၉ စက်တင်ဘာ
အရွက်လေးက ခပ်ထူထူလေးနဲ့ မြေလျှောက်ပင်လေးလိုမျိုး မြေကြီးမှာ ကပ်ပေါက်နေတဲ့ အပင်လေးကို ငယ်ငယ်က ကစားဖို့အရွက်လေးတွေ ခူးရင်း မြင်ဖူးကြမှာပါ။ ကျောက်သင်ပုန်းဖျက်ဖို့အတွက် သုံးလို့ရတယ်လို့ ပြောတာကြားဖူးမှာပေါ့။ ဒီအရွက်လေးတွေက ကျောက်သင်ပုန်းဖျက်လို့ရတယ်ဆိုတာထက်ပိုတဲ့ အာနိသင်တွေ ရှိနေတယ်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။
ကျောက်သင်ပုန်းရွက်လေးတွေက အခုလိုဆေးဖက်ဝင်ပါတယ်
ဒီအရွက်လေးရဲ့ ဆေးဖက်ဝင်မှုကို သိပ္ပံနည်းကျလေ့လာဆန်းစစ်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။
ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်
ကျောက်သင်ပုန်းရွက်မှာပါတဲ့ P.Pellucida က ကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။
ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်
ကျောက်သင်ပုန်းရွက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကက free radicals တွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်
ကျောက်သင်ပုန်းရွက်မှာပါတဲ့ patuloside A လို့ခေါ်တဲ့ ဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ရောဂါပိုးတွေအန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။
အဆစ်ရောင်နာကို သက်သာစေနိုင်ပါတယ်
အဆစ်အမြစ်ရောင်သူတွေနဲ့ ကျောက်သင်ပုန်းရွက်ကို ကျိုသောက်ပေးမယ်ဆိုရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနီးပါး သက်သာစေတာကိုတွေ့ရမှာပါ။ ဒူးနာသူတွေအတွက်လည်း သင့်တော်ပါတယ်။
သွေးတွင်း ယူရစ်အက်ဆစ်ကိုကျစေနိုင်တယ်
ကျောက်သင်ပုန်းရွက်က သွေးတွင်းယူရစ်အက်ဆစ်ကျချင်သူတွေ စားပေးသင့်တဲ့ သဘာဝဆေးတစ်မျိုးပါ။ ကျောက်သင်ပုန်းရွက်မှာပါတဲ့ allopurino က သွေးတွင်း ယူရစ်အက်ဆစ်ပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။
စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်
ကျောက်သင်ပုန်းရွက်လေးက စိတ်ဓာတ်ကျဝေဒနာခံစားနေရသူတွေအတွက် အဆင်ပြေပါတယ်။ စိတ်ကျန်းမာစေဖို့အတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုးပေါ့။
အလေ့ကျပေါက်တဲ့ ကျောက်သင်ပုန်းရွက်လေးကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူထဲ ထည့်ကျိုလို့ သောက်ပေးတာက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစေတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ၊ နို့တိုက်မေမေနဲ့ ကျောက်သင်ပုန်းရွက်နဲ့ ဓာတ်မတည့်သူတွေကတော့ မစားသင့်ပါဘူး။ အသင့်အတင့်က အဆင်ပြေပေမယ့် အရမ်းများရင် ဆိုးကျိုးရှိလာနိုင်တာကြောင့်ပါ။
ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”