တော်တည်ရှိရာ ရင်ပြင်တော်တို့တွင် ဘုရားဖူးရာသီကာလ ဘုရားဖူးဧည့်သည်များ ဝင်ရောက်လေ့လာနိုင်ရန် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်နှင့် ပတ်သက်သည့် အသိပညာပေးပြခန်း(၂)ခန်းအား ဖွင့်လှစ်ပြသထားကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရုံးမှ ဦးစီးအရာရှိ ဦးအောင်မောင်း၏ ပြောပြချက်အရ သိရသည်။
ဘုရားဖူးရာသီကာလ အနယ်နယ်အရပ်ရပ်မှ အလောင်းတော်ကဿပ ရုပ်ကလပ်တော်နှင့် ဥမင်လိုဏ် တည်ရှိရာသို့ ဘုရားဖူးဧည့်သည်များ ဘုရားဖူးလာရောက်စဉ် အမျိုးသားဥယျာဉ်အတွင်းရှိ သဘာဝ အလျောက်ပေါက်ရောက်လျက်ရှိသော သစ်ပင်အမျိုးအစားများ၊ သစ်တောအမျိုးအစားများ၊ ၎င်းတော တောင် အတွင်း ကျင်လည်ကျက်စားလျက်ရှိသော တောရိုင်းတိရစ္ဆာန်များကို လေ့လာသိရှိနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို အများပြည်သူစိတ်ဝင်စားလာစေရန် ပြခန်းများအား ဖွင့်လှစ်ပြသထားခြင်းဖြစ်ကြောင်း သိရသည်။
"အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ဆိုတာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး မန္တလေး၊ မကွေးတိုင်းဒေသကြီး စတဲ့ တိုင်းဒေသကြီး (၃)ခုက စံပြုနိုင်တဲ့ တောအမျိုးအစားလည်း ရှိတယ်။ ဒါကြောင့် ဘုရားသမိုင်းကြောင်းအရလည်းပဲ ဘုရားဖူးလာကြသလို တောအကြောင်း၊ တောင်အကြောင်းနဲ့ ဒီဒေသမှာ ပေါက်ရောက်နေထိုင်ကြတဲ့ အကောင်တွေကို ထိန်းသိမ်းရတဲ့ ရည်ရွယ်ချက်တွေကို ဘုရားဖူးလာရင်းနဲ့ နည်းနည်းပဲမှတ်မိပါစေ ပြခန်းကိုဝင်ရောက်လေ့လာမယ် ပြီးတော့ ကိုယ့်ဒေသက အခြား သူတွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ တစ်နိုင်ငံလုံးနဲ့ ဆိုင်ပါလာဆိုတဲ့ အသိတရားလေး တွေ ဝင်သွားစေနိုင်ရန် ပြခန်းဖြင့် စီစဉ်ပြသပေးထားတာဖြစ်ပါတယ်။ ဘုရားဖူးတွေက အလောင်းတော် ကဿပဘုရားကို ဖူးပြီးပြန်သွားကြတယ်။ ဒီတောထဲမှာ ဘယ်လိုအပင်အမျိုးအစားတွေ ပေါက်နေသလဲ၊ တောအမျိုးအစားအလိုက် ကျင်လည်ကျက်စားနေတဲ့ အကောင်တွေက ဘာကောင်တွေ ရှိနေသလဲဆိုတာမသိကြဘူး အဲဒါကြောင့် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အကြောင်းကို သေသေ ချာချာသိရှိစေဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ အများနဲ့ဆိုင်တဲ့အတွက် ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုတယ်ဆိုတဲ့ အသိတရားတွေရရှိလာစေဖို့ ပြခန်းကို ဖွင့်လှစ်ပြသပေးထားတာဖြစ်ပါတယ်" ဟု အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရုံးမှ ဦးစီးအရာရှိ ဦးအောင်မောင်းက ပြောပြသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အသိပညာပေးပြခန်းတွင် မြန်မာနိုင်ငံတွင် ရှိသော အာဆီယံ အမွေအနှစ်စာရင်းဝင်ဥယျာဉ်များ၊ ထိန်းသိမ်းရေးနယ်မြေများဖြစ်သော အမျိုးသား ဥယျာဉ်၊ သဘာဝတော၊ ဘေးမဲ့တောများ၊ အမျိုးသားဥယျာဉ်အတွင်း ပေါက်ရောက်လျက်ရှိသော သစ်တော အမျိုးအစားများ၊ ၎င်းသစ်တောအမျိုးအစားအလိုက် ကျင်လည်ကျက်စားလျက်ရှိသော တောရိုင်းတိရိစ္ဆာန်များကို ကင်မရာထောက်ချောက်ဖြင့် မှတ်တမ်းတင်ထားသော ဓာတ်ပုံများ၊ ဆေးရည်စိမ်အကောင်များကို ပြသထားကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)


