ရန်ကုန် ၁၀ သြဂုတ်

အလီဘာဘာနှင့် ခိုးသားငါးယောက် ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၁၅ ရက်တွင် တစ်နိုင်ငံလုံး အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်ဖြစ်ကြောင်း ယနေ့ နံနက် ၇ နာရီက ရန်ကုန်မြို့၊ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံတွင် ပြသသည့် ရုပ်ရှင်အထူးပြပွဲမှ သိရသည်။

ဤဇာတ်ကားတွင် ဒါရိုက်တာ ပြည်ဟိန်းသီဟ၊ ဇာတ်ညွှန်း စွမ်းပိုင်၊ သရုပ်ဆောင် ဗေလုဝ၊ ဧရာ၊ ကျော်ထူး၊ ငှက်ပျောကြော်၊ ညောင်ညောင်၊ ကင်းကောင်၊ ကျင်ဝှက်၊ ဆင်မ၊ မျောက်ရှုံး၊ အောင်သော်၊ အောင်မော်၊ ကြာစိ၊ လူရွှင်တော် ၃၉ ဦး၊ ဂွမ်းပုံ၊ သရုပ်ဆောင်သစ်ညီအစ်မ ခိုင်မြတ်သဇင်၊ ပြုံးမြသွယ်တို့က ပါဝင်သရုပ်ဆောင်ထားပြီး ပြုံးရုပ်ရှင်ထုတ်လုပ်ရေးက ဟာသဇာတ်ကားအသွင် ဆံရစ်ဝိုင်းလေးတို့ရွာတွင် သွားရောက်ရိုက်ကူးထားသည်။

“ဦးဗေလုဝ အကယ်ဒမီမရခင်က ရိုက်ထားတာပါ၊ လေးနှစ်ကြာပြီ၊ ဒီကားထဲမှာ ဦးဗေလုဝက အကယ်ဒမီမရရင် ရုင်ရှင်မရိုက်ဘူးဆိုတဲ့ ရုပ်ရှင်ရူးတစ်ယောက်ပုံနဲ့ပါ၊ သဲတောထဲမှာ သွားရိုက်ရတာ ပျော်စရာပဲ၊ အမှတ်တရတွေက စက်စက်ယိုရွာမှာ နေ့တိုင်း ကြက်သားကာလသားချက် စားရတာပဲ၊ ဒီကားလေးက ဟာသကားဆိုပေမယ့် ရသစုံပါတယ်၊ ဒရာမာပါချိုးထားသေးတယ်၊ ချစ်စရာကောင်းတဲ့ တောဓလေ့ကိုပါ ရိုက်ကူးထားပါတယ်”ဟု သရုပ်ဆောင်အကယ်ဒမီ ဗေလုဝက ပြောသည်။ 

“ရုံတင်ရက်ကလဲ တိုက်တိုက်ဆိုင်ဆိုင် ခိုင်မြတ်မွေးနေ့ရက်လေးမှာ ရုံတင်ခွင့်ရလို့ ပိုပြီးပျော်ပါတယ်၊ ကျမတို့ ပထမဆုံးရိုက်ထားတဲ့ ဇာတ်ကားလေးဖြစ်လို့ လာရောက်အားပေးကြပါလို့ ပရိသတ်ကြီးကို ဖိတ်ခေါ်အပ်ပါတယ်” ဟု သရုပ်ဆောင် ခိုင်မြတ်သဇင်က ပြောသည်။ 

အလီဘာဘာနှင့် ခိုးသားငါးယောက်၏ ဇာတ်လမ်းအကျဉ်းမှာ သူခိုးငါးဦးအဖွဲ့မှာ တစ်နေ့တွင် ခိုးယူလာသည့် သေတ္တာထဲမှ ရတနာမြေပုံကို တွေ့ပြီးနောက် ထိုမြေပုံအတိုင်းသွားရောက်ကာ တူးဖော်ရန် အခက်အခဲရှိသဖြင့် သရုပ်ဆောင်ရူး ဗေလုဝကိုငှား၍ ထိုရွာတွင် တော်လှန်ရေးကားရုပ်ရှင်ရိုက်ရန် ရိုက်ကူးရေးအတုအဖွဲ့ကိုစီစဉ်ကာ ဗုံးခိုကျင်းများအသွင် ရတနာမြေပုံနေရာအား ရွာသားများကို တူးခိုင်းစေပြီး၊ ရတနာ သေတ္တာတွေ့ရှိချိန်တွင် ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေး ဥပဒေပါပုဒ်မဖြင့် ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး အပ်နှံသူရွာသားများကို ဆုငွေများပေးအပ်စေခြင်းပင် ဖြစ်သည်။

ကျားဝမ်ရှင်း