အလောင်းတော်ကဿပသို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေး-ဘုရားရာသီလမ်းဖွင့်လှစ်

မုံရွာ ၇ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော် နှင့် ကပိုင်-သပိတ်ဆေး-ဘုရားရာသီလမ်းကို ဇန်နဝါရီလ(၇)ရက် နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်  ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့်တာဝန်ရှိသူများမှ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

 

'' ဒီနှစ်မှာက ဘုရားဖူးလမ်းဖွင့်ကာနီးမှာ မိုးရွာသွန်းမှုကြောင့် လမ်းကြောင်းပျက်စီးမှုနည်းနည်းတော့ရှိခဲ့ပါတယ်၊   ယာဉ်တွေ သွားလာဖို့အန္တရာယ်ရှိတဲ့အတွက်နောက်ကျခဲ့တာပါ၊  ဒီနေ့မှာတော့လမ်းကိုဖွင့်လှစ်ပါပြီ၊ ယာဉ်တွေ လည်း သွားလာနိုင်ပါပြီ မော်တော်ယာဉ်ကြီးတာတွေနဲ့ အင်ဂျင်ပါဝါ နည်းတဲ့ယာဉ်ငယ်တွေကိုတော့ အန္တရာယ်ရှိတဲ့ အတွက်သွားလာဖို့တော့ တားမြစ်ထားပါတယ်'' ဟု အလောင်းတော်ကဿပ ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးချိုက ပြောသည်။

 

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးယာဉ်များအနေဖြင့် အလောင်းတော်ကဿပသွားရာလမ်းကြောင်း တစ်လျောက်တွင် အကွေ့၊အကောက်၊အတက်အဆင်းများသည့် လမ်းကြောင်းအခြေအနေရ ယခင်နှစ်များနည်းတူ အလောင်းတော် ကဿပသို့ (၂၉)ပေအထက် မော်တော်ယာဉ်ကြီးများ၊ အင်ဂျင်ဆွဲအားနည်းသော ထော်လာဂျီနှင့် ခွေးဘီလူး ယာဉ်ငယ်များ တက်ရောက်ခြင်းကို တားမြစ်ထားကြောင်း သိရသည်။

 

မုံရွာမြို့မှတဆင့် အလောင်းတော်ကဿပသို့ သွားရောက်လိုသည့် တစ်ဦးချင်းသော်လည်းကောင်း၊ မိသားစုလိုက် သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်းသွားရောက်လိုသူများအနေဖြင့် မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ရွှေစည်းခုံဘုရားတောင်ဘက်ခြမ်းတွင်ယာဉ်လိုင်းအသင်း(၁၉)သင်းမှနေ့စဉ်နံနက်(၄)နာရီတွင် မှန်လုံယာဉ်ငယ်များ၊ မီနီဘတ်စ်ကားများ ဖြင့်ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။

 

အလောင်းတော်ကဿပနယ်မြေသည် မုံရွာမြို့၏ အနောက်မြောက်ဘက် မိုင်(၆ဝ)ခန့်အကွာရှိ အလောင်း တော် ကဿပအမျိုးသားဥယျာဉ်အတွင်းတည်ရှိ၍တောတောင်အလွန်ကြီးမားသောအရပ် ဖြစ်သည့်အပြင် အာဆီယံ အမွေ အနှစ်စာရင်းဝင်အမျိုးသားဥယျာဉ်ကြီး တစ်ခုလည်းဖြစ်သည်။ ခရီးသွားဧည်သည်များ မြို့ပြအရိပ် အရောင် ကင်းပြီး တောတောင်တို့၏သဘာဝရှုခင်းများကို မော်တော်ယာဉ်စီးနင်းကြည့်ရှုရင်း အလောင်းတော်ကဿပရုပ် ကလပ်ဖူးမျှော်နိုင်ပြီး ခြေရာတော်၊ ရှင်သူငယ်ထွက်ပေါက်တို့ကိုလည်း ကြည့်ရှုလေ့လာနိုင်ပြီး အမှတ်တရပစ္စည်း များကိုလည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)