ယင်းမာပင် ၂၄  ဒီဇင်ဘာ

 

အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ်ဆေး-အလောင်းတော်ကဿပဘုရား ရာသီလမ်းဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ယင်းမာပင်မြို့နယ် ကသီးကုန်းကျေးရွာ မဟာဝိသုဒ္ဒါရာမကျောင်းတိုက်ဆရာတော် ဦးဝိစိတ္တ၊ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီ၊ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်၊ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ကျော်လွင်၊ ယင်းမာပင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့် ကနီမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိုက်စိုးထွန်းတို့က အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-အလောင်းတော်ကဿပဘုရား ရာသီလမ်းမုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က မုဒ်ဦးဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။

 

mdn

 

ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ပွားတော်တည်ရှိရာ နေရာသည် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ အထင်ကရနေရာတစ်ခုဖြစ်ပြီး ၎င်းရုပ်ပွားတော်တည်ရှိရာ နေရာသို့ သွားရောက်နိုင်သည့်  ကပိုင်-သပိတ်ဆေး ဘုရားဖူးရာသီလမ်း ဖွင့်လှစ်ပြီဖြစ်၍ မြန်မာပြည်အရပ်ရပ်မှ ဘုရားဧည့်သည်များ အလောင်းတော် ကဿပသို့ အချိန်မရွေးသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

 

အလောင်းတော်ကဿပ ရုပ်ကလာပ်တော် တည်ရှိရာနေရာသည် မုံရွာမြို့၏ အနောက်မြောက်ဘက် မိုင်(၆၀)ခန့်အကွာရှိ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းတည်ရှိ၍ တောတောင် အလွန်ကြီးမားသော အရပ်ဖြစ်သည့်အပြင် အာဆီယံ အမွေအနှစ်စာရင်းဝင် အမျိုးသားဥယျာဉ်ကြီး တစ်ခုလည်းဖြစ်သည်။ ခရီးသွားဧည်သည်များအတွက် မြို့ပြအရိပ်အရောင်ကင်းပြီး တောတောင်တို့၏ သဘာဝရှုခင်းများကို မော်တော်ယာဉ် စီးနင်းရင်းကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။

 

mdn

 

ထို့အပြင် အလောင်းတော်ကဿပ ရုပ်ကလာပ်တော်တည်ရှိရာ ကျောက်ဂူတော်ကိုလည်းကောင်း ခြေရာတော်၊ ရှင်သူငယ်ထွက်ပေါက်တို့ကိုလည်းကောင်း သွားရောက်ဖူးမြော်နိုင်ပြီး၊ လွမ်းစေတီကို သွားရောက်ဖူးမြော်ရင်း သပိတ်ဆေးချောင်းအတွင်း၌ သဲပုံစေတီလေးများကိုလည်း အမှတ်တရ တည်ထားနိုင်ကြောင်းနှင့် အလောင်းတော်ကဿပ ရုပ်ကလာပ်တော် တည်ရှိရာ စံကျောင်းအနီးတွင် ခင်းကျင်းရောင်းချလျက်ရှိသော အမှတ်တရပစ္စည်းများကိုလည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

 

mdn

 

အလောင်းတော်ကဿပဘုရားသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်မည်ဆိုပါက မုံရွာ-တရော်ကျင်းကပိုင်လမ်း၊ မုံရွာ - ယင်းမာပင် - ကုန်းရွာကပိုင်လမ်း၊ မုံရွာ - ယင်းမာပင် -လည်ငေါက်ကပိုင်လမ်း၊ မုံရွာ - ယင်းမာပင် - ဇီးတော - ကပိုင်လမ်း၊ မုံရွာ - ချောင်းမ - ၂၈မိုင် - သစ်ရာပင် -ကပိုင်လမ်းများ စသည့် ဘုရားဖူးလမ်းများမှတစ်ဆင့် ကပိုင်လမ်းဆုံတွင် ခေတ္တရပ်နားပြီး နေ့စဉ် နံနက် ၅ နာရီမှ ညနေ ၅ နာရီခွဲအထိ တောင်ပေါ်လမ်း ၂၁ မိုင်အတက်ကို လည်းကောင်း၊ တောင်ပေါ်မှကပိုင်အထိ နေ့စဉ်နံနက် ၅ နာရီမှ ညနေ ၅ နာရီခွဲအထိလည်းကောင်း ကားကြီးကားငယ် အသွယ်သွယ်ဖြင့် စိတ်ချမ်းမြေ့စွာ ဖူးမြော်နိုင်ရန်  ယခုနှစ်တွင် လမ်းတစ်လျှောက် ကျယ်ကျယ်ပြန့်ပြန့် ဖောက်လုပ်ထားကြောင်း သိရသည်။

 

ကပိုင်-သပိတ်ဆေး-ဘုရား ရာသီလမ်းကို ယခုနှစ်မိုးရာသီက မိုးရွာသွန်းမှုနည်းခဲ့ရာ လမ်းကြောင်း ပျက်စီးမှု အနည်းငယ်သာရှိခဲ့သဖြင့် ယခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကပိုင်-သပိတ်ဆေး-ဘုရားရာသီလမ်းအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် လည်းကောင်း၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင်ဇန်နဝါရီ ၇ ရက်နေ့တွင်လည်းကောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။          

 

ကျော်ကိုကို

 

mdn