ကနီ ၉ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တည်ရှိသော အလောင်းတော်ကဿပ စံကျောင်းတော်နှင့် ရုပ်ကလပ်တော်တည်ရှိရာ ဦးမင်လိုဏ်ဂူတော်သို့ တပို့တွဲလဆန်း (၁၄)ရက်တွင် ညအိပ်လာရောက်ဖူးမြော်သည့် ဘုရားဖူးဧည့်သည်များနှင့် စည်ကားလျက်ရှိသည်။

တပို့တွဲလပြည့်နေ့သည် အလောင်းတော်ကဿပဘုရား ပရိတ်နိဗ္ဗာန်စံမြန်းတော်မှုသည့်နေ့ ဖြစ်သည့်အတွက် တပို့တွဲလဆန်း (၁၄)ရက်ညတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ ညအိပ်လာရောက်ကာ ဖူးမြော်ကြခြင်းဖြစ်ကြောင်း သိရသည်။

 

a2

 

“ကျွန်တော်တို့ ဒီတပို့တွဲလဆန်း (၁၄)ရက်ညနှင့် တပို့တွဲလပြည့်နေ့ဆိုရင် အနယ်နယ်အရပ်ရပ်မှ ညအိပ်ကာ ဘုရားဖူးလာရောက်သည့် ဘုရားဖူးဧည့်သည်တွေ အလွန်များပြားတတ်ပါတယ်။ ဒီနှစ်မှာ အရင်ရက်တွေကတော့ တစ်ရက်မှာ ညအိပ်လာရောက်သည့် ဘုရားဖူးဧည့်သည် ၅၀ နဲ့ ၁၀၀ ကြားသာ ရှိပါတယ်။ ဒီညမှာဆိုရင် ညအိပ် လာရောက်ဖူးမြော်သူ များပြား၍  တည်းခိုဆောင်တိုင်းမှာ လူတွေပြည့်နေပြီး ဘုရားဖူးများ ပြည့်ကြပ်ကာ အချို့ဆိုရင် မိုးကာတဲများထိုးကာ အိပ်နေကြရတာတွေ၊ ဧည့်သည်များ နားနေဆောင်များတွင် အိပ်နေကြရတာကိုလည်း တွေ့ရပါတယ်၊ ဒီနေ့မှာဆိုရင် ဘုရားဖူးဧည့်သည် ခုနစ်ထောင်ကျော် ရှစ်ထောင်လောက်အထိ လာရောက်ကြတာကို တွေ့ရပါတယ်” ဟု အလောင်းတော်ကဿပဘုရား (၄)မြို့နယ်ဂေါပက ဥက္ကဋ္ဌ ဦးအောင်ကိုလင်းက ပြောပြသည်။

အလောင်းတော်ကဿပဘုရားတွင် နှစ်စဉ် တပို့တွဲလဆန်း (၁၄)ရက်ညနှင့် တပို့တွဲလပြည့်နေ့၊ တပေါင်းလဆန်း ၁၄ ရက်ညနှင့် တပေါင်းလပြည့်နေ့များတွင် ညအိပ်လာရောက်သည့် ဘုရားဖူးဧည့်သည်များ စည်ကားသော ရက်များဖြစ်ကြောင်း သိရှိရသည်။

သန်းဌေးအောင်(ကနီ)