နေပြည်တော် ၁၆ ဇူလိုင်
အမုန်းစကားဆိုခြင်းဟူသည် လောကကို ရုပ်ဆိုးအကျည်းတန်စေသည့် အဆိုးရွားဆုံးသော အကြောင်းရပ် များထဲက တစ်ခုဖြစ်၏။ လောကအေးချမ်းသာယာမှုကို ပျက်စီးထိခိုက်စေသော လုပ်ရပ်လည်း ဖြစ်၏။ ဒုစရိုက်အကျင့်အကြံတစ်ခု ဖြစ်ပေသည်။
မကောင်သော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကို ဒုစရိုက်ဟု ခေါ်၏။ ကာယကံအားဖြင့်ဖြစ်စေ၊ ဝစီကံ နှုတ်ပြော စကားတို့ဖြင့် ဖြစ်စေ၊ မနောကံဖြင့်ဖြစ်စေ မကောင်းသော ကျင့်ကြံပြုလုပ်ခြင်းကို ဒုစရိုက် ဟု ဆိုခြင်းဖြစ်၏။ ထိုဒုစရိုက်များထဲမှ မဟုတ်မမှန်ပြောဆိုခြင်း မုသာဝါဒ၊ ကုန်းတိုက်စကားပြောဆိုခြင်း ပိသုဏဝါစာ၊ ဆဲရေး တိုင်းထွာခြင်း ကြမ်းတမ်းသော စကားပြောဆိုခြင်း ဖရုသဝါစာ၊ အကျိုးမရှိ အနှစ်မဲ့သောစကားကိုပြောခြင်း သမ္မပ္ပလာပဟူသည့် ဝစီဒုစရိုက်လေးပါးရှိ၏။
အမုန်းစကားဆိုခြင်းတွင် နှုတ်ထွက်ပြောဆိုခြင်း၊ စာဖြင့် ရေးသားပြောဆိုခြင်း၊ အမူအရာအားဖြင့် သိသာစေခြင်း အစရှိသည် တို့သည် ဝစီဒုစရိုက်လေးပါးစလုံးဖြင့် အကျုံးဝင်နေ၏။ ထိုထိုသော အမုန်းစကားဆိုခြင်းသည် ကိုယ်ကျင့်သိက္ခာနှင့် စာရိတ္တဆိုင်ရာ၊ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေကြောင်းဆိုင်ရာအားလုံးတို့နှင့် ဆက်နွယ် ငြိစွန်းနေသည်လည်း ဖြစ်၏။
လူတစ်ဦးနှင့် တစ်ဦး၊ လူမျိုးမတူညီမှုများ၊ ကိုးကွယ် ယုံကြည်မှုနှင့် ဘာသာရေးဆိုင်ရာ ကွဲပြားမှုများကြား မုန်းတီးမှုများ ဖြစ်စေအောင်၊ မုန်းတီးမှုများ ပြန့်ပွားစေအောင်၊ မုန်းတီးမှုများ ပိုမို ကျယ်ပြန့်လာအောင် နှိုးဆွခြင်းသည် အမုန်းစကားတို့၏ အစပင် ဖြစ်ချေ၏။ လူမျိုးဖြစ်စေ၊ တိုင်းရင်းသားမျိုးနွယ်စုဖြစ်စေ၊ လိင်ခွဲခြား ခြင်းဖြင့် ဖြစ်စေ၊ ကိုးကွယ်ယုံကြည်မှုအရဖြစ်စေစသည်တို့ကိုအခြေခံ သည့် မုန်းတီးမှုကို တိုးမြင့်စေခြင်းသည် လူမှုအဖွဲ့အစည်းက လက်သင့်ခံရမည့် ပြုမူကျင့်ကြံမှု မဟုတ်ချေပြီ။
အများအားဖြင့်မူ ရေရာသေချာတိကျသော အချက်အလက်နှင့် အကြောင်းခြင်းရာများပေါ်တွင် မူတည်ခြင်း မဟုတ်ဘဲ စိတ်ခံစားမှု အတွေးအမြင်သက်သက်ကို အခြေခံ၏။ ခွဲခြားဆက်ဆံမှု၊ နှိမ့်ချလိုမှု၊ ရန်လိုမှုတို့က အစပြု၏။ မိမိ၏ တစ်ကိုယ်ရေခံစားမှုပေါ်တည်ကာ ကျင့်ကြံပြောဆိုခြင်းကလည်း အမုန်းစကားကို ပြောဆို မိစေ၏။ အမုန်းစကားဟူသည် လူမှုအဖွဲ့အစည်းအတွင်း ထားရှိအပ်သော တန်းတူညီမျှမှု၊ သူတစ်ထူး၏ ဂုဏ်သိက္ခာကို လေးစားမှုအစရှိသည့် လူမှုစံနှုန်းများနှင့် တန်ဖိုးထားမှုတို့ကို မသိကျိုးကျွန်ပြုကာ ထိပါး စော်ကားခြင်းပင် ဖြစ်၏။
ထို့ထက်ဆိုရလျှင် အမုန်းစကားတို့က ဒီမိုကရေစီကို အတွင်းမှ ထိုးဖောက်သပ်လျှို့ ဖျက်ဆီးခြင်းအမှုကို ပြု၏။ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်ဟူသည့် လူ့အခွင့်အရေး ဒီမိုကရေစီအခွင့်အရေး မတို့ကို ပြက်ရယ်ပြု၏၊ သိမ်ဖျင်းအောင်ပြု၏။
အမုန်းစကားဟူသည် သူတစ်ဦးဦးကို ထိခိုက်နစ်နာစေခြင်း၊ အန္တရာယ်ဖြစ်စေလိုသော၊ ပိုမိုမုန်းတီးစေသော၊ ထိခိုက်နစ်နာအောင် အန္တရာယ်ဖြစ်အောင် ပြောဆိုနှိုးဆွခြင်း၊ ရေးသားဖြန့်ဝေခြင်း၊ ဝါဒ ဖြန့်ခြင်းတို့သာဖြစ်၏။
ထို့ကြောင့်ပင် အမုန်းစကားဆိုသည်ကို လူမှုကျင့်ဝတ်များအရ ဖြစ်စေ၊ ဥပဒေအရဖြစ်စေ တားဆီးကြရခြင်းဖြစ်၏။ ထို့ကြောင့်ပင် အမုန်းစကားကို လူမှုအဖွဲ့အစည်းက ဆန့်ကျင်ကြရခြင်းဖြစ်၏။ မေတ္တာလွှမ်းခြုံသည့် လူမှုဝန်းကျင်ဖြစ်ရေး၊ လူအချင်းချင်း လေးစား တန်ဖိုးထားသည့် ဆက်ဆံရေးကို တည်ဆောက်ရေးတို့က ငြိမ်းချမ်း သော လောကကို ရည်မျှော်တည်ဆောက်ခြင်းလည်း ဖြစ်ပေသည်။
လူမှုအဖွဲ့အစည်းက သတ်မှတ်ထားသော ကျင့်ဝတ်စာရိတ္တနှင့် ဥပဒေစည်းကမ်းတို့ကို လိုက်နာကျင့်ကြံခြင်းဖြင့် လည်းကောင်း၊ ရှောင်ကြဉ်ရမည်တို့ကို ရှောင်ကြဉ်ခြင်းဖြင့် လည်းကောင်း အမုန်း စကား မပြန့်ပွားရေးနှင့် မေတ္တာပွားများရေးကို စောင့်ထိန်းကျင့်ကြံ ခြင်းဖြင့် နိုင်ငံငြိမ်းချမ်းသာယာခြင်းကို ထိထိရောက်ရောက် တည်ဆောက်နိုင်လိမ့်မည် ဖြစ်ပါကြောင်း။
မြန်မာ့အလင်း