၂၄ ဒီဇင်ဘာ
လူတိုင်းလူတိုင်းလွတ်လပ်မှုကို မြတ်နိုးကြသည်။ တန်ဖိုးထားကြသည်။ မလွတ်လပ်လျှင် လွတ်လပ်ခြင်းကို အလိုရှိကြသည်။ လွတ်လပ်ခြင်းကိုရရှိပါကလည်း မလွတ်လပ်မှုကို လက်မခံပေ ။ လွတ်လပ်ခြင်း အရသာကို မလွတ်လပ်သည့်အခါမှ သိရှိခံစားရသောကြောင့် လွတ်လပ်ခြင်းသည်သာ ပထမ၊ လွတ်လပ်ခြင်းသည်သာ ဒုတိယ၊ လွတ်လပ်ခြင်းသည်သာတတိယဆိုကြပြီး လွတ်လပ်ခြင်းကို ဖက်တွယ်ထားကြသည်။
လူတိုင်းကိုယ်စီလွတ်လွတ်လပ်လပ် နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် လုံးဝလွတ်လပ်သောနိုင်ငံဖြစ်ဖို့ လိုသည်။ မြန်မာနိုင်ငံသည် မလွတ်လပ်သော နိုင်ငံဘ၀တွင် နှစ်ပေါင်းတစ်ရာကျော် နေထိုင်ခဲ့ရသည်။ နှစ်ပေါင်း တစ်ရာကျော်ဟူသည် လူ့က်တမ်းတစ်ဆက်၊ နှစ်ဆက်မက ရှင်သန်ရပ်တည်နေထိုင်ခဲ့ရသောဘ၀ ဖြစ်သည်။ မလွတ်လပ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခံရခြင်း၊ သူတစ်ပါးမျက်နှာကိုပင် မော်မကြည့်ဝံ့သည့်ဘဝများတွင် အသက်ရှင် နေထိုင်ခဲ့ကြရသည်မှာ မည်မျှရင်နင့်ဖွယ်ကောင်းသနည်း။ မလွတ်လပ်သည့်ဘ၀တွင် နေထိုင်ကြည့်မှသာ မလွတ်လပ်သူတို့၏ဘဝကို ကိုယ်ချင်းစာနာခံစား ကြည့်နိုင်မည်ဖြစ်သည်။
မြန်မာမျိုးချစ်များက နှစ်ပေါင်းတစ်ရာကျော် မလွတ်လပ်သောဘဝသို့ ကျရောက်ခဲ့ရသည့် မြန်မာနိုင်ငံကို လွတ်လပ်သောနိုင်ငံဖြစ်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ကြိုးပမ်းခဲ့ရသည်မှာ လွယ်လွယ်ကူကူမဟုတ်၊ နှစ်ပေါင်းများစွာ အသက်သွေးချွေး အမြောက်အမြား ပေးဆပ်ခဲ့ရသည်။ စည်းလုံးညီညွတ်သော အခြေအနေများ၌ တွန်းလှန်နိုင်သော အင်အားစုများ ပေါ်ထွန်းလာခဲ့ပြီး စည်းလုံးညီညွတ်မှု ယိုင်နဲ့ အားနည်းသော အခါများ၌ အင်အားစုများပြိုကွဲကာ ဘေးအန္တရာယ်များ ကျရောက်ခဲ့ရသည်။ အဖျက်အန္တရာယ်နှင့် သွေးခွဲမှု အမျိုးမျိုးကြား၌ လွတ်လပ်ရေးနှင့်အလှမ်းနီးရန်မှာ မလွယ်ကူသော်လည်း တစ်ဗိုလ်ကျတစ်ဗိုလ်တက် ကြိုးပမ်းခဲ့သည်။
အမျိုးသားရေးစိတ်ဓာတ်ထက်သန်သော မျိုးချစ်မြန်မာများက ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ ဒို့ဗမာအစည်း အရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ မြေအောက်တော်လှန်ရေးအဖွဲ့ စသည့် အဖွဲ့အစည်းအမျိုးမျိုးကို နိုင်ငံရေးသမားအမျိုးမျိုးနှင့် ဖွဲ့စည်းကာ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန် ရေးဆင်နွှဲနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ နယ်ချဲ့ တို့ကို စစ်ရေးနှင့်တစ်မျိုး၊ နိုင်ငံရေးနှင့်တစ်ဖုံ အမျိုးမျိုး ကြိုးပမ်းအားထုတ်တွန်းလှန်ခဲ့ကြရာ နေ၁က်ဆုံးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အခိုင်အမာစိုက်ထူနိုင်သည့် ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် မြန်မာနိုင်ငံသည် လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့သည်။ ။
ယခုအခါ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်သည်။ လွတ်လပ်ရေး ရရှိသော်လည်း လွတ်လပ်ရေး၏ အသီးအပွင့်များကို မရရှိခဲ့ကြပါပေ။ မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းရောင်စုံ
သောင်းကျန်းမှုဒဏ်များကို ကြံ့ကြံ့ခံခဲ့ကြရသည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော လက်နက် စွဲကိုင် တိုက်ခိုက်မှုများမှာ တစ်ဆက်တည်းပါလာခဲ့ပြီး နယ်စပ်ဒေသအချို့နေရာများတွင် ယနေ့ထက်တိုင်အောင် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ မငြိမ်းချမ်းနိုင်သေးသော ဒေသများတွင် လွတ်လပ်မှုအပြည့်အ၀မရနိုင်၊ စစ်ပွဲဒဏ်ကြောင့် ပြည်သူများဒုက္ခဆင်းရဲရောက်ကြ၊ တိုက်ပွဲ ရှေးရှောင်နေကြရ ဖြစ်နေသေးသည်။
မြန်မာနိုင်ငံတွင် ပြည်သူအများစုမှာ ငြိမ်းချမ်းကြသော်လည်း မငြိမ်းချမ်းသေးသည့် ပြည်သူအနည်းစုအတွက် ကိုယ်ချင်းစာနာကြရမည်ဖြစ်သည်။ ကိုယ်ချင်းစာရေးတွင် လွတ်လပ်ရေးကို လက်ဝယ်ပိုင်ပိုင်ရရှိခဲ့စဉ်က ကမ္ပည်းမော်ကွန်း ရေးထိုးထားသော ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ မြန်မာ့လွတ်လပ်ရေးကျောက်တိုင်မှ သန္နိဋ္ဌာန်ကို ပြန်လည်သတိရအလေးအနက်ထား ရှေးရှုလုပ်ဆောင်ကြရမည်ဖြစ်သည်။
(၁) ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့်လမ်းစဉ်အတိုင်း တစ်သဝေမတိမ်း ချီတက်မည်။
(၂) ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည်စောင့်ထိန်းမည်။
(၃) ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ လွတ်လပ်သောနိုင်ငံသားတို့၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ၊ လွတ်လပ်သော နိုင်ငံတော်သား တို့၏ တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။
(၄) ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုံ့လဥဿာဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသား ညီညွတ်ရေးကို ကျောက်စိုင် ကျောက်ခဲကဲ့သို့ မြဲအောင်ထိန်းသိမ်းမည်။
(၅) ငါတို့သည်ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံသားဟူသရွေ့ကို ကြီးငယ်နီးဝေးမ တစ်သွေးတစ်သား တည်းပြု၍ နည်းနိမ့်မြင့် မရှိစေရ ညီတူညီမျှပြုမည်။
(၆) ငါတို့သည်ဤနေ့ ဤအချိန်မှစ၍ သူတစ်ပါးကိုလည်း တရားမပြု ငါတို့အားတရားပြုသည်ကိုလည်းမခံ အသက်နှင့်လဲ၍ ကာကွယ်မည်။
(၇) ငါတို့သည်ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။
(၈) ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ် စောင့်ရှောက်မည်။
(၉) လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေး တာဝန်သည် ငါတို့နှင့်တကွ ငါတို့သားမြေး နောင်လာအဆက်ဆက်တို့အပေါ်၌ တည်စေမည်။ ဤငါတို့ သစ္စာအဓိဌာန် မှန်သည့်အတိုင်း ငါတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည်တည်စေသတည်းဟူသော သန္နိဋ္ဌာန် (၉)ချက်ကို အလေးအနက်ပြု၍ ပြည်သူအားလုံး မှတ်သားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်သည်။
ရရှိပြီးသော လွတ်လပ်ရေးသည် လူတန်းစားတစ်ရပ်အတွက် လွတ်လပ်ရေးဟုတ်၊ ပြည်သူပြည်သား လူထု လူတန်းစားအားလုံးအတွက် လွတ်လပ်ရေးဖြစ်သည်။ ပြည်ထောင်စုသားလူမျိုးစုအသီးသီး၊ လူတန်းစား အသီးသီး၊ အသင်းအဖွဲ့အမျိုးမျိုးတို့ အပြင်းအထန် ကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်၍ ဤလွတ်လပ်ရေးကို ပြည်ထောင်စုသားအားလုံး၊ လူထု လူတန်းစားအားလုံး အရိုအသေအလေးအမြတ် ပြုကြရမည်ဖြစ်သည်။ လွတ်လပ်ရေးကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိပါးလာမည်ဆိုလျှင် တစ်စိတ်တစ်ဝမ်းတည်း ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ မျိုးချစ်များက အသက်သွေးချွေးပေးဆပ်၍ လွတ်လပ်သောနိုင်ငံအဖြစ်သို့ ပို့ဆောင်ပေးခဲ့သည်။ ကျွန်ုပ်တို့အားလုံးကလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တစ်သဝေမတိမ်းချီတက်ကြရမည် ဖြစ်သည်။ ကျွန်ုပ်တို့ ပြည်သူပြည်သားအားလုံးကလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိန်းကြရမည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီး၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ လုံ့လဥဿာဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေး၊ နိုင်ငံ့လွတ်လပ်ရေးကို ကျောက်စိုင်ကျောက်သားကဲ့သို့ မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံတော်သား၊ နိုင်ငံတော်သူဟူသမျှတို့ကို ကြီးငယ်မရွေး၊ အဆင့်အတန်းမရွေး၊ နီးဝေးမခြား တစ်သွေးတည်း တစ်သားတည်းအလေးထား၍ မတူကွဲပြားမှု၊ အနိမ့်အမြင့် ခွဲခြားမှုမရှိစေရဘဲ ညီတူညီမျှဖြစ်အောင် ကြိုးပမ်းအားထုတ်ရာ၌ ဒီမိုကရေစီစံနှုန်းများ မြင့်မားခိုင်ကျည် လာအောင်၊ နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံး၏ အကျိုးစီးပွားကို အညီအမျှရှေးရှု နိုင်ရေးကို ဆောင်ကြဉ်း ပေးအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး လွတ်လပ်ရေး၏ အသီးအပွင့်များကို အညီအမျှ ခံစားနိုင်ရေးအတွက် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းရေးသည် အရေးအကြီးဆုံးဖြစ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံတွင် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ကာ ဆွေးနွေးအဖြေရှာပြီး ပြည်ထောင်စု၏ အခြေခံမူများ အားလုံးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြ၊ ထာဝရငြိမ်းချမ်းရေးကို ရယူကြရမည်ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းတောင့်တသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ။
အချုပ်အားဖြင့်ဆိုရလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် လုံးဝ လွတ်လပ်သော နိုင်ငံဖြစ်အောင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများ ဆောင်ကြဉ်း ပေးခဲ့သည့် ကျေးဇူးတရားများကို သတိမူပြီး မြန်မာ့လွတ်လပ်ရေးကျောက်တိုင်တွင် ကျွန်ုပ်တို့ ဘိုးဘွားများ အဆိုပြုထားသော သန္တာန်များကို ယနေ့ကာလတွင် မျက်မှောက်ပြု၍ လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။ ။
မောင်ငြိမ်းအေး
ကိုးကားချက် - မြန်မာ့စွယ်စုံကျမ်း၊ လွတ်လပ်ရေးကျောက်တိုင်မှ ကမ္ပည်းမော်ကွန်း စာတမ်း။