တင်ဝင်းလေး(ကြည့်မြင်တိုင်)၊ဓာတ်ပုံ-ကိုကြီးတင်

 

ရန်ကုန် မြို့လယ်၌ ဦးစွာသော ရန်ကုန်ဘူတာကြီးမှာ ယခုလက်ရှိ တည်ရှိနေသော ဘူတာရုံ ကြီးမဟုတ်သေးပါ။ ယနေ့တည်ရှိနေ‌သော ဘူတာရုံကြီး၏ တောင်ဘက် ပန်းဆိုးတန်း လမ်းထိပ်နားတွင် ဖြစ်သည်။


၁၉၁၁ ခုနှစ်ကျမှသာ ဒုတိယ ရန်ကုန်ဘူတာရုံကြီးအဖြစ် လက်ရှိနေရာသို့ ပြောင်းရွှေ့ တည်ဆောက်ခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။


ဒုတိယကမ္ဘာစစ်အတွင်းဖြစ်၍ မကြာခဏ ဗုံးဒဏ်ခံခဲ့ရသည်ဟု ဆိုသည်။ ဗုံးဒဏ်ကြောင့်ပင် အနောက်ဘက်တစ်ခြမ်းလုံး ပျက်စီးခဲ့ရသည်ဟု နှစ် ၁၀၀ ပြည့် မီးရထားမဂ္ဂဇင်း၌ ဖတ်ရှုခဲ့ရသည်။


ဘူတာရုံကြီး ပုံစံသစ်ကို ရေးဆွဲ


ထိုစဉ်က မီးရထားရုံးချုပ်ရုံးစိုက်ရာမှာ အိန္ဒိယနိုင်ငံ ဆင်းမလားမြို့တွင်ဖြစ်သည်။ ထိုရုံးချုပ်မှ ရန်ကုန်မြို့ရှိ အင်ဂျင်နီယာ ဦးလှသွင်အား ဘူတာရုံကြီး ပုံစံသစ်ကို ရေးဆွဲ စေလျက် တင်ပြမှုကို ၁၉၄၆ ခုနှစ် မေ ၇ ရက်တွင် အတည်ပြုပေးခဲ့သည်။


မြန်မာမှုနှင့်ပတ်သက်၍ မြန်မာ့ဗိသုကာ ပညာရှင် စည်သူဦးတင်အား တာဝန်ယူပေးအပ်ခဲ့သည်။
ဆရာကြီး စည်သူဦးတင်ကလည်း မြန်မာမှု အနုလက်ရာပညာကို အစွမ်းကုန်ပြသခဲ့သည်။ အတက်အဆင်းလေးနေရာအထွက် အထိပ်၌ အင်္ဂတေပန်းတို့ဖြင့် ဘုံငါးဆင့် စုလစ် မွမ်းချွန်တို့ဖြင့် ပုံဖော်ခဲ့သည်။ အင်္ဂလိပ် အင်ဂျင်နီယာများကပင် ချီးကျူးမှုခံခဲ့ရသည်ဟု ကြားသိရဖူးသည်။


မြန်မာ့လွတ်လပ်ရေးမရမီ တစ်နှစ်စော၍ ၁၉၄၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ပြီးစီး၍ ယင်းနှစ် ဇွန်လ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။


ခံ့ညားထည်ဝါလှ


အဆောင်ကြီးအားဖြင့် သုံးဆောင်ရှိပြီး ကျယ်ဝန်းလှသည့်အပြင် ထိုစဉ်အချိန်အခါက တွက်ချက်မှု၊ ပစ္စည်းသုံးမှုတို့ကြောင့် အလွန်ထုထည်ကြီးလျက် များစွာခံ့ညားထည်ဝါလှပေသည်။ ယခုအခါ တည်ဆောက်မှု သက်တမ်း မှာ ၆၅ နှစ်တာ ကာလရှိသေးသည်ဖြစ်ရာ နောင်နှစ်ပေါင်းများစွာ အရှည်ခိုင်ခံ့နေဦးမည် သာဖြစ်ပေသည်။


တစ်ဖန် မြန်မာမှုလက်ရာတို့ဖြင့် ဝံ့ကြွားဂုဏ်ထည်ဝါစွာရှိနေသော ရန်ကုန်ဘူတာကြီးကို အလှတွင် အယဉ်ဆင့်ဆိုသည့် စကားနှင့်အညီ ဘူတာကြီးရှေ့ ပန်းခြံငယ်လေးအတွင်း၌ မြန်မာတို့ ဓလေ့ရိုးရာယဉ်ကျေးမှု မြန်မာ့သင်္ကြန်ကို ထင်ဟပ်စေသည့် ကြေးသွန်းရုပ်တုနှစ်ခုကို တည်ဆောက်ထားခြင်းပင်ဖြစ်သည်။


မြန်မာအမျိုးသမီးငယ် လုံမပျိုအား ငယ်ရွယ်သော လုလင်တစ်ဦးက ရေဖလားဖြင့် ရေလောင်းနေခြင်းပင်ဖြစ်သည်။ အသက်ဝင်လှပေသည်။ ဟန်ပန်အမူအရာအချိုးအစားမှာ တကယ့်လူနှစ်ဦး သက်ဝင်နေသည့်ဟန်ပင် ဖြစ်သည်။

 

mdn


လှစ်ဟ‌ဖော်ပြနေ


နှစ်ဦးစလုံး၏ကိုယ်၌ သင်္ကြန်ရေများ စိုရွှဲနေသည်။ ဝတ်ဆင်ထားသော အဝတ်အစားများက ရေစီးကြောင်းအရ အတွန့်အလိပ်တို့ဖြင့် ပန်းပုဆရာ (ကြေးသွန်းဆရာ)၏ ပညာအစွမ်းကို လှစ်ဟ‌ဖော်ပြနေသည်။


ကြေးသွန်းရုပ်အောက်ခံ ကျောက်တုံးကြီးပေါ်မှ ကမ္ပည်းမှတ်တမ်းကို ဖတ်ကြည့်ရာ ပန်းပုနှင့် ကြေးသွန်းပညာရှင် ဆရာကြီး ဦးဟန်တင်၏ လက်ရာမှန်းသိလိုက်ရသည်။ ကွယ်လွန်ခဲ့ပြီ ဖြစ်သော်လည်း ဆရာကြီး၏ အနုပညာကား ရှင်သန်လျက်ပင်ဖြစ်သည်။


ထိုကြေးသွန်းရုပ်ကို ၁၉၈၉ ခုနှစ် စက်တင် ဘာ ၁ ရက် မှ စတင်ပုံဖော်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြီးစီး၍ ၁၉၉၀ ပြည့်နှစ် မတ် ၄ ရက်တွင် ဖွင့်လှစ် ခဲ့သည်ဟု ဖော်ပြထားသည်။ အသုံးပြုခဲ့သည့် ကြေးပိဿာချိန်ပေါင်းမှာ ၁၅၅၅ ပိဿာနှင့် ၅၆ ကျပ်သားဟု သိရသည်။


ဆိုချင်သည်မှာ ယနေ့လက်ရှိ ရန်ကုန် ဘူတာကြီးမှာ မြန်မာ့ယဉ်ကျေးမှုအနုပညာကို ဂုဏ်တင့် ထင်ဟပ်စေသကဲ့သို့ ဘူတာရုံကြီးရှေ့ရှိ သင်္ကြန်မောင်မယ် ကြေးသွန်းရုပ်တုမှာလည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် အထင်းသားရှိနေပြီး ဖြစ်ပေသည်။ ဝိုင်းဝန်းစောင့်ထိန်းကြရန်သာ အထူးလိုအပ် ပေသည်။ ယခုလက်ရှိဘူတာရုံကြီးကို အဆင့် မြှင့်တင်တော့မည်ဟု သတင်းများ ထွက်ပေါ်လာပြီဖြစ်သည်။ မြန်မာ့မီးရထားဌာနမှ တာဝန်ရှိသူများကလည်း တရားဝင်ရှင်းလင်း ပြောကြားမှုများလည်း ရှိနေပြီဖြစ်သည်။


တင်ဒါအောင်မြင်ပြီးမှ အကြောင်း မညီညွတ်၍ ထွက်သွားသည့် ကုမ္ပဏီနေရာတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Sumitomo က ဝင်ရောက်လာသည်ဟု သိရသည်။

 

စာချုပ်ချုပ်ဆို


မူလတရုတ်နိုင်ငံမှ Sino Great wall ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ Min Dhama ကုမ္ပဏီတို့ ပူးပေါင်းထားသည့် Oxley Holding ကုမ္ပဏီ သည် လာမည့် ၂၀၂၀ ပြည့်နှစ်အတွင်း၌ မြန်မာ့ မီးရထားနှင့် စာချုပ်ချုပ်ဆိုပြီး ရှစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဟု သိရသည်။


“စီမံကိန်းပုံစံတွေကတော့ အရင်အတိုင်းပါပဲ။ ပုံစံမပြောင်းလဲပါဘူး။ အရင်ပါဝင်ပြီးသား အဖွဲ့တွေအကြားမှာ ထပ်ပါဝင်လာတဲ့အတွက် ပုံစံပြောင်းလဲဆောင်ရွက်မှုမျိုး မရှိပါဘူး” ဟု မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောသည်။


စီမံကိန်းအကျယ်အဝန်းမှာ ၆၃ ဒသမ ၅ ဧက ရှိပြီး ကြမ်းခင်းဧရိယာမှာ စတုရန်းမီတာ ၁ ဒသမ ၁၉ သန်း ဖော်ဆောင်သွားမည်ဟု သိရသည်။ တည်ဆောက်သည့်နေရာကို တိကျစွာဆိုရသော် တောင်ဘက်တွင် ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ မြောက်ဘက်တွင် ဗိုလ်မင်းရောင်လမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်း၊ အရှေ့ဘက်တွင် သိမ်ဖြူ လမ်းတို့အကြား မြေနေရာဖြစ်သည်။


တည်ဆောက်ရာ၌ ရုံးခန်းများ၊ ဟိုတယ် များ၊ ကွန်ဒိုများဖြင့် ဝန်းရံလျက် အလယ်တွင် ဘူတာရုံသစ်ကြီး ဖြစ်ပေါ်လာ၍ လက်ရှိဘူတာ ရုံကြီး၏ဘေးတွင်လည်း ရှိနေဟုသိရသည်။ ယင်းစီမံကိန်းကြီး ပြီးစီးသွားပါက မြန်မာ့မီးရထားအနေဖြင့် တစ်လလျှင် အမေရိကန်ဒေါ်လာ လေးသန်းအထိ ဝင်ငွေရှိလာနိုင်သည် ဟု ဆိုထားသည်။


နိုင်ငံခြားကုမ္ပဏီများက ဦးဆောင်ဒီဇိုင်းဆွဲ တည်ဆောက်ကြခြင်းဖြစ်၍ ကမ္ဘာ့အဆင့်မီ ခေတ်မီလှပသော ဘူတာရုံသစ်ကြီး ဖြစ်ပေါ်လာမည်ဟု မျှော်မှန်းမိရာ ဝမ်းသာမိပါသော်လည်း မြန်မာတို့ကိုယ်တိုင် ဒီဇိုင်းဆွဲ၊ မြန်မာဗိသုကာပညာဖြင့် မွမ်းမံအလှဆင်ခဲ့သော အလှကို ပြိုင်ကြသူတို့ နိုင်ပါ့မလားဟု အတွေး စိတ်ကူးများက ပျံ့လွင့်လျက်။ ။

 

မြန်မာ့အလင်း